အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ထာရ်မြို့နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ် (၂) ကုန်သွယ်ရေးတံတားကနေ တရားမဝင်ကုန်သွယ်မှုတွေကို ရပ်ဆိုင်းဖို့ အိန္ဒိယအစိုးရ ပြင်ဆင်နေတဲ့အပေါ် နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ချင်းလူမျိုးဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ ဖြစ်နေကြပါတယ်။
အိန္ဒိယ - မြန်မာ ကုန်သွယ်ရေး နယ်စပ်ဂိတ်တွေထဲက ချင်းလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ် (၂) ကုန်သွယ်ရေးတံတားကနေ အိန္ဒိယနိုင်ငံဘက်ကို နှစ်နိုင်ငံကြား ကုန်သွယ်ခွင့်ပြုထားတဲ့ နယ်စပ်ဂိတ်ကနေ တရားမဝင်ကုန်သွယ်တာတွေ ရပ်ဆိုင်းဖို့ အိန္ဒိယအစိုးရဘက်က ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
ရိခေါ်ဒါရ်မြို့နေထိုင်သူ ဒေသခံတစ်ဦးက “ဒီလိုသာ သူတို့ဘက်က ဆောင်ရွက်လာရင်တော့ ကျနော်တို့ နယ်စပ်တကျောက ဒေသခံတွေကော ကျနော်တို့ဒေသကို စစ်ရှောင်နေတဲ့ ပြည်သူတွေအပေါ်မှာကော အများကြီး သက်ရောက်မှုရှိမယ်။ ဒေသခံတွေအနေနဲ့က ကုန်သွယ်မှုကို ဆက်ပြီး ရှိနေစေချင်ကြတာပေါ့” လို့ ပြောပါတယ်။
အခုလို မြန်မာနိုင်ငံနဲ့ တရားမဝင်ကုန်သွယ်မှုတွေကို ရပ်ဆိုင်းပြီး တရား၀င်ကုန်သွယ်ဖို့အတွက် အိန္ဒိယအစိုးရ ပြင်ဆင်နေတယ်လို့ Time of India က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဖော်ပြထားတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဇိုခေါ်ထာရ်မြို့ နယ်စပ်ဂိတ်ကနေ တရားမဝင်ကုန်သွယ်မှုတွေ အများအပြားရှိနေတာဖြစ်ပြီး ဒါဟာ အိန္ဒိယအစိုးရရဲ့ ဘဏ္ဍာငွေကို ထိခိုက်စေတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
မီဇိုရမ်ပြည်နယ် ဇိုခေါ်ထာရ်မြို့ နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံက အဝတ်အထည်၊ ငွေထည်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ အချိုရည်တို့ကို တင်သွင်းတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာ - အိန္ဒိယ နယ်စပ် မြန်မာဘက်ခြမ်းမှာရှိတဲ့ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့က ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကနေ ဆန်၊ ဆီ၊ ဆား၊ ငါးပိတို့ကို တင်သွင်းပြီး နှစ်နိုင်ငံနယ်စပ်ကြားက ဒေသခံတွေဟာ ကုန်သွယ်မှုလုပ်ငန်းတွေပေါ် အဓိက မှီတင်းလုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။
အိန္ဒိယ - မြန်မာ နှစ်နိုင်ငံနယ်စပ် အမှတ် (၂) ကုန်သွယ်တံတားရှိတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး (CNF/A)၊ CDF – Zanniatram ၊ PDF – PDA ၊ CDF – Thantlang နဲ့ ဒေသအခြေစိုက် CDF – Hualngoram ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးကိုလည်း ဖော်ဆောင်ထားပြီးဖြစ်တဲ့မြို့ဖြစ်သလို စစ်ဘေးရှောင်များစွာနေထိုင်တဲ့ ဒေသလည်းဖြစ်ပါတယ်။