ငွေစက္ကူရှားပါးလို့ အရောင်းအဝယ်လုပ်တဲ့နေရာတွေမှာ အခက်ခဲများစွာ ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့မှာ ကြုံနေရ

ငွေစက္ကူရှားပါးလို့ အရောင်းအဝယ်လုပ်တဲ့နေရာတွေမှာ အခက်ခဲများစွာ ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့မှာ ကြုံနေရ

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့မှာ ငွေစက္ကူတွေ ရှားပါးလာပြီး ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေးနဲ့ အရောင်းအဝယ်လုပ်တဲ့နေရာတွေမှာ အခက်ခဲများစွာရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘဏ်လည်ပတ်မှု မရှိတော့တဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်၊ မင်းတပ်၊ မတူပီနဲ့ ပလက်ဝမှာ ဒေသခံတွေအနေနဲ့ Wave နဲ့ Kpay တွေကနေ ငွေလွှဲ၊ ငွေထုတ်တွေ လုပ်ရသလို ငွေထုတ်ရာမှာ အင်တာနက်၊ ဖုန်းလိုင်း အခက်ခဲများစွာလည်းရှိသလို လိုချင်သလောက်ပမာဏလည်း မရနိုင်ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ပြည်တွင်းနဲ့ ပြည်ပနိုင်ငံခြားမှာရှိတဲ့ မိသားစုဝင်တွေက ပိုက်ဆံကို အင်တာနက်နဲ့ တိုက်ရိုက်လွှဲတာမျိုးမရဘူး။ ရန်ကုန်မှာရှိတဲ့ ပိုက်ဆံနည်းနည်းရှိတဲ့သူတွေက ရွာဘက်မှာ ငွေသွင်း၊ ငွေထုတ်လုပ်တယ်။ သူတို့က ပိုက်ဆံတွေကို သူတို့အိမ်မှာ ထုတ်ခိုင်းတယ်။ ပြီးတော့ ၁၀ ရာခိုင်နှုန်းဆိုတော့ တစ်သိန်းကို တစ်သောင်းယူတယ်။ ပလက်ဝမှာ၊ အင်တာနက်ဖုန်းလိုင်းလည်းမရဘူး။ ဒါပေမယ့် ရွာဘက်မှာရှိတဲ့သူက လိုင်းမိတဲ့နေရာကနေ ပြည်တွင်း၊ ပြည်ပကသူတွေဆီကို ဖုန်းဆက်ပြီးမှ ပိုက်ဆံ ဘယ်လောက်လွှဲပေးတယ် ပိုက်ဆံဘယ်လောက်ကို ဘယ်သူ့ကို ဘယ်လောက်ထုတ်ပေးရမလဲဆိုတာ သူကနေတဆင့် လုပ်ပြီးမှ Wave ၊ Kpay တို့ကနေ သွင်းထုတ်လုပ်ကြတာပေါ့။ အဲလိုမျိုးကလည်း နေ့တိုင်းရတာမဟုတ်ဘူး။ တစ်ခါတစ်လေမှရတာပေါ့။ လိုသလောက်ပမာဏမရဘူး။ ငွေသားရှားပါးလာတဲ့အခါကြတော့ ဈေးဝယ်တာတွေမှာ အခက်ခဲရှိတာပေါ့။ အရောင်းဝယ်လုပ်တာဖြစ်ဖြစ်၊ တစ်ခြားနေရာတွေမှာဖြစ်ဖြစ် ငွေကြေးနဲ့ ခက်ခဲဖြေရှင်းတဲ့ချိန်မှာ အရမ်းခက်ခဲတာပေါ့နော်” လို့ ပြောပါတယ်။

ပလက်ဝမြို့ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ပြီးကတည်းက ငွေစက္ကူရှားပါးတဲ့ ပြဿနာကို ဒေသခံတွေအနေနဲ့ ကြုံနေရပြီး ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေးနဲ့ ဝယ်/ရောင်းတွေမှာ အခက်ခဲတွေများစွာရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ကန်ပက်လက်မြို့ဒေသခံတစ်ဦးက “ကန်ပက်လက်မြို့နယ်မှာက ဥပမာ ၁ သိန်းလွှဲရင် ၃ ထောင်လောက်တော့ Wave တို့ Kapay ဆိုင်တွေပေးရတယ်။ ကန်ပက်လက်မှာက ဆောနဲ့ နီးတဲ့အခါကြတော့ ငွေစက္ကူအခက်အခဲတော့ တခြားမြို့တွေလို ဆိုးဆိုးရွားရွားတော့ မရှိဘူး လိုသလောက်လည်း ရနိုင်ပါတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့က သိမ်းပိုက်ခဲ့သလို မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့သလို၊ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်၊ ကန်ပက်လက်မြို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Most read this week

April 10, 2025
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မြို့နယ်...
March 5, 2025
ချင်းပြည်နယ်မှာ ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ဖို့ ဟားခါးမြို့နဲ့ တီးတိန်မြို့မှ စာစစ်ဌာန...
February 26, 2025
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ထာရ်မြို့နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်...