ဆယ်လအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၇၀ ခန့်ရှိ

ဆယ်လအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၇၀ ခန့်ရှိ

ကော့ကရိတ် - မြဝတီ အာရှလမ်းမသစ် ပြန်လည်ထိန်းချုပ်နိုင်ရေး တိုက်ခိုက်နေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်ဖွဲ့ နှင့် မဟာမိတ် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်သို့ ၁၀ လအတွင်း လက်နက်ချသူ၊ တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိသူ စုစုပေါင်း ၇၀ ခန့်ရှိကြောင်း သိရသည်။

‌အဆိုပါ စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေး တိုက်ခိုက်မှုကို ၂၀၂၄ ခုနှစ် ဧပြီလ ၉ ရက်က ကော့ကရိတ် ဒေါနတောင်လမ်းဟောင်း၊ အာရှလမ်းမသစ် နေရာနှစ်ခုမှ မြဝတီ သင်္ဃန်းညီနောင်အထိ ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းအား သိမ်းပိုက်ထိန်းချုပ်ရန် စတင်တိုက်ခိုက်မှု ၁၀ လ ကြာမြင့်လာချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လာမှု ဆက်တိုက်ရှိလာနေကြောင်း တော်လှန်ရေး စစ်ရေးနယ်မြေတာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု ဒီဇင်ဘာအအထိ ၁၀ လအတွင်းမှာ KNLA ဘက်ရော၊ PDF ဘက်ကိုရော၊ နယ်မြေထဲက တော်လှန်ရေးစစ်ကြောင်းတွေကိုရော အလံဖြူထောင် အလင်းဝင်တာ၊ အရှင်ဖမ်းမိတာရှိတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာက ကော့ကရိတ် စစ်ကြောင်းတွေဘက်မှာ လူ ၃၀ လောက်ရှိတယ်။ အခု မြဝတီဘက်အခြမ်း ကော်ပရာဘက်ကိုဝင်တာက လူ ၃၀ လောက်ရှိတယ်။ တိုက်ရင်းနဲ့ အရှင်ဖမ်းမိတာတွေနဲ့ဆို လူက ၇၀ လောက် ရှိတယ်။ သေတာ၊ ဒဏ်ရာရတာတွေက လူရာချီရှိတယ်။ အခုထိ နေ့တိုင်းတက်လာနေတုန်းပဲ” ဟု ပြောသည်။

၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်က KNLA ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်ရောက်သူများကို  ဆုငွေချီးမြှင့်ခြင်းအပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် ကူညီပေးထားပြီး အများစုမှာ လက်နက်ခဲယမ်းမပါဘဲ လူလွတ် အလင်းဝင်ရောက်သူပိုများကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

နောက်ထပ် တော်လှန်ရေးအရင်းအမြစ်တစ်ခုက “လက်နက်မပါတဲ့သူကို တစ်သိန်း၊ လက်နက်ပါတဲ့သူကို သိန်း ၃၀ ဆယ်ဆုချတယ်။ တချို့ကျတော့ လက်နက်ကြီး ဗုံးသီးတို့ လက်ပစ်ဗုံးတို့၊ ကျည်တို့လောက်ပဲ ပါတာရှိတယ်။ တစ်ချို့က လူလွတ်ထွက်ပြေးလာကြတာကနေ အလင်းဝင်ကြတာမျိုး၊ တစ်ချို့လည်း စစ်တပ်က ပြန်ဖမ်းမိသွားတာတွေလည်းရှိသလို တခြားနေရာတွေ လွတ်သွားတာတွေလည်းရှိတယ်” ဟု ပြောသည်။

လတ်တလောတွင် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းဘက်သို့ ကော့ကရိတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၁၂၊ လှိုင်ဝအမြောက်ကုန်း၊ ခြေလျင်တပ်ရင်း - ခလရ ၉၇ တပ်မှ လက်နက်ကြီး၊ ရော့ကက်ဒုံး၊ ဒရုန်းဗုံးချ တိုက်ခိုက်မှုများ ဆက်တိုက်ပစ်ကူ စစ်ကူပေးနေပြီး မြေပြင် စစ်ကောင်စီစစ်ကြောင်းများနှင့် KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ နေ့စဉ် ဆက်ပြီးဖြစ်ပွားနေကြောင်း သိရှိရသည်။

January 4, 2025
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...
January 2, 2025
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင်အများစုမှာ လက်ရှိ...
December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...