မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးမြို့အနီးတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် တစ်နိုင်ငံလုံးတွင် ကယ်ဆယ်ရေးများ လုပ်ဆောင်နေချိန် ယခုကဲ့သို့ တိုက်ခိုက်မှုများ ဆက်လုပ်နေခြင်း ဖြစ်သည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ စုဆောင်းထားသောအချက်အလက်များအရ ငလျင်စလှုပ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်။
မတ်လ ၂၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ပဲခူးတိုင်း ဖျူးမြို့နယ်နှင့် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မတ်လ ၃၁ ရက်နေ့တွင်လည်း နောင်ချို၊ ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “စစ်ကောင်စီကတော့ ဗန်းမော်ကို ဗုံးကြဲတာ မှန်ပါတယ်။ ဒါက ထူးခြားတာတော့မရှိပါဘူး။ ဒါပေမဲ့ ငလျင်ဒဏ်ကြောင့် အားလုံးခံစားနေရချိန်မှာ အခုလို ဗုံးလာရောက်ကြဲချတာက လူသားချင်းစာနာမှုမရှိတာကို ပြနေတာပဲ။ ကျွန်တော်ကတော့ ဒီလိုပဲပြောချင်ပါတယ်နော့်” ဟု ပြောသည်။
လက်ရှိတွင် ငလျင်ဒဏ်ကြောင့် မြန်မာပြည်သူ ၃၀၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး နိုင်ငံတကာအကူအညီဖြင့် ကူညီကယ်ဆယ်ရေးများကို ဆက်လက်လုပ်ဆောင်နေသည်။
သို့သော်လည်း ငလျင်စတင်လှုပ်ခတ်ခဲ့သည့်အချိန်မှ စတင်ကာ စစ်ကောင်စီတပ်၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မြေပြင်၌ မတွေ့ရပေ။
မန္တလေးမြို့တွင် ငလျင်ဘေးသင့်ပြည်သူများအတွက် အကူအညီများ ဆောင်ရွက်ပေးနေသူ မသူဇာက စစ်ကောင်စီ ဗုံးကြဲနေရ၍ ငလျင်ဘေးမကူနိုင်ဘူးလားဟု မေးခွန်းထုတ်သည်။
“တကယ်တော့ကျွန်မတို့မှာ လိုအပ်နေတာအများကြီးပဲ။ ကယ်ဆယ်ရေးမလုပ်တတ်လို့ မလုပ်နိုင်ဘူးဆိုရင် ဒီကနေ လွတ်လာတဲ့လူတွေ လမ်းမပေါ်မှာအများကြီးရှိတယ်။ ဒီလူတွေအတွက် အစားအသောက်လိုတယ်။ ရေလိုတယ်။ နောက်ဆုံးရှင် ဒီအလောင်းတွေကို ဖယ်ရှားဖို့ လိုတယ်။ ဒါတွေကို သူတို့ကိုယ်သူတို့ အစိုးရပါဆိုတဲ့ စစ်ကောင်စီက ဘာလုပ်နေလဲ။ ဗုံးကြဲမပြတ်ဘူး။ အဲ့တာကြောင့် သူမအားလို့ လာမကူနိုင်တာလို့ပဲ ကျွန်မထင်တယ်” ဟု မှတ်ချက်ပြုသည်။
ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုများရှိနေချိန် စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့်လည်း လူ ၂ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
၎င်းပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာများတွင် စစ်ကောင်စီက လက်နက်ကိုင်ကာ လုံခြုံရေးယူနေသော်လည်း ပြည်သူများအတွက် ကူညီမှု မရှိကြောင်း ဒေသခံများက ပြောသည်။
NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ယခုလို အချိန်ကာလတွင် လေကြောင်းတိုက်ခိုက်မှု မလုပ်ဆောင်သင့်ကြောင်း မှတ်ချက်ပြုသည်။
“ကျွန်တော်တို့ကတော့ဗျာ ဒီအချိန်မှာ ပြည်သူကအရေးကြီးတယ်ဆိုတာကို သိသင့်တာပေါ့။ ပြည်သူတွေ ဒီလောက် သေကြေပျက်စီးနေတဲ့အချိန်မှာ ဒီလိုလုပ်ရပ်မျိုးက လုံးဝ မလုပ်ဆောင်သင့်ဘူးလို့ပဲ ပြောချင်တယ်” ဟု မှတ်ချက်ပြုသည်။
အမျိုးသားညီညွတ်ရေးအစိုးရက လက်ရှိ ငလျင်ဘေးဒဏ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် နိုင်ငံတဝှမ်းရှိ ထိုးစစ်များကို နှစ်ပတ်ကြာ ရပ်နားကြောင်း ထုတ်ပြန်ထားသလို ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် လုပ်နိုင်ရန်အတွက်ဆိုပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ကလည်း ဧပြီလ ၁ ရက်နေ့ကစပြီး တစ်လကြာ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသည်။