ငလျင်လှုပ်ခတ်မှုနောက်ပိုင်း မွန်ပြည်နယ်တွင် ဘိလပ်မြေဈေးနှုန်း သောင်းကျော်မြင့်တက်

ငလျင်လှုပ်ခတ်မှုနောက်ပိုင်း မွန်ပြည်နယ်တွင် ဘိလပ်မြေဈေးနှုန်း သောင်းကျော်မြင့်တက်

မွန်ပြည်နယ်၊ ဘိလပ်မြေအရောင်းဆိုင်တို့တွင်လည်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၁ သောင်းခန့် ဈေးနှုန်းမြင့်တက်လာသည်ဟု ဘိလပ်မြေအရောင်းဆိုင်နှင့် ကန်ထရိုက်သမားတို့ထံမှ သိရသည်။

ငလျင်မလှုပ်မှီကာလတွင် ဘိလပ်မြေတစ်အိတ်လျှင် ၁၉,၀၀၀ ကျပ်ဈေးနှုန်းရှိရာမှ ယခုလက်ရှိတွင် ၃၀၀၀၀ ကျပ်ထိဈေးမြင့်တက်နေပြီး၊ ဘိလပ်မြေအရောင်းဆိုင်ကြီးတို့တွင်လည်း အကန့်အသတ်နှင့် ရောင်းချပေးနေသည်ဟု မော်လမြိုင်မြို့မှ ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“တက်နေတာပေါ့ ငလျင်မလှုပ်ခင်ဆို ၁၉,၀၀၀ ဈေးရောက်နေတယ်၊ အခုကတစ်အိတ်ကို ၃၀,၀၀၀ ဖြစ် သွားတယ်၊ ဆိုင်ကြီးတွေမှာဆိုရင် Pro 1 တို့ ကျော်ကြားတို့မှာဆိုရင် ၂၅,၀၀၀ နဲ့ရတယ် ဒါမဲ့ လိုသလောက်တော့ မရောင်းပေးဘူး ကန်ထရိုက်သမားတွေကိုတော့ ဦးစားပေးရောင်းဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ဈေးနှုန်းမြင့်တက်မှုဖြစ်နိုင်ပြီး ပေါင်မြို့မှ ကုန်မာဆိုင်တို့တွင် ကြံ့တံဆိပ် ဘိလပ်မြေပြတ်လပ်နေသည်မှာ ၅ ရက်အထိရှိနေကြောင်းနှင့် တစ်ပိဿာအထုတ်များခွဲ၍ ရောင်းချမှုတို့လည်းရှိနေပြီး လုပ်ငန်းများအတွက် သက်ရောက်မှုမရှိသည့် အခြေအနေဖြစ်နေသည်ဟု ဒေသတွင်း သတင်းစာမျက်နှာတို့၏ ဖော်ပြချက်အရ သိရသည်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့်နေအိမ်တို့ကို ပြန်လည်ဆောက်လုပ်ရန် ဘိလပ်မြေတို့ကို အမြတ်မယူဘဲ ရောင်းချပေးနေသူတို့ရှိသလို ဝယ်ယူရရှိမှုအခက်ခဲကြောင့် ဈေးမြင့်တင်ရောင်းချနေသည့် ကုန်မာဆိုင်တို့လည်း များစွာရှိနေသည်။

လတ်တလော အခြားတိုင်းဒေသကြီးတို့တွင် ဘိလပ်မြေတအိတ်လျှင် ၄ သောင်းကျပ်ထိဈေးမြင့် တက်နေသော်လည်း မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းများ လိုအပ်သလိုဝယ်ယူရရှိနေပြီး ဈေးနှုန်းအနည်းငယ်သက်သာကြောင်း မော်လမြိုင်ရှိဘိလပ်မြေ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ယူရတာကတော့ သိပ်မခက်သေးဘူး ဈေးပဲတတ်နေတယ်၊ ထိုင်းဘက်နေယူတဲ့ ဘိလပ်မြေတွေဆို မော်လမြိုင် ပေါက်ဈေးအရတော့ ၃၅,၀၀၀ ရှိတယ်၊ ပြည်တွင်းဘိလပ်မြေဆိုပေါက်ဈေးဆို ၃၀,၀၀၀ ရှိတယ် ရန်ကုန်ဘက်မှာဆို ၄ သောင်းခွဲဖြစ်နေပြီး၊ ပဲခူး ဘက်မှာဆိုရင်လည်း ၃၅,၀၀၀ ပေါ့၊ ကျနော်တို့ ဘက်မှာ ဈေးသက်သာနေသေးတာက ထိုင်းနယ်စပ်နဲ့နီးတယ် ထိုင်းဘိလပ်မြေဈေးနှုန်းအထိ မြင့်တက်ဖို့က မဖြစ်နိုင်ဘူး၊ နောက်မြိုင်ကလေးကဘိလပ်မြေဆိုလည်းရနေသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်ပတင်သွင်းခြင်းကို လျှော့ချလိုက်သည့်အပြင် တော်လှန်ရေးတပ်များက ဘိလပ်မြေစက်ရုံးအချို့နှင့် ကုန်ကြမ်းထွက်နေရာများကို ထိန်းချုပ်ထားခြင်း၊ ကုန်စက်ရုံများမှာ လျှပ်စစ်မီးမမှန်သောကြောင့် ပုံမှန်လည်ပတ်ရန်ခက်ခဲနေဆဲဖြစ်သည်။

ထို့ကြောင့် ၂၀၂၅ ဇန်နဝါရီတွင် စစ်ကောင်စီမှ ပြည်ပမှ ဘိလပ်မြေတင်သွင်းခွင့်တို့ကို ပြန်လည်ခွင့်ပြုလိုက်သဖြင့် ဈေးနှုန်း ပြန်လည်ငြိမ်သက်လာစဉ်တွင် ငလျင်ဒဏ်ကြောင့် တစ်ဖန်မြင့်တက်လာခဲ့သည်။

ဘိလပ်မြေနှင့်အတူ အခြားသောဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်ကြသည့် သံ၊ အုတ်၊ သဲ၊ ကျောက်အစရှိသည့် ပစ္စည်းများလည်း ဈေးတက်ရန် ဟန်ပြင်နေကြကြောင်းလည်း အဆောက်အဦး ကန်ထရိုက်တစ်ဦးက ပြောသည်။

Most read this week

April 8, 2025
ကရင်ပြည်နယ်၊ ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့တွင် လက်ရှိ မြန်မာနှင့်ထိုင်းမှ ဖုန်းလိုင်း...
April 7, 2025
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊...
April 4, 2025
ငလျင်ဘေး ကူညီကယ်ဆယ်ရန်ဟုဆိုကာ အကောင့်တုများဖြင့် ပြည်သူလူထုများထံ ...
April 3, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက် (ခေါ်) အုတ်ဖိုရပ်ကွက်ရှိ...