ကော့ကရိတ်တွင် ပြန်နေထိုင်ခွင့်မရသေးသည့် နေအိမ်ရှိပစ္စည်းများ ဆက်တိုက် ခိုးယူခံနေရ

ကော့ကရိတ်တွင် ပြန်နေထိုင်ခွင့်မရသေးသည့် နေအိမ်ရှိပစ္စည်းများ ဆက်တိုက် ခိုးယူခံနေရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်အချို့နှင့် မြို့အစွန်အဖျားရှိ ပြန်နေထိုင်ခွင့်မရသေးသည့် နေအိမ်မှ ပစ္စည်းများ စစ်ကောင်စီနှင့် တပ်ထောက်ခံသူ အရပ်သားအချို့ ပူးပေါင်းပြီး ဆက်တိုက်ခိုးယူခံနေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကော့ကရိတ်မြို့အပြင်ဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့ခံပြည်သူအားလုံး ပြန်လည်နေထိုင်ခြင်းမရှိသေးသည့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များနှင့် စစ်တပ်စခန်းများရှိနေ၍ ပြန်နေထိုင်ခွင့်မရသေးသည့် မြို့စွန်နေအိမ်များမှ ပစ္စည်းများအား စစ်ကောင်စီနှင့် ၎င်းထောက်ခံသည့် အရပ်သားအချို့က ဆက်တိုက်ခိုးယူရောင်းချနေခြင်းဖြစ်သည်။

ကော့ကရိတ်မြို့နေ ပြည်သူတစ်ဦးက “မြို့ထဲမှာက ပြည်သူတွေအနည်းစုပဲ အတည်တကျ ပြန်နေသေးတယ်။ တချို့ ရပ်ကွက်ထဲက လူမရှိတဲ့အိမ်တွေဆို စစ်တပ်ရော သူတို့ကိုထောက်ခံတဲ့ အုပ်စုတွေရော ပေါင်းပြီး ပစ္စည်းတွေ အကုန်ခိုးယူနေကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီတပ်စွဲထားသည့် ရပ်ကွက်အချို့နှင့် မြို့အစွန်နေရာများတွင်လည်း စစ်ကောင်စီက နေအိမ်ပြန်ခွင့် မပေးသေးသောကြောင့် မိမိတို့အိုးအိမ်ကို ပြန်ကြည့်ခွင့်မရသေးသည့် ဒေသခံများပိုင် အိမ်အတွင်းရှိ ပစ္စည်းအားလုံး မကျန်တော့သည့်အထိ ခိုးယူခံနေရကြောင်း ကော့ကရိတ်ဒေသခံများက ပြောသည်။

“သူတို့ (စစ်ကောင်စီ) တပ်ချထားတဲ့ အပိုင်းတွေနဲ့ အချို့ရပ်ကွက်တွေကိုတော့ ပြည်သူတွေ ပြန်ခွင့်မပေးဘူး။ ဒါပေမဲ့ စစ်တပ်နဲ့ပေါင်းတဲ့သူတွေက ပစ္စည်းတွေ နေ့တိုင်းသွားသယ်နေတယ်။ အိမ်တိုင်းမှာ ပစ္စည်းတွေ ကုန်နေလောက်ပြီ။ ပျဉ်သားပါမကျန် တိုက်ယူနေတယ်” ဟု နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီအုပ်စုက အရပ်သားပိုင်ပစ္စည်းဥစ္စာများ ခိုးယူရောင်းချနေသည်နှင့်ပတ်သက်၍ စစ်တပ်အုပ်ချုပ်မှုအောက်ရှိ နယ်မြေဖြစ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ရန်ရှာခံရမည်စိုးသဖြင့် ပြည်သူများ တိုင်တောရန် မဝံ့ရဲကြကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ပစ္စည်းခိုးမှုနှင့်စပ်လျဉ်း၍ ကော့ကရိတ် မြို့မရဲစခန်းအခြေစိုက်သည့် စစ်ကောင်စီအုပ်စုမှ အဓိက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသော်လည်း ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကော့ကရိတ်မြို့တိုက်ပွဲများနှင့်ဆက်စပ်၍ နှစ်ဖက်တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့ခံများ စစ်ရှောင်ခဲ့ကြရသည်။

အာရှလမ်းစိုးမိုးနိုင်ရေး စစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြို့ပေါ်နေဦးရေ အနည်းအကျဥ်းသာ မြို့တွင်းပြန်လည်နေထိုင်ကြ၍ အများစုမှာ စစ်ရှောင်များအဖြစ် ဆက်လက်ရှိနေသည်။

ထိုအထဲတွင် ချောင်းတောင်အပေါ်ပိုင်း၊ ထန်းပင်ကုန်း၊ ရှမ်းပိုင်း၊ ဝင်းကြီး၊ မြို့တော်ဦး၊ ဆင်ကုန်းစသည့် ရပ်ကွက်အပိုင်းများနှင့် မြို့အနီးဖြစ်သည့် ကော့နွဲ၊ ရွာသစ်ကုန်း၊ ကျောက်စရစ်ကုန်း စသည့်ကျေးရွာများမှာ စစ်ကောင်စီတပ်တားမြစ်မှုကြောင့် နေအိမ်ပြန်ကြည့်ခွင့်မရသည့် နေရာများဖြစ်သည်။

ယင်းနေရာများတွင်လည်း အိမ်ရှိပစ္စည်းများ ခိုးယူခံရရုံသာမက စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများလည်း ခံနေရသည်ဟု ဒေသခံပြည်သူများက ပြောသည်။

Most read this week

January 9, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်တွင်...
January 8, 2025
ဘိတ်-ထားဝယ် ခရိုင်၊ တပ်မဟာ-၄၊ ကစယ်ဒိုမြို့နယ် (ထားဝယ်- မေတ္တာမြို့အနီး)၊ ကွမ်းချောင်းကြီး (...
January 6, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ...
January 6, 2025
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့်...