ကချင်ပြည်နယ် မြစ်ကြီးနား–တနိုင်း လီဒိုကားလမ်းပိုင်းမှာ KIA နှင့် မင်းဇေသန့်ပြည်သူ့စစ်တပ်တို့ နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
တနိုင်း – မြစ်ကြီးနား လီဒိုကားလမ်းပေါ်ရှိ ဝါရာဇွပ်ကျေးရွာမှာထိုင်ထားတဲ့ KIA တပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က မတ်လ ၁၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့အထိ နှစ်ဖက် စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေ မကြာခနဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲဖြစ်နေတယ်လို့ မြစ်ကြီးနားရောက်နေတဲ့ တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
“လမ်းမှာလည်း အခြေနေကြည့်ပြီးသွားနေရတယ်။ ရှေ့မှာ အခြေအနေမကောင်းဘူးဆို နားရပြန်ပြီ။ ဒီလမ်းက ပုံမှန် တောက်လျှောက်မောင်းရင် တစ်ရက်ခရီးတောင်မရှိဘူးလေ။ အခုက အဆင်းကို နမ္မတီးမှာ တစ်ညအိပ်လိုက်ရတယ်။ တစ်ညအိပ်ခရီးဖြစ်သွားတာပေါ့” လို့ အသက် ၃၀ ကျော်အရွယ် အထက်ပါအမျိုးသားက ပြောပါတယ်။
မိုင်ပေါင်း ၁၀၀ နီးပါးဝေးတဲ့ မြစ်ကြီးနား–တနိုင်း လမ်းခရီးဟာ ပုံမှန် တစ်ရက်ခရီးသာရှိပေမယ့် မတ်လ ၁၅ ရက်နေ့နောက်ပိုင်းကစပြီး စစ်ရေးအခြေအနေကြောင့် လမ်းပိုင်းမှာ မကြာခနရပ်နားရတာ၊ မြို့ဝင်/မြို့ထွက်ဂိတ်တွေ ည ၆ နာရီနောက်ပိုင်း ဝင်ခွင့်ကန့်သတ်တာ စတာတွေကြောင့် ခရီးသည်အများစုက တစ်ညအိပ်ခရီးနဲ့ သွားနေရတယ်လို့ သိရပါတယ်။
“ကားက နေ့တိုင်းတော့ ထွက်ပါတယ်။ ခရီးသည်ကော ကုန်ကားကော ဒါပေမယ့် တစ်ရက်ထဲနဲ့ ရောက်မယ်လို့တော့ အာမခံလို့မရဘူးဗျ။ လမ်းမှာ တစ်ညအိပ်ရတာတွေတော့ရှိတယ်ဗျ။ ကျနော်တို့လည်း ပြောရခက်တယ်” လို့ မြစ်ကြီးနား–တနိုင်း လမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ ကားဂိတ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ရေးအခြေအနေကြောင့် တနိုင်းဘက်ကနေ ဆင်းလာတဲ့ ခရီးသည်တွေ နမ္မတီး၊ လဝါးကျေးရွာတွေမှာ ညအိပ်ရတာမျိုးရှိသလို မြစ်ကြီးနားဘက်ကနေ တက်သွားတဲ့ ခရီးသည်တွေလည်း နမ်ဖြတ်၊ ဘန်ကောက် စတဲ့ကျေးရွာတွေမှာ ညအိပ်ရတာမျိုးရှိတယ်လို့ သိရပါတယ်။
မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဒီရက်ပိုင်း လီဒိုကားလမ်းပေါ်ထွက်လာပြီး နောင်းမီ၊ ဝါရာဇွပ်၊ လဝါး စတဲ့ကျေးရွာတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားနေပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေလည်း မကြာခနရှိနေတာကြောင့် ခရီးသွားတွေအတွက် အခက်အခဲဖြစ်နေတာလို့ သိရပါတယ်။
ဒါ့အပြင် လီဒိုကားလမ်းပေါ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ မင်းဇေသန့်ပြည်သူစစ်အဖွဲ့ကလည်း ခရီးသွားတွေကို ရပ်တန့်စစ်ဆေးတာ၊ မေးမြန်းတာတွေလည်းရှိနေကြောင်း သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ဝါရာဇွပ်၊ လဝါးကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပါပေးနေပြီး ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဝါရာဇွပ်ကျေးရွာထဲက လူနေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ခဲ့ကာ အရပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။