ပုံစာ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဝဲ) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် တွေ့ဆုံစဉ်။ (ပုံ – AFP)
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ရောက်ရှိစေမည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ဥရောပသမဂ္ဂအဖွဲ့ (အီးယူ) နှင့် အမေရိကန်အပါအဝင် ၉ နိုင်ငံက ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်းမှ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အဖြေရှာရန် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေနှင့် ယူနိုက်တက်ကင်းဒမ်းအစိုးရများက ပူးတွဲကြေညာခြင်းဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇန်နဝါရီ လ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နှိပ်စက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ ချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသည့် အစီရင်ခံမှုများစွာရရှိထားသည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
၎င်းတို့ရရှိထားသည့် အစီရင်ခံစာများ၌ ကလေးငယ်များနှင့် လူနည်းစုတိုင်းရင်းသားနှင့် ဘာသာရေးအသိုက်အဝန်းများကို အဓမ္မသွေးဆောင်ခြင်းနှင့် စုဆောင်းခြင်း၊ အရပ်သားပြည်သူများ သေဆုံးစေသည့် မြန်မာစစ်တပ်၏ အဆင်အခြင်မဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ၊ နေအိမ်များကို မီးရှို့ခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားများနှင့် အဆောက်အအုံများကို တိုက်ခိုက်ခြင်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုအပေါ် စစ်အာဏာရှင်အဖွဲ့အစည်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက ကန့်သတ်မှုများ ပါဝင်သည်ဟု ဆိုထားသည်။
အရပ်သားပြည်သူများကို ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ခြင်းနှင့် မီးရှို့ခြင်းများကဲ့သို့ ထိတ်လန့်ဖွယ်ရာ အစီရင်ခံမှုများကိုလည်း တွေ့မြင်ရသည်ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်နှင့် နိုင်ငံတဝန်းမှ လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများဖြစ်ပေါ်စေရန် လှုံဆော်ပေးလေ့ရှိသည့် စစ်တပ်၏ သမိုင်းကြောင်းအပြင် ရိုဟင်ဂျာများအပေါ် အပြည်ပြည်ဆိုင်ရာဥပဒေများကို ချိုးဖောက်သည့် အစီရင်ခံမှုများက အရပ်သားပြည်သူများအတွက် စိုးရိမ်ဖွယ်ဘေးအန္တရာယ်ဖြစ်သည်ဟု ဆိုသည်။
ပြည်တွင်းပဋိပက္ခများကို ရပ်တန့်ရန်၊ တင်းမာမှုများကို ဖြေလျှော့ရန်နှင့် မတရား ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသူများ အားလုံးကို ပြန်လွှတ်ပေးရန် တိုက်တွန်းသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂,၆၆၉ (၂၀၂၂) ကို အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းထားသည်။
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂,၆၆၉ (၂၀၂၂) သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။
စစ်မှန်ပြီး အပြုသဘောဆောင်သည့် အားလုံးပါဝင်ခွင့်ရှိသော အပြန်အလှန်ဆွေးနွေးမှုဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးစားမှုနှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး တောင်းဆိုမှုများအပေါ် ဆက်လက်အားပေးထောက်ခံသည်ဟု ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။
ထုတ်ပြန်သည့် ကြေညာချက်နှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပြောခွင့်ရ ဦးစည်သူမောင်က “အခုဒီ စစ်တပ်ရဲ့ ရမ်းကားရက်စက်မှုတွေ ရပ်ပြီးတော့ အရပ်သားထိန်းချုပ်မှုအောက်မှာ ဒီမိုကရေစီစနစ်နဲ့အညီ အရပ်ဖက်ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိတဲ့ တပ်မတော်၊ အနာဂတ် ဖက်ဒရယ် ဖွဲ့စည်းမှုပုံစံကို စစ်အုပ်စုက လက်ခံမယ်ဆိုရင် ကျတော်ထင်ပါတယ်။ ဒီကိစ္စတွေက ပြေလည်သွားလာနိုင်စရာရှိတယ်လို့ ကျတော်မြင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
အဆိုပါ ကြေညာချက်တွင် မြန်မာ့အကျပ်အတည်းအတွက် အဖြေရှာရာ၌ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နှင့်အညီ အာဆီယံဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ်အပါအဝင် အကျပ်အတည်းကို အဖြေရှာရာတွင် အာဆီယံ၏ အခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံသည်ဟုလည်း အသိပေးထားသည်။
အာဏာသိမ်းစစ်ကောင်စီအပါအဝင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာရန်၊ အရပ်သားပြည်သူကို အကာအကွယ်ပေးရန်၊ အမျိုးသမီး၊ ကလေးသူငယ်၊ တိုင်းရင်းသားများနှင့် လူနည်းစုအုပ်စုဝင်အပါအဝင် လိုအပ်နေသည့် ပြည်သူအားလုံးအတွက် ဘေးကင်းပြီး အတားအဆီးမဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ အပြည့်အဝ ဝင်ရောက်ခွင့်ကို ခွင့်ပြုရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် စစ်တပ်က အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး နိုင်ငံရေး၌ မြန်မာစစ်တပ် ပါဝင်နေခြင်းအား အဆုံးသတ်ရန် လိုအပ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ထုတ်ဖော်ပြောကြားသည့် NUG ၏ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်တွင် ပြောထားသည်။
အဆိုပါ အချက်အပြင် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်၊ သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖယ်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရန်နှင့် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန် စစ်ကောင်စီအနေနှင့် လက်ခံပါက အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးသွားမည်ဟု ဦးနေဘုန်းလတ်က ပြောထားသည်။