နေပြည်တော်တွင် ဝန်ထမ်းအိမ်ရာ ၁၀၀ ကျော် ပြိုကျပြီး ၅၀၀ ကျော် ကြီးမားစွာပျက်စီး

နေပြည်တော်တွင် ဝန်ထမ်းအိမ်ရာ ၁၀၀ ကျော် ပြိုကျပြီး ၅၀၀ ကျော် ကြီးမားစွာပျက်စီး

ပုံအညွှန်း – ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အထပ်လေးထပ်ရှိသည့် ဝန်ထမ်းအဆောက်အဦတခုအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က တွေ့ရစဥ်

ငလျင်ကြောင့် နေပြည်တော်တွင် ဝန်ထမ်းအိမ်ရာ ၁,၅၀၀ ကျော်ရှိသည့်အနက် ၁၁၆ လုံး ပြိုကျပျက်စီးပြီး ၅၀၇ လုံးမှာ ပြိုကျခြင်းမရှိသော်လည်း ကြီးမားစွာပျက်စီးခဲ့ကြောင်း ဧပြီလ ၅ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီက စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို တင်ပြခဲ့သည့်စာအရ သိရသည်။

လက်ရှိတွင် ဝန်ထမ်းအိမ်ရာ ၆၂၃ လုံး အသစ်ပြန်လည်တည်ဆောက်ရမည့်အခြေအနေဖြစ်ပြီး ၄၂၇ လုံးမှာ အကြီးစားပြုပြင်ပေးပါက ပြန်လည်နေထိုင်နိုင်မည့် အခြေအနေဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဝန်ထမ်းအိမ်ရာများထဲမှ ၄၈၄ လုံးမှာ လတ်တလော ပြန်လည်နေထိုင်နိုင်သည့် အခြေအနေဖြစ်ကြောင်း အကြမ်းဖျဉ်း စိစစ်တွေ့ရှိထားသည်ဟုလည်း သိရသည်။

အကြီးစားပြုပြင်၍ ပြန်လည်နေထိုင်နိုင်မည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ၄၂၇ လုံးအား အမြန်ပြုပြင်ပြီး ဝန်ထမ်းများအား ပြန်လည်နေရာချထားနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ဝန်ကြီးဌာနများ၏ အင်ဂျင်နီယာဌာနနှင့် တည်ဆောက်ရေးကန်ထရိုက်တာများသို့ တာဝန်ပေးအပ်သွားမည်ဟု ဆိုထားသည်။

နေပြည်တော်ကောင်စီက ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဝန်ထမ်းအိမ်ရာများတွင် အဆောင်နှင့် အမှုထမ်းအိမ်ရာဟုရှိပြီး အဆောင်တခုလျင် အခန်း ၄၈ ခန်းရှိပြီး အမှုထမ်းအိမ်ရာ၌ အခန်း ၂၄ ခန်းပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို တင်ပြခဲ့သည့်စာတွင် ငလျင်ကြောင့် ပြိုကျပျက်စီးသည့် ဝန်ထမ်းအိမ်ရာစာရင်း၌ အဆောင်နှင့် အမှုထမ်းအိမ်ရာစာရင်းကို သီးသန့် ခွဲခြားဖော်ပြထားခြင်း မရှိပေ။

တည်ဆောက်ရေးကန်ထရိုက်တာမရှိသည့် ဝန်ကြီးဌာနများအတွက်မူ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာအသင်း (MLCA) နှင့် မြန်မာ မြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) တို့သို့ ခွဲဝေတာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် လူထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်အတွင်းရှိ အထပ်လေးထပ်ရှိသည့် စစ်ကောင်စီ၏ ဝန်ထမ်းအိမ်ရာများလည်း သုံးထပ်၊ တထပ်သာ ကျန်ရစ်တော့သည့်အထိ ပြိုကျပျက်စီးခဲ့ပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များလည်း သေဆုံးခဲ့သည်။

ငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး လွှတ်တော်အဆောက်အဦများ၊ ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဒေသခံများ၏ နေအိမ်၊ အ‌ဆောက်အဦများလည်း ပြိုကျပျက်စီးခဲ့သည်။

ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများအတွက် တဦးလျှင် ကျပ် ၁၀ သိန်းစီ ထောက်ပံ့မည်ဖြစ်ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီးလည်း ပျက်စီးမှုအပေါ်မူတည်၍ ထောက်ပံ့သွားမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၅ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် အစည်းအဝေးတွင် ပြောသည်။

ထိုထောက်ပံ့မှုများနှင့်ပတ်သက်ပြီး မည်သည့်အချိန်တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း မသိရသေးသကဲ့သို့ အဆောက်အအုံ ပျက်စီးမှုများအပေါ်တွင်လည်း မည်မျှသတ်မှတ်ထားကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေး‌ပေ။

Most read this week

April 11, 2025
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ...
April 11, 2025
ဧပြီ ၁၀ ရက် ကောလင်းမြို့နယ် အင်ပင်လှကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှု။ (ဓါတ်ပုံ- Kawlin Info...
April 10, 2025
အခက်အခဲဖိအားပေါင်းစုံကို နည်းလမ်းပေါင်းစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွ ဖြတ်ကျော်ပြီး ၁၀၂၇...
ဧပြီ ၉ ရက်၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု။ ထိုလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်အပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့သည်။ (ဓါတ်ပုံ - Kawlin Info)
April 10, 2025
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၉ ရက် ည‌နေတွင်...