ဝေးလံခေါင်ဖျားတဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်ဒေသမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေဆဲဖြစ်ပြီး ဓာတ်ဆီတစ်ပုလင်း (တစ်လီတာမပြည့်) ကျပ်တစ်သောင်းအောက်မကျတာ လနဲ့ချီ ကြာမြင့်နေပြီလို့ သိရပါတယ်။
လက်ရှိ နောင်မွန်မြို့မှာ ဓာတ်ဆီတစ်ပုလင်းကို အနိမ့်ဆုံး ကျပ်တစ်သောင်းနှစ်ထောင်ကနေ တစ်သောင်းခွဲကြားဈေးရှိပြီး တစ်ဂါလံ ကျပ်ခြောက်သောင်းကနေ ကျပ်ခြောက်သောင်းခွဲ ဈေးရှိနေသေးတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက ပြောပါတယ်။
"ကုန်ဈေးနှုန်းက ကျတယ်ဆိုတာ မရှိဘူး။ အရင်အတိုင်းပဲ။ ဓာတ်ဆီတစ်လုံးက တစ်သောင်းကနေ အောက်ကိုကျတာတော့ မရှိဘူး။ ကော်ဖီတစ်ထုပ်က တစ်ထောင်ရှိနေတယ်။ ဒီဘက်ဒေသမှာ တစ်ထောင်တန်က ကော်ဖီပဲရမှာ" လို့ ဒေသခံက ဆိုပါတယ်။
ပူတာအိုဘက်ကနေ စက်သုံးဆီတွေ သယ်ယူလို့ရတဲ့အတွက် စက်သုံးဆီပြတ်လပ်တာတွေတော့ မရှိပေမဲ့ လမ်းပိတ်ပြီး စက်သုံးဆီဈေး မြင့်တက်သွားကတည်းကနေ လက်ရှိအချိန်ထိ ပြန်လည်ကျဆင်းလာတာ မရှိသေးဘူးလို့ သိရပါတယ်။
အရင်ကတော့ ဓာတ်ဆီတစ်ပုလင်းကို ကျပ်ငါးထောင်သာ အများဆုံးပေးဝယ်ရတာဖြစ်ပြီး အာဏာမသိမ်းခင်ကဆိုရင် လက်ရှိ သောင်းကျော်ပေါက်နေတဲ့ တစ်ပုလင်းကို တစ်ထောင်နဲ့ ဝယ်ယူခဲ့တာလို့ သိရပါတယ်။
အခုလို စက်သုံးဆီဈေးတွေ ကြီးမြင့်နေတာကြောင့် နောင်မွန်ဒေသခံတွေဟာ သွားရေးလာရေး ကိစ္စရပ်တွေမှာ ခက်ခဲမှုတွေ ကြုံရသလို အရင်က နီးနီးနားနား ဆိုင်ကယ်နဲ့သွားလို့ရပေမဲ့ ဒီနောက်ပိုင်း နီးနီးဝေးဝေး ခြေကျင်နဲ့ပဲ အများပိုင်း သွားနေရတယ်လို့လည်း ပြောပါတယ်။
"အခု ကျွန်တော်တို့က ခြေကျင်နဲ့ အများပိုင်းသွားတယ်။ ဆိုင်ကယ်ကတော့ နည်းနည်းလေး သုံးရခက်တဲ့သဘောရှိတယ်။ ဆီဈေးကြီးတော့။ တောင်ယာသွားမယ်ဆိုလည်း ခြေကျင်၊ သူများရွာသွားမယ်ဆိုလည်း ခြေကျင်။ ဆီက တော်တော်လေး အခက်အခဲရှိတယ်" လို့ အထက်ပါဒေသခံက ဆက်လက်ပြောပါတယ်။
လယ်လုပ်ချိန်ပြန်ရောက်တဲ့အထိ ဆီဈေးမကျရင် ဒုက္ခရောက်မှာ စိုးရိမ်နေကြသလို စက်သုံးဆီဈေး လျော့ကျရေးကို သက်ဆိုင်ရာက ထိန်းချုပ်ပေးစေချင်တယ်လို့လည်း ဆိုပါတယ်။
ဆန်တစ်အိတ်လည်း ကျပ်တစ်သိန်းခွဲကနေ နှစ်သိန်းဝန်းကျင် ဈေးရှိနေသေးတယ်လို့ ဆိုပါတယ်။
ဆန်အမျိုးအစားနဲ့ အိတ်အရွယ်အစားပေါ်မူတည်ပြီး တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးနှုန်းတွေလည်း ကွာခြားတယ်လို့ သိရပါတယ်။
တခြား စားသောက်ကုန်ခြောက်တွေ၊ ဆီနဲ့ ကြက်သွန်တွေလည်း ဈေးကျလာတာမရှိသေးသလို အောက်ပိုင်းကဝင်တဲ့ ကြက်သွန်ဖြူဆိုရင် တစ်လုံး ကျပ်တစ်ထောင်လောက်ထိ ပေးဝယ်ရတာလည်း ရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆေးဝါးတွေလည်း ဝယ်ယူရရှိဖို့ ခဲယဉ်းပြီး အရင်က ကျပ်ငါးထောင်ဝန်းကျင်လောက်နဲ့ ပေးဝယ်ခဲ့တဲ့ ပါရာစီတမော့ ဆေးဘူးတစ်ဘူးကို လက်ရှိမှာတော့ ကျပ်တစ်သောင်းကျော် ဈေးရှိနေတယ်လို့ ဆိုပါတယ်။
နောင်မွန်ဒေသဟာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေကို ပူတာအိုမြို့ကတဆင့် ကားနဲ့ ပြန်လည်သယ်ယူရပြီး တင်ဆောင်ခစရိတ်တွေလည်း ကြီးမြင့်တာဖြစ်ပါတယ်။
ပူတာအိုဒေသအတွက် ကုန်တွေကတော့ မြစ်ကြီးနားမြို့ဘက်ကပဲ အဓိက ဝင်ရောက်တဲ့အတွက် မြစ်ကြီးနားမှာ စားသုံးကုန်တွေ ဈေးတက်ရင် ထပ်ဆင့် ပြန်လည်သယ်ယူရတဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဘက်မှာ ပိုပြီး ဈေးမြင့်တက်တဲ့ဒဏ်ကို ကြုံရလေ့ရှိတာ ဖြစ်ပါတယ်။