မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်မှုနဲ့ ပြည်တွင်းပဋိပက္ခများကြောင့် နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာခဲ့ရသူ ၃ ဒသမ ၅ သန်းကျော်ရှိကြောင်း Scoop World သတင်းတွင် ဖော်ပြထားသည်။
ကလေးသူငယ်များနှင့် မိသားစုများသည် ရှင်သန်ရပ်တည်နိုင်ရန် ရုန်းကန်နေရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ မရရှိသည့်အပြင် ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာများကို ဆိုးဆိုးရွားရွားခံစားနေကြရကာ အနိုင်ကျင့်စော်ကားခံရမှုများ ကြုံတွေ့ရနိုင်သည့် အန္တရာယ်ရှိနေသည်။
စားနပ်ရိက္ခာ၊ သန့်ရှင်းသော သောက်သုံးရေနှင့် ကောင်းမွန်သော အညစ်အကြေးစွန့်ပစ်မှုစနစ်များ မရှိသောကြောင့် လာမည့်ရက်သတ္တပတ်များအတွင်း ဆိုးရွားသော ကျန်းမာရေးပြဿနာများ ရှိလာနိုင်သည့်အတွက် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၃ ပုံ ၁ ပုံသည် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သောငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ကလေးငယ်များ၊ မိသားစုများနှင့် ကွဲကွာနေသော ကလေးငယ်များသည် အလွဲသုံးစားမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရနိုင်မှု အန္တရာယ် ပိုများလာနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းဖြစ်သည့် World Vision အဖွဲ့က သတိပေးထားသည်။
မြေငလျင်ဒဏ် အများဆုံးခံစားခဲ့ရသည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နောက်ဆက်တွဲငလျင်များနှင့် အဆောက်အအုံများ ထပ်မံပြိုကျမည်စိုး၍ ပြည်သူအများအပြားသည် နေအိမ်ပြင်ပတွင်သာ အိပ်စက်နေကြရသည်။
ရေသန့်၊ ကောင်းမွန်သော အညစ်အကြေးစွန့်ပစ်မှုစနစ်နှင့် အရေးကြီး ဝန်ဆောင်မှုများကို လက်လှမ်းမီ ရရှိနိုင်ရန် ရုန်းကန်နေရစဉ် ငလျင်ကြောင့် ပြည်သူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
နိုင်ငံရှိ လူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲနွမ်းပါးပြီး လူပေါင်း ၃ ဒသမ ၅ သန်းခန့်သည် ပြည့်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ကြီးမားသော လူသားချင်းစာနာထောက်မှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။
အဆိုပါ ငလျင်သည် မြန်မာနိုင်ငံရှိ ရုန်းကန်နေရသော ကလေးသူငယ်များနှင့် မိသားစုများအတွက် ဆိုးရွားသော ထိုးနှက်ချက်ဖြစ်ကြောင်း World Vision New Zealand အဖွဲ့မှ ညွှန်ကြားရေးမှူး ဂရန့် ဘေလ်ဒန်က ပြောကြားခဲ့သည်။
“ဒါဟာ အကျပ်အတည်းတွေထဲမှာမှ အဆိုးရွားဆုံး အကျပ်အတည်းဖြစ်ပါတယ်။ ငလျင်မလှုပ်ခင်ကတည်းက မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ လူ့အသိုက်အဝန်းဟာ အကြီးအကျယ် ဒုက္ခရောက်နေကြရတာပါ။ ငလျင်လှုပ်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ဒုက္ခက ပိုကြီးလာပါတယ်။ ၎င်းတို့ဟာ လူသားချင်းစာနာမှု အကူအညီတွေ အလွန်အမင်း လိုအပ်နေပါတယ်။ လတ်တလော လိုအပ်ချက်တွေအတွက် ပံ့ပိုးပေးရုံသာမကဲ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တာတွေကို ပြည်လည်ထူထောင်နိုင်စွမ်းနဲ့ လုပ်ကိုနိုင်တဲ့အနေအထားရှိအောင် ကူညီပေးဖို့ လိုပါတယ်” လို့ ၎င်းက ဆိုသည်။
“သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါ ကလေးငယ်တွေဟာ အမြဲတမ်း အန္တရာယ်ကြုံနေချိန် အများဆုံးသူတွေ ဖြစ်ပါတယ်” လို့ World Vision Myanmar ညွှန်ကြားရေးမှူး ဒေါက်တာ ကြည်မင်းက ပြောကြားခဲ့သည်။
“အခုချိန်မှာ အရေးပေါ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ချက်တွေဟာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့ အရေးပေါ် လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဓိကထားနေကြတာ ဖြစ်ပေမဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကိုလည်း ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်ရပါမယ်” လို့ ဒေါက်တာကြည်မင်းက ဆက်ပြောသည်။
“ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်နဲ့ အခြားအရေးပေါ်အခြေအနေကြောင့် ကလေးငယ်တွေဟာ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ အလွဲသုံးစားပြုမှုနဲ့ လျစ်လျူရှုပစ်ပယ်ခံရမှု အန္တရာယ်တွေနဲ့ ကြုံရနိုင်ခြေ ပိုများလာပါတယ်။ အကာအကွယ်နဲ့ ကူညီထောက်ပံ့မှု အမှန်တကယ်လိုအပ်နေတဲ့ ကလေးငယ်တွေကို အခွင့်ကောင်းယူဖို့ ချောင်းနေတဲ့သူတချို့ရှိနေတာက ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကလေးငယ်တွေဟာ ဒဏ်ရာအနာတရဖြစ်တာနဲ့ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ် ရှိနေပါတယ်။ အထူးသဖြင့် မိန်းကလေးငယ်တွေဟာ ကျား၊ မ အခြေပြု အကြမ်းဖက်မှုရဲ့ ခြိမ်းခြောက်မှုကို ခံရနိုင်ခြေ ပိုများလာပါတယ်” လို့ ၎င်းက ဆိုသည်။
အဆိုပါ World Vision အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဒဏ် အဆိုးရွားဆုံးခံစားခဲ့ရသော နေရာများတွင် ဆန်းစစ်အကဲဖြတ်မှုများ အမြန်ဆုံးဆောင်ရွက်ခဲ့ပြီး အစားအစာ၊ ရေသန့်နှင့် ယာယီ အမိုးအကာများ အပါအဝင် အရေးပေါ် အကူအညီများ ပေးအပ်လျက်ရှိသည်။
ယင်းအဖွဲ့သည် မြန်မာနိုင်ငံရှိ ငလျင်ဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသော နေရာများတွင် ကလေးငယ် ၂၀၀,၀၀၀ အပါအဝင် လူပေါင်း ၅၀၀,၀၀၀ ကို ပံ့ပိုးနိုင်ရေး ဒေါ်လာ ငါးသန်း အသုံးပြုရန် ရည်မှန်းထားသည်။
ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရေးအပေါ် အကူအညီများနှင့် ရေရှည်ပြန်လည်ထူထောင်ရေးအကူအညီများ ပေးအပ်ကြရန် တိုက်တွန်းထားသည်။
ထိခိုက်လွယ်သော ကလေးငယ်အားလုံးနှင့် မိသားစုများကို ရေရှည်ပြန်လည်ထူထောင်ရေးအတွက် ပံ့ပိုးပေးနိုင်ရန် ရန်ပုံငွေ ပိုမိုရရှိရန် အရေးကြီးကြောင်း ဘေလ်ဒန်က ပြောကြားခဲ့သည်။