မိုင်းရယ်စစ်ကောင်စီတပ် အင်အားဖြည့်၊ ဒရုန်းဗုံးနှင့် အမြောက်ပစ် လုံခြုံရေးစိုးရိမ်ရ

မိုင်းရယ်စစ်ကောင်စီတပ် အင်အားဖြည့်၊ ဒရုန်းဗုံးနှင့် အမြောက်ပစ် လုံခြုံရေးစိုးရိမ်ရ

သျှမ်းပြည် မိုင်းရယ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ လားရှိုးမြို့သို့ စက်သုံးဆီနှင့် ရိက္ခာသယ်ယူနေသည့် လမ်းကြောင်းဖြတ်တောက်ရေး ဂိတ်ဆောက်၍ တားဆီးနိုင်ရန် အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၉ ရက်)မှ စတင်၍ မိုင်းရယ်မြို့အခြေစိုက် စစ်ကောင်စီတပ်များမှ ဟိုယကျေးရွာအုပ်စုအနီး နားဆန်း၊ နားယန်းနှင့် နောင်ပစ်အကြားတွင် နေရာယူကာ လားရှိုးမြို့သို့ စက်သုံးဆီနှင့် ရိက္ခာသယ်ယူနေသည့် လမ်းကြောင်းကို တားဆီးဖြတ်တောက်ရန်အတွက် ဂိတ်တည်ဆောက်နိုင်ရေး လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်တပ်က အနောက်ဘက်ကို ဖောက်သွားတာဆိုတော့ လားရှိုးကို ဓာတ်ဆီနဲ့ ရိက္ခာ ဖြတ်ချင်လို့၊ အဲ့နားတစ်လမ်းက လားရှိုးအထိ လမ်းပေါက်တယ်။ ထိုးစစ် မလုပ်ချင်ရင် အဲ့နားမှာ ဂိတ်ဆောက်ချင်လို့ပဲ။ နားဆန်း၊ နားယန်းနဲ့ နောင်ပစ်ကြားထဲက တောင်ပေါ်မှာ ရှိနေတာ၊ ဖြစ်နိုင်ရင် စစ်တပ်က မြို့နားမှာ ဂိတ်ဖွင့်ချင်တာ”ဟု မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကြောင့် ယမန်နေ့ ည ၈ နာရီခန့်တွင် မိုင်းရယ်စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် သုံးကြိမ်ထက်မနည်း ဗုံးကြဲခြောက်လှန့်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှု မရှိသော်လည်း ဒေသခံများ လုံခြုံရေး စိုးရိမ်နေရကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက်ပိုင်းတွင်လည်း မိုင်းရယ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တဘက်သက် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“မနေ့ကတော့ စစ်တပ်ထဲကပဲ မဟုတ်ဘူး၊ မြို့ထဲမြို့ပြင် နှစ်ဘက်လုံးဆီက ကြားရတာ။ ပစ်တဲ့အသံ မကြားရတော့ ဒရုန်းဗုံးချတာပဲ။ ဘယ်နားထိခိုက်လဲတော့ မကြားဘူး၊ ဒီတိုင်း အသံပေးတာ လျှောက်ချနေတာ။ ဒီမနက်ကျတော့ ပစ်သံလည်း ကြားတယ်၊ ကျကွဲတာလည်း ကြားရတော့ အမြောက် မဟုတ်ရင် လက်နက်ကြီးဖြစ်မှာ”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ကျေးသီးမြို့နယ်ဘက်မှ မိုင်းရယ်စစ်ကောင်စီတပ်သို့ အင်အားဖြည့်ရန် လာသည့် စစ်ကား (၁၀) စီးကျော် ပါသည့် စစ်ယာဉ်တန်းလည်း မိုင်းရယ်မြို့သို့ ယမန်နေ့က ရောက်ရှိလာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် မိုင်းရယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ မျက်နှာချင်းဆိုင် အနေအထား ဖြစ်နေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ဆိုသည်။

မိုင်းရယ်မြို့ပေါ်တွင် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-(၃၂၅)နှင့် အမြောက်တပ် အမတ-(၃၅၀) တို့ ကျန်ရှိနေပြီး ဟိုယ-တန့်ယန်းလမ်းခွဲရှိ ခြေလျင်တပ်ရင်း ခလရ-(၆၇) တို့ ကျန်ရှိနေသေးသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် သျှမ်းတပ် SSPP/SSA က မိုင်းရယ်မြို့ပေါ်သို့ ဝင်ရောက်တပ်စွဲထားသည်။

Most read this week

September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...
September 18, 2024
ယခုရက်ပိုင်းအတွင်း ရေဘေးကူညီရန်အတွက် ငွေလွဲသည့် KBZ Pay အကောင့်များနှင့် ပြည်သူများ၏...
September 16, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က...
September 16, 2024
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...