စက်သုံးဆီတင်ပို့သူ ၁၇ ဦးနဲ့ ဆီဂါလန် ၆ သောင်းကျော်ကို စစ်ကောင်စီ ဖမ်းဆီး

စက်သုံးဆီတင်ပို့သူ ၁၇ ဦးနဲ့ ဆီဂါလန် ၆ သောင်းကျော်ကို စစ်ကောင်စီ ဖမ်းဆီး
စစ်ကောင်စီဖမ်းဆီးထားတဲ့ စက်သုံးဆီသယ်ဆောင်တဲ့ မော်တော်ယာဉ်များ
စစ်ကောင်စီဖမ်းဆီးထားတဲ့ စက်သုံးဆီသယ်ဆောင်တဲ့ မော်တော်ယာဉ်များ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းအပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်ပို့သူ ၁၇ ဦးနဲ့ စက်သုံးဆီမျိုးစုံ ဂါလန်ပေါင်း ၆ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ် ထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဇင်ရွာရှိ ကံတလူ စစ်ကောင်စီ ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ဝှိုက်မှာ ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးလိုက်တဲ့ ၁၇ ဦးဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အထူးသဖြင့် ကချင်ပြည်နယ် ဖားကန့်၊ တနိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့နယ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ တရားမဝင် ရွှေလုပ်ကွက်နဲ့ ကျောက်စိမ်း၊ အခြားသော ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တွေကိုလည်း စက်သုံးဆီ ပို့ဆောင်ရောင်းချနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်နေတာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ထိရောက်မှုမရှိဘဲ အရပ်သားပြည်သူတွေအပေါ်ကိုသာ နောက်ဆက်တွဲပြဿနာတွေက သက်ရောက်နေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကတော့ ဆိုပါတယ်။

“စက်သုံးဆီပိတ်ပင်တာက တိုက်ခိုက်ရေးသမားတွေအတွက် ဘာမှ မထိရောက်ပါဘူး။ အဓိကထိတာက ပြည်သူတွေပါ။ စက်သုံးဆီကို အားထားပြီး လုပ်ကိုင်နေရတဲ့ လုပ်ငန်းရှင်တော့ ပိုပြီး ထိတာပေါ့။ လုပ်ငန်းရှင်တွေထိရင် ဒဏ်ခံရတာလည်း အဲဒီဒေသ ပြည်သူတွေထံပဲ အကျိုးသက်ရောက်မှု ရှိလာနေတယ်။ ဒါကြောင့် ပြည်သူကပဲ ဒဏ်ခံစားလာရတယ်” လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက စက်သုံးဆီတင်ပို့မှုကို တားမြစ်ကန့်သတ်ထားပေးမယ့် အရပ်သားပြည်သူတွေထံ စက်သုံးဆီရောက်ဖို့ ရတဲ့နည်းနဲ့ ကြိုးစားရောင်းချနေကြတာတွေရှိတယ်လို့ စစ်ကိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဆိုပါတယ်။

“စစ်ကောင်စီက ဖမ်းဖို့အတွက် အစီစဥ်ချထားတာတော့ရှိတယ်။ သူတို့ဖမ်းတာက ဖြစ်နိုင်တယ်။ ဆီသယ်နေတဲ့ကား တော်တော်များများကို လိုက်ဖမ်းတာဗျ။ တစ်ခါတစ်လေလည်း ပိုက်ဆံနဲ့ ရွေးရတာတွေရှိတယ်။ အခု သယ်ယူနေကြတာက ပြည်သူတွေပဲ လုပ်နေကြတာ။ စစ်ကိုင်းထဲမှာတော့ စစ်ကောင်စီနဲ့မချိတ်ပဲ ဆီကုန်သည်ကြီးတွေဆီကပဲ ဝယ်ပြီးလုပ်ကြတာ ပြီးတော့ သူတို့က ပိုက်ဆံပေးတဲ့ ဘယ်သူ့ဆီမဆို ပို့တာပါ” လို့ စစ်ကိုင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ယောက်က ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၁၇ ဦးကို စစ်ကောင်စီက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ နဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စက်သုံးဆီခွဲတမ်း လုံးဝ ချမပေးမယ့် မြို့နယ်တွေကို မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းထံ အသိပေးခဲ့ပါတယ်။

ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနားမြို့ကလွဲပြီး ကျန်မြို့အားလုံးနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တခုလုံး၊ ရှမ်းမြောက်ဒေသတခုလုံးမှာ စက်သုံးဆီ တင်သွင်းခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ ကလေး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်းနဲ့ မကွေးတိုင်းထဲမှာတော့ ပေါက်၊ မန္တလေးတိုင်း မိုးကုတ်၊ မြင်းခြံတို့ ပါဝင်ကြောင်း သိရှိရပါတယ်။

January 7, 2025
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA...
January 6, 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ကျပ်သုံးသောင်းခွဲအထိ...
January 6, 2025
စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်တွင်းအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပြင် နိုင်ငံတကာအစိုးရတွေနဲ့လည်း...
January 3, 2025
မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်း၊ ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား...