အိန္ဒိယ - မြန်မာ နှစ်နိုင်ငံနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါထာရ် - ရိဒ်ခေါဒါရ် နယ်စပ်တံတားဂိတ် ဖြတ်ကျော်သွားလာခွင့်ကို လူအများအား ကန့်သတ်ပေမယ့် နယ်စပ်မှာနေထိုင်ပြီး ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ လွတ်လွတ်လပ်လပ်သွားလာခွင့် အိန္ဒိယနိုင်ငံဘက်ခြမ်းက တာဝန်ရှိသူတွေက ခွင့်ပြုထားတယ်လို့ ရိဒ်ခေါဒါရ်မြို့ကို ထိန်းချုပ်ထားတဲ့ CDF – Hualngoram တပ်ဖွဲ့မှ AGS - 1 က Chin World Media ကို ပြောပါတယ်။
အိန္ဒိယ - မြန်မာ နှစ်နိုင်ငံနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိတဲ့ ဇိုခေါထာရ် - ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်တံတားကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပြီး အသက်မပြည့်သေးတဲ့သူတွေကို ဖြတ်သန်းသွားလာခွင့် မပေးတာမျိုးရှိခဲ့လို့ နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ပတ်သက်လို့ မီဇိုရမ်ပြည်နယ်က အာသံရိုင်ဖယ်နဲ့ CDF – Hualngoram အကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အာသံရိုင်ဖယ်ဘက်က အခုလို ခွင့်ပြုလာတာလည်း ဖြစ်ပါတယ်။
CDF – Hualngoram မှ AGS – 1 Lal က “ဖြတ်သန်းသွားလာခွင့်ကဒ်ကို အသက်မပြည့်တဲ့သူကို ပေးခွင့်မရှိဘူးလို့ သူတို့ဘက်က ထုတ်ပြောတာရှိတယ်။ အဲဒီအခါကြတော့ ကျနော်တို့ AGS ခေါင်းဆောင်တွေနဲ့ အာသံရိုင်ဖယ်နဲ့ နှစ်ကြိမ်ရှိပြီ။ နယ်စပ်ကိစ္စနဲ့ပတ်သက်လို့ တွေ့ဆုံပြီးတော့ သူတို့ဘက်က လုပ်တဲ့ပုံစံတွေကို ကျနော်တို့ဘက်က ပွင့်ပွင့်လင်းလင်းမေးတယ် ဖြေတယ်။ ပြီးတော့ ကျနော်တို့ အဓိက တစ်ဖက်ကိုတစ်ဖက်ကို လေးစားမှုတော့ရှိတယ်။ အတူတူဆောင်ရွက်ဖို့တွေကိုလည်း လုပ်ထားတာရှိတယ်။ ပြီးတော့ အဓိကတော့ ကျောင်းနေတဲ့ ကလေးတွေပေါ့။ စစ်ရှောင်ကလေးတွေဆိုရင် ကျနော်တို့ မြန်မာဘက်ခြမ်းမှာနေတယ်။ ဇိုခေါထာရ်ဘက်မှာ ကျောင်းသွားတက်တဲ့ဟာတွေရှိတယ်။ ပြီးတော့ ဇိုခေါထာရ်ဘက်က စစ်ရှောင်တွေလည်း ကျနော်တို့ဘက်ခြမ်းမှာ ကျောင်းလာတက်တယ်ပေါ့နော်။ အဲလိုမျိုးတွေရှိတဲ့အခါကြတော့ ကလေးတွေကြတော့ ကလေး ၃၀၀ လောက်က နေ့တိုင်း ဟိုဘက်ဒီဘက် ကျောင်းတက်ပြီးတော့ သွားလာနေရတာဆိုတော့ အဲဒီဟာတွေအတွက် အခက်ခဲမရှိအောင် သူတို့နဲ့တော့ ကျနော်တို့ ပြောဆိုထားတာရှိတယ်။ သူတို့ဘက်ကလည်း အထိုက်လျောက်နဲ့ ဒီကျောင်းသားတွေကို သွားလာဖို့ ခွင့်ပြုထားတယ်။ ကလေးတွေတော့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိတယ်” လို့ ပြောပါတယ်။
လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် (FMR) ကို အိန္ဒိယဗဟိုအစိုးရက ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ဖျက်သိမ်းလိုက်ပြီးနောက် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့နဲ့ မီဇီုရမ်ပြည်နယ် ဇိုခေါဒါရ်ရွာကို အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကတဆင့်၊ နယ်စပ်ကတဆင့် ဝင်/ထွက်သွားလာခွင့်ကို အိန္ဒိယဗဟိုအစိုးရက တင်းကြပ်လိုက်တာလည်းဖြစ်ပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ အိန္ဒိယ - မြန်မာ နှစ်နိုင်ငံနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိတဲ့ ဇိုခေါထာရ် - ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်တံတား ဖြတ်သန်းသွားလာခွင့်ကို အိန္ဒိယဖက်က ကန့်သတ်မှုတွေလုပ်ခဲ့တာကြောင့် နယ်စပ်မှာနေထိုင်တဲ့ ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဘာသာရေး၊ လူမှုရေးနဲ့ နေ့စဉ်လူနေမှုဘဝမှာ များစွာ အခက်ခဲရှိသွားခဲ့တယ်လို့ အိန္ဒိယ - မြန်မာ နယ်စပ်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။
အိန္ဒိယ - မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသကနေ နေ့စဉ် နှစ်နိုင်ငံ ဝင်/ထွက်သွားလာခွင့်ကဒ်ပြားကို ၁ ရက်ကို ၅၀ ကနေ ၁၀၀ အကြားသာ ထုတ်ပေးတာဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းကနေတော့ ၁၀ ကီလိုမီတာအတွင်းမှာရှိတဲ့ ဒေသခံတွေကိုဘဲ ဝင်/ထွက်ခွင့်ပေးထားတာဖြစ်ပါတယ်။
ခွင့်ပြုချက်တောင်းတဲ့အခါမှာလည်း ရိဒ်ခေါဒါရ် မြို့အုပ်ချုပ်ရေးကနေပြီးတော့ ဒေသခံဖြစ်ကြောင်းကို CDF – Hualngoram က ထောက်ခံစာပေးပြီး မီဇိုရမ်ပြည်ဖက်ကတော့ အာသံရိုင်ဖယ်ရုံးမှာ စာတင်ကာ ခွင့်ပြုချက်ကဒ် ထုတ်ပေးပြီး သွားလာခွင့်ပြုထားတဲ့ကြောင်းကိုလည်း တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။