မြန်မာနိုင်ငံတွင် သောကြာနေ့က လှုပ်သွားသော ဖျက်အားပြင်း ငလျင်သည် နိုင်ငံအတွက် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး ငလျင် ဖြစ်နိုင်ပြီး လူထောင်နှင့်ချီကာ သေဆုံးနိုင်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။
အမေရိကန် ဘူမိတိုင်းတာရေးဌာန USGS အရ မြန်မာအလယ်ပိုင်း စစ်ကိုင်းမြို့ အနောက်မြောက်ဘက်၌ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခြင်းဖြစ်ကြောင်း သိရကာ ယမ်းခါသွားသော အဆောက်အအုံများနှင့် စီးပွားရေး ဆုံးရှုံးမှုများအတွက် အနီရောင်သတိပေးချက်အဆင့်ရှိသည်။
“အသေအပျောက် မြင့်မားပြီး ပျက်စီးမှု အတိုင်းအတာ ကြီးမားနိုင်တယ်၊ ဒီ သဘာဝဘေးဟာ ကြီးမားကျယ်ပြန့်ဖွယ် ရှိတယ်” ဟု USGS က ဆိုပြီး ငလျင်ဗဟိုက လူပေါင်း ၁,၀၀၀,၀၀၀ ထက်မနည်း နေထိုင်ရာ မန္တလေးမြို့အနီးတွင် ဖြစ်သည်ဟု တည်နေရာ ထောက်ပြသည်။
အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရမှုက ၁၀,၀၀၀ နှင့် ၁၀၀,၀၀၀ ကြား ရှိနိုင်ခြေက ၃၅ ရာခိုင်နှုန်း ရှိသည်ဟု USGS မှ အကဲဖြတ်များက ဆိုသည်။
ထိုပြင် စီးပွားရေး ထိခိုက်ဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရှိနိုင်ရာ ယင်းသည် မြန်မာနိုင်ငံ၏ ဂျီဒီပီထက်ပင် ကျော်လွန်နိုင်သည်ဟု USGS က သတိပေးသည်။
အထီးကျန်ပြီး စစ်တပ်အုပ်ချုပ်ခံ နိုင်ငံ၌ အားနည်းသော အခြေခံအဆောက်အအုံများက ကယ်ဆယ်ရေးလုပ်ငန်းများကို ရှုပ်ထွေးစေမည်ဖြစ်ကာ နိုင်ငံ၏ ကယ်ဆယ်ရေးဝန်ဆောင်မှုများနှင့် ကျန်းမာရေးစနစ်တို့မှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်သော ပြည်တွင်းစစ် လေးနှစ်တာအတွင်း ယိုယွင်းနေပြီးသားပဲ ဖြစ်သည်။
အန္တရာယ်ရှိသော ပြတ်ရွှေ့
“ရာစုနှစ်ရဲ့ လေးပုံသုံးပုံအတွင်း မြန်မာကုန်းမြေမှာ အကြီးဆုံး ငလျင် ဖြစ်နိုင်တယ်” ဟု လန်ဒန်တက္ကသိုလ်ကောလိပ် UCL မှ ပထဝီရူပဗေဒနှင့် ရာသီဥတုအန္တရာယ် ပါမောက္ခ ဘီလ်မတ်ဂွဲယားက ပြောသည်။
ပထမငလျင်ကြီးအပြီး မိနစ်ပိုင်းအတွင်း ပြင်းအား ၆ ဒသမ ၇ အဆင့် နောက်ဆက်တွဲ ငလျင်လှုပ်ရာ “နောက်ထပ် ငလျင်များ လှုပ်နိုင်သေးကြောင်း” မတ်ဂွဲယားက သတိပေးသည်။
ယခု ငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြော ဘေးချင်းယှဉ် “တိုးတိုက်မှု” ကြောင့် ဖြစ်သည်ဟု လန်ဒန်ကောလိပ်မှ ငလျင်ပညာရှင် ရေဘက်ကာဘဲလ်က ထင်မြင်ချက် ပေးသည်။
အနောက်ဘက်ထိ ရှိသော အိန္ဒိယကျောက်ထုလွှာသည် အရှေ့တောင်အာရှတွင် အများဆုံးရှိသည့် ဆန်ဒါကျောက်ထုလွှာနှင့် ဆုံပြီး ပြတ်ရွေ့ကြောတခု ဖြစ်ရာ၌ ကယ်လီဖိုးနီးယားရှိ ဆန်အန်ဒရီယက်စ် ပြတ်ရွေ့ကြောနှင့် ဆင်တူသည်။
“ဒီ စစ်ကိုင်းပြတ်ရွေ့ကြောဟာ အတော်ရှည်တယ်၊ ကီလိုမီတာ ၁,၂၀၀ (၇၄၅ မိုင်) အထိ ရှည်ပြီး တော်တော်လေးလည်း ဖြောင့်တန်းတယ်” ဟု ဘဲလ်က ပြောသည်။
“ဒီလို သဘာဝအတိုင်း ဖြောင့်တန်းတဲ့ ပြတ်ရွေ့ကြောဟာ ငလျင်ဒဏ် ကြုံမယ့် ဧရိယာကို ကြီးမားစေတယ်၊ ပြတ်ရွေ့ကြော ဧရိယာကြီးလေ ငလျင် ကြီးမားလေပါ” ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့သော ငလျင်မျိုးတွင် “အထူးသဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမားနိုင်သည်”ဟု ဘဲလ်က ထပ်လောင်းပြောပြီး မြေအနက် တိမ်ရာ၌ လှုပ်သော ငလျင်သည် အထက် လူနေအရပ်ဆီ ရောက်ချိန်တွင် တုန်ခါမှုက အနည်းငယ်သာ ပျော့သွားနိုင်သည်ဟု ရှင်းပြသည်။ ဆိုလိုသည်မှာ မြေတိမ်ရာ၌ ဗဟိုပြုလျှင် အထက် မြေပြင်ဧရိယာ၌ တုန်ခါမှု ပိုပြင်းခြင်းဖြစ်သည်။
“ဒါကြောင့် မြေပေါ်မှာ ယမ်းခါမှု ပိုများတယ်” ဟု ဘဲလ်က ပြောသည်။
ဆောက်လုပ်ရေး ပွင့်လန်းမှု
မြန်မာနိုင်ငံသည် ယခင်ကလည်း အားပြင်းငလျင်များ လှုပ်ခဲ့သည်။
ကုန်လွန်ခဲ့သည့် ရာစုနှစ်၌ ပြင်းအား ၆ အဆင့်အထက် ငလျင် ၁၄ ကြိမ် လှုပ်ထားရာတွင် ၁၉၅၆ ခုနှစ်က မန္တလေး၌ ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လည်း အပါအဝင် ဖြစ်သည်ဟု ဗြိတိသျှ ပထဝီတိုင်းတာရေးဌာန ငလျင်ပညာရှင် ဘရိန်းဘတ်တိုင်းက ပြောသည်။
မကြာသေးသော ဆယ်စုနှစ်များ၌ ပြောင်းလဲသွားသည့် အရာများက “အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရေး ပွင့်လန်းလာခြင်း”ပဲဟု လန်ဒန်တော်ဝင်ဟိုလိုဝေးတက္ကသိုလ်မှ မြေကမ္ဘာ သိပ္ပံဌာနမှ အိုင်းဝတ်ကင်ဆန်က ပြောသည်။
မြန်မာနိုင်ငံသည် ပဋိပက္ခနှစ်များစွာကို ရင်ဆိုင်နေရပြိး အဆောက်အအုံ တည်ဆောက်ရေး ဒီဇိုင်းများ၌ အဆင့်နိမ့်သည်။
“အရေးကြီးတာက ပြီးခဲ့တဲ့ အဆင့် ခုနစ် နဲ့ အထက် ငလျင်တွေ အားလုံးဟာ စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက် လှုပ်ခဲ့တာ ဖြစ်တယ်၊ မြန်မာဟာ ဖွံ့ဖြိုးမှုနိမ့်ပြီး အများစုက သစ်သားအိမ်တွေ ဖြစ်ကြတယ်၊ ဘာသာရေး အဆောက်အအုံတွေကို အုတ်တွေနဲ့ ဆောက်ထားကြတယ်” ဟု ဝတ်ကင်ဆန်က ပြောသည်။
“ဒီနေ့ ငလျင်ဟာ ခေတ်သစ် မြန်မာ့ အခြေခံအဆောက်အအုံတွေကို ပထမဆုံး စမ်းသပ်လိုက်တာလို့ ဆိုရမယ်၊ မြို့ကြီးတွေနဲ့ နီးတဲ့ ဗဟိုတိမ်တဲ့ ငလျင်ပဲ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၌ အနည်းဆုံး လူဦးရေ ၂ ဒသမ ၈ သန်းသည် စိုးရိမ်ရသည့် ဧရိယာများတွင် “သစ်သားနှင့် အုတ်ညှပ်အင်္ဂတေအိမ်များ” ဆောက်လုပ်နေထိုင်ရာ ယင်းသည် ငလျင်တုန်ခါမှုအတွက် ပျော့ကွက်အားနည်းချက် ဖြစ်သည်ဟု ဘတ်တိုင်းက ပြောသည်။
“ပုံမှန်ကတော့ ‘ငလျင်ကြောင့် လူသေတာ’ မဟုတ်ဘူး၊ အဆောက်အအုံတွေ ပြိုကျတာကြောင့်ပဲ လူတွေ သေဆုံးရတာ ဖြစ်တယ်” ဟု UCL မှ သဘာဝဘေး လျော့ပါးရေးဆိုင်ရာ ပညာရှင် အီလန်ကယ်မန်းက ပြောသည်။
“အစိုးရအနေနဲ့ စီမံကိန်းတွေ စည်းကြပ်ဖို့နဲ့ ဆောက်လုပ်ရေး ကျင့်ဝတ်တွေ ချမှတ်ဖို့မှာ တာဝန်ရှိတယ်၊ ဒီ သဘာဝဘေးဟာ မြန်မာအစိုးရက ငလျင်မတိုင်ခင် ဒါတွေကို လုပ်ဖို့ ရေရှည်ပျက်ကွက်ခဲ့တယ်ဆိုတာကို ဖော်ပြနေတယ်၊ ဒါတွေသာ လုပ်ဆောင်ထားရင် ငလျင်မှာ အသက်တွေကို ကယ်တင်နိုင်မှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
မိုးမျှော်တိုက် စစ်ဆေးခြင်းများ
အားကောင်းသော တုန်ခါမှုများကို အိမ်နီးချင်း ထိုင်းတွင်လည်း ခံစားရပြီး ဆောက်လုပ်ဆဲ အထပ် ၃၀ မိုးမျှော်တိုက်တလုံး အုတ်ပုံအဖြစ်ဆီ ပြိုကျခဲ့ပြီး အပျက်အစီးများကြား အလုပ်သမားများ ပိတ်မိနေသည်။
ငလျင်ဗဟို မြန်မာမှ ကီလိုမီတာ ၁,၀၀၀ ခန့် (မိုင် ၆၂၀ ခန့်) အဝေး၌ ရှိသောလည်း ဘန်ကောက်ရှိ မြေအနေအထားက ငလျင်သက်ရောက်မှု ဖြစ်စေသည်ဟု ICL အရပ်ဘက်နှင့် သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာပညာရပ်ဌာနမှ ခရစ္စတင်းမာလာဂါချူကွစ်တေပေးက ပြောသည်။
“ဘန်ကောက်ဟာ လှုပ်ရှားပြတ်ရွေ့ကြောတွေနဲ့ ဝေးပေမယ့် မြေပျော့တာကြောင့် ငလျင်တုန်ခါမှု ဖြစ်ရတာပဲ၊ ဒါဟာ အဝေးက ငလျင်တွေမှာလည်း အထပ်မြင့် အဆောက်အအုံတွေကို သက်ရောက်တာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ဘန်ကောက်ရှိ တည်ဆောက်ရေး နည်းပညာသည် “အပြားပုံစံ” မျိုးဖြစ်ပြီး ဥပမာဆိုရသော ခြေထောက်များ ထောက်ကူထားသည့် စားပွဲတလုံးကဲ့သို့ ပုံစံမျိုးဖြစ်ရာ “ပြဿနာမကင်းစေသော ဒီဇိုင်း” မျိုးဖြစ်သည်ဟု မာလာဂါချူကွစ်တေပေးက ပြောသည်။
ဘန်ကောက်က ပြိုကျသော တာဝါကို အကဲဖြတ်ကြည့်ရာ၌ ယင်းနည်းစနစ် တည်ဆောက်မှုမျိုးကို သုံးထားကြောင်း ၎င်းက ဆိုသည်။
“ဒီ ပုံစံမျိုးဟာ ငလျင် ဒဏ်မခံနိုင်ဘူး၊ ကြွပ်ဆပ်ပြီး မာတောင့်တဲ့ ပုံစံမျိုး ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
UCL မှ သဘာဝဘေး အန္တရာယ် ပုံဖော်ခြင်း ပညာရှင် ရော်ဘတ်တိုဂျင်တဲလ်က ဘန်ကောက်မိုးမျှော်တိုက် “အံ့ဩဖွယ် ပြိုကျခြင်း” သည် “မြို့ရှိ အခြားသော အထပ်မြင့် အဆောက်အအုံများကိုလည်း စေ့စေ့စပ်စပ် အကဲဖြတ်ခြင်း လိုအပ်ပြီ” ဆိုသည့် အဓိပ္ပာယ်ဖြစ်ကြောင်း ပြောဆိုသည်။
ဘန်ကောက်မြို့ အာဏာပိုင်များက ပျက်စီးဆုံးရှုံးမှု သတင်းပေါင်း ၂,၀၀၀ ကျော်မက လက်ခံရရှိပြီးနောက် ဘေးကင်းရေးအတွက် တိုက်တာအဆောက်အအုံများကို စစ်ဆေးရန် အင်ဂျင်နီယာ ၁၀၀ ကျော်ထက်မနည်း ဖြန့်ကြက်သွားမည်ဟု ပြောဆိုထားသည်။
(Psy Org တွင် ဖော်ပြသော Scientists explain why Myanmar quake was so deadly သတင်းအား ဘာသာပြန်ပါသည်)