စစ်ကိုင်းတွင် ငလျင် လှူဒါန်းပစ္စည်းများကို စစ်ကောင်စီလက်အောက်ခံများ ယူဆောင်

စစ်ကိုင်းတွင် ငလျင် လှူဒါန်းပစ္စည်းများကို စစ်ကောင်စီလက်အောက်ခံများ ယူဆောင်
စစ်ကိုင်းမြို့ရှိ မြို့ပေါ်ရပ်ကွက်နှစ်ခုတွင် ယနေ့ ဧပြီ ၁ ရက်၌ ငလျင်ဘေးသင့်ဒေသခံများအတွက် လာရောက်လှူဒါန်းသည့်ပစ္စည်းများကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ပျူစောထီးများက လာရောက်ယူဆောင်သွားသည်ဟု ဒေသခံများကပြောသည်။ ဓာတ်ပုံ – CJ
စစ်ကိုင်းမြို့ရှိ မြို့ပေါ်ရပ်ကွက်နှစ်ခုတွင် ယနေ့ ဧပြီ ၁ ရက်၌ ငလျင်ဘေးသင့်ဒေသခံများအတွက် လာရောက်လှူဒါန်းသည့်ပစ္စည်းများကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ပျူစောထီးများက လာရောက်ယူဆောင်သွားသည်ဟု ဒေသခံများကပြောသည်။ ဓာတ်ပုံ – CJ

စစ်ကိုင်းမြို့၊ မြို့ပေါ်ရပ်ကွက်နှစ်ခုတွင် ယမန်နေ့ (ဧပြီလ ၁ ရက်) ၌ ငလျင်ဒဏ်သင့် ဒေသခံများအတွက် လာရောက်လှူဒါန်းသည့် ပစ္စည်းများကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ပျူစောထီးများက အခြားနေရာ၌ ဝေပေးမည်ဟုဆိုကာ လာရောက်ယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

ငလျင်ဘေးသင့်ခဲ့ရ၍ အခက်အခဲဒုက္ခ ကြုံတွေ့နေကြရသည့် စစ်ကိုင်းဒေသခံများအတွက် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ရေနှင့် စားစရာများ လာရောက်လှူဒါန်းကြခြင်းဖြစ်သည်။

လှူဒါန်းပစ္စည်းများ လုယူခံရသည့် ရပ်ကွက်နှစ်ခု၏အမည်ကို မဖော်ပြရန် မဇ္ဈိမ၏ သတင်းရင်းမြစ်က မေတ္တာရပ်ခံထားသည်။

ထိုရပ်ကွက်မှ ဒေသခံများကို စစ်ကောင်စီက ထပ်မံ၍ လာရောက်ရန်ရှာမည်ကို စိုးရိမ်၍ ဟုလည်း ၎င်းက ပြောသည်။

“ပစ္စည်းလာဝေတာကို ကားနဲ့လာတားပြီး ပစ္စည်းတွေကို တခြား နေရာဝေပေးမယ်ဆိုပြီး လာသိမ်းသွားပါတယ်။ မန္တလေးဘက်က လာလှူတာပါ။ ကားနဲ့ ဝင်လာတယ်။ လေး၊ ငါးယောက်ပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ပစ္စည်းတွေ၊ စောင်တွေ၊ ခြင်ထောင်တွေကို ဓာတ်ပုံအရိုက်ပြတယ်။ ပြပြီးတော့ ပစ္စည်းတွေပြန်သိမ်းသွားတယ်” ဟု စစ်ကိုင်းဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

စစ်ကိုင်းတိုင်းရှိ အခြားမြို့နယ်များမှ စစ်ကိုင်းမြို့သို့ လာရောက်ကူညီလိုသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာ ဝင်ခွင့်ပြုကြောင်းဆိုသည်။

စစ်ကိုင်းမြို့၌ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားသည့် အင်အားကြီးငလျင်ကြောင့် မြို့၏ ၈၀ ရာခိုင်နှုန်းခန့်သည် ပျက်စီးသွားခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

မြို့ခံလူထုအများအပြားသည် နေအိမ်ပျက်စီးဆုံးရှုံးထား၍ လမ်းမများ၊ ဘောလုံးကွင်းများနှင့် ကွင်းပြင်များ၌သာ အမိုးအကာမဲ့နေထိုင်နေကြရပြီး သောက်သုံးရေမှအစပြု၍ စားနပ်ရိက္ခာအကူအညီ အရေးတကြီး လိုအပ်နေချိန်ဖြစ်သည်။

ထို့ကြောင့် အနယ်နယ်အရပ်ရပ်ရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အလှူရှင်များသည် တနိုင်အပိုင်ငွေအင်အား၊ လူအင်အားစု‌ဆောင်း၍ မတ်လ ၃၁ ရက်မှစတင်ကာ စစ်ကိုင်းမြို့သို့ သွားရောက်လှူဒါန်းနေကြသည်။

သို့သော် စစ်ကိုင်းတောင်ရိုးရှိ အချို့သော ဒေသများ၌ အလှူရှင်ရောက်ရှိမှုနည်းပါး၍ သောက်သုံးရေပင်ခက်ခဲလျက်ရှိကြောင်း သိရသည်။

မြို့ပေါ်ရှိ ပြိုကျအဆောက်အအုံများအောက်ပိတ်မိနေသည့် သေဆုံးရုပ်အလောင်းများကိုလည်း ယမန်နေ့ (ဧပြီလ ၁ ရက်နေ့) ငလျင်လှုပ်ပြီး ၄ ရက်ကျော်ကြာမြင့်သည်အထိ ထုတ်ယူ၍ မပြီးစီးသေးကြောင်းနှင့် မြို့ပေါ်၌ ထိုရုပ်အလောင်းများထံမှ ဆိုးရွားသောအနံ့အသက်များရရှိနေကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် နောက်ဆက်တွဲငလျင်များလည်း ဆက်လက်လှုပ်ခတ်နေဆဲဖြစ်၍ မြို့ခံများမှာ ကြောက်လန့်စိုးရွံမှုများဖြင့်နေထိုင်နေကြရကြောင်း စစ်ကိုင်းဒေသခံများထံက သိရသည်။

မတ်လ ၂၈ ရက်နေ့က မန္တလေးနှင့်စစ်ကိုင်းမြို့အနီးဗဟိုပြုခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားကြီးငလျင်ကို လူဦးရေ ၈,၅၆၂,၅၅၅ ဦးခန့် တိုက်ရိုက် ထိခိုက်ခံစားခဲ့ကြရပြီး သေဆုံးသူ ၂,၃၉၅ ဦးရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) က ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ ယမန်နေ့ ဧပြီလ ၁ ရက် နံနက် ၈ နာရီထုတ်ပြန်ချက်၌ ငလျင်ကြောင့် သေဆုံးသူ ၂,၇၁၉ ဦး၊ ဒဏ်ရာရရှိသူ ၄,၅၂၁ ဦးနှင့် ပျောက်ဆုံးနေသူ ၄၄၁ ဦးရှိကြောင်းဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ရပုံ။) (ဓာတ်ပုံ – UNICEF)
April 4, 2025
မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်မှုနဲ့ ပြည်တွင်းပဋိပက္ခများကြောင့် နိုင်ငံအတွင်း...
မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အား ပြင်း ငလျင်ကြောင့် ကျောက်ဆည်မြို့တွင် ပြိုကျပျက်စီီးသွားသည့် အ ဆောက် အဦးများကို တွေ့ ရစဉ်။ (ဓါတ်ပုံ – Pyae Gyi လူမှုကွန်ယက်စာမျက်နှာ)
April 1, 2025
စစ်ကိုင်းမြို့ အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊...
မြန်မာနိုင်ငံတွင် သောကြာနေ့က လှုပ်သွားသော ဖျက်အားပြင်း ငလျင်သည် နိုင်ငံအတွက် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး ငလျင် ဖြစ်နိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။
March 31, 2025
မြန်မာနိုင်ငံတွင် သောကြာနေ့က လှုပ်သွားသော ဖျက်အားပြင်း ငလျင်သည် နိုင်ငံအတွက်...
March 31, 2025
ပုံအညွှန်း - မန္တလေးမြို့ရှိအဆောက်အဦတခုမှ ရုပ်အလောင်းတလောင်းကို ကယ်ဆယ်သူများက ဆွဲထုတ်နေပုံ...