ငလျင်ဒဏ်နောက်ဆက်တွဲ သျှမ်းပြည်အတွင်း ပြန်လည်ထူထောင်ရန် အကူအညီများစွာလိုအပ်နေ

ငလျင်ဒဏ်နောက်ဆက်တွဲ သျှမ်းပြည်အတွင်း ပြန်လည်ထူထောင်ရန် အကူအညီများစွာလိုအပ်နေ

သျှမ်းပြည်အတွင်း ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် အကူအညီ များစွာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူ (၄,၂၁၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၆,၅၈၈) ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

အလားတူ အဆိုပါနေ့ တစ်ရက်တည်း၌ သျှမ်းပြည်တွင်လည်း အင်အား ၅ ရစ်ချ်တာစကေးထက် မနည်းသည့် ငလျင် တဆက်တည်းလှုပ်ခတ်ခဲ့ပြီး သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး အင်းလေးအပြင် ပင်လောင်း၊ အောင်ပန်း၊ တောင်ကြီး၊ မိုးနဲ၊ မောက်မယ် စသည့် မြို့နယ်များတွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

အင်းလေးဒေသတွင် ယမန်နှစ်၂၀၂၄ ခုနှစ် စက်တင်ဘာလက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံ ပြဿနာ အကြီးအကျယ် ကြုံတွေ့ခဲ့ရသည့်အပြင် ယခုအခါ ထပ်မံ၍ ငလျင်ဒဏ်ကြောင့် အိမ်များ လုံးဝပြိုလဲပျက်စီးခဲ့ပြီး မွေးကင်းစ ကလေးငယ်များ အပါအဝင် အရပ်သား စုစုပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့သည်။

ထို့အပြင် အင်းလေးဒေသရှိ ကျေးရွာများတွင် ငလျင်ဒဏ်ကြောင့် လူနေအိမ် (၂,၅၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ထိုအထဲမှ အိမ်ခြေ (၁,၃၀၀) ကျော်မှာ လူနေထိုင်၍ မရအောင် လုံးဝ ပျက်စီးသွားခဲ့သည်။

လက်ရှိအချိန်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံများကို ပြည်သူအချင်းချင်း ပြန်လည်ကူညီ ထောက်ပံ့နေရပြီး အကူအညီများစွာ လိုအပ်နေဆဲဖြစ်ကြောင်း မြေပြင်တွင် ကူညီလုပ်ကိုင်ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

မြေပြင်တွင် ကူညီကယ်ဆယ်ပေးနေသူများ၏ စာရင်းများအရ အင်းလေးဒေသရှိ ကျေးရွာအုပ်စု ၁၁ အုပ်စုမှ ကျေးရွာပေါင်း ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ၎င်းတို့ထဲမှ ကေလာကျေးရွာအုပ်စုနှင့် ဟဲယာရွာမတို့တွင် အထိအခိုက် အများဆုံး ဖြစ်ခဲ့သည်။

“ခုက တချို့ရွာတွေတော့ အိမ်တွေဖျက်ပြီးတော့ အသစ်ပြန်ဆောက်နေကြပြီ။ တချို့ရွာတွေက ဆင်းရဲတော့ အကူအညီတွေ အများကြီး လိုအပ်နေတုန်းပဲ။ လျှပ်စစ်မီးလည်း မရသေးတော့ ဆိုလာမီးလုံးတွေ လိုတယ်၊ လာလှူပေးတဲ့သူတွေရှိပေမယ့် တစ်ရွာလုံးမှ ၅ လုံးပဲ ရတော့ မဲနှိုက်ပြီး ကံကောင်းမှရတယ်” ဟု အင်းလေးဒေသအတွင်း ကူညီပေးနေသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင်လည်း မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် “အောင်ပန်း ဟိုတယ်”တစ်လုံးပြိုကျခဲ့ပြီး လူ ၂၅ ဦးခန့် ပိတ်မိသွားခဲ့ပြီး လူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကာ ကူညီကယ်ဆယ်ရေးများ၏ ရှာဖွေမှုများကြောင့် ပိတ်မိနေသူများအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။

အလားတူ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငလျင်ကြောင့် လူနေအိမ် ၁၀၀ ခန့် ပြိုကျပျက်စီးခဲ့ပြီး နန်းပန် ကျေးရွာတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း နေအိမ်ပျက်စီးမှုများအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်နေပြီး ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များ ရှိနေသော်လည်း လာရောက်ကူညီခြင်း မရှိသေးကြောင်း နန်းပန်ကျေးရွာအနီး နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် ငလျင်ဒဏ် ပြင်းထန်စွာခံစားခဲ့ရသော သျှမ်းပြည်တောင်ပိုင်း မြို့နယ်များသို့ ပြည်သူအချင်းချင်း ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်နေသော်လည်း အစိုးရ အဖွဲ့အစည်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ လာရောက်ကူညီမှု နည်းပါးနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

Most read this week

April 11, 2025
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ခက်ခဲနေချိန် စစ်ကောင်စီလက်အောက်ခံ...
April 11, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး...
April 10, 2025
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေအတွင်း ရွှေတူးဖော်ပြီး ဓာတုဆေးရေများ...
စစ်ခေါင်းဆောင်နှင့် UWSA၊ NDAA၊ SSPP/SSA ခေါင်းဆောင်များ ၂၀၂၂ ခုနှစ်အတွင်း နေပြည်တော်၌ တွေံဆုံခဲ့စဉ်။
April 8, 2025
သျှမ်းပြည် ‘ဝ’ဒေသအတွင်း UWSA ထိန်းချုပ် ပန်ဆန်းမြို့သို့ တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့်...