ပုံစာ - နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီးနောက် နောင်လင်ရွာ နေအိမ်ပျက်စီးမှု (ဓာတ်ပုံ - TNLA)
သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ (၉၀၂) အမြောက်တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထုတ်ပြန်လာသည်။
ဧပြီလ ၅ ရက် နေ့လယ် (၂) နာရီခန့်တွင် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာရှိ (၉၀၂) အမြောက်တပ်စခန်းအနီး TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ် အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၃) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်သည်။
“တောင်းခမ်းဘက်တော့ တိုက်ပွဲက နေ့တိုင်းကို ဖြစ်နေကျပဲ။ ရွာသားတွေကတော့ အင်တောဘက် မဟုတ်ရင်လည်း ပြင်ဦးလွင်ဘက်အထိ စစ်ဘေးရှောင်ကုန်ပြီ။ အခု တိုက်ပွဲဖြစ်တဲ့နား ဘယ်သူမှ မနေရဲတော့ဘူး။ အခုလည်း အပစ်ရပ်လား မရပ်လားဆိုတာ ပြောတဲ့အတိုင်း လုပ်တာမှမဟုတ်ဘဲ” ဟု နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
နောင်ချိုမြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံးဖြင့် ပြန်လည်တိုက်ခိုက်သည်မှာ (၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ ဖေဖော်ဝါရီလ တတိယပတ်အတွင်းကလည်း စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာရပြီး (၄) ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။
အလားတူ ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီကျော်ကလည်း နောင်ချိုမြို့နယ်ရှိ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၃) ကြိမ် လာရောက်ကြဲချခဲ့ရာ နေအိမ် (၄) လုံး ထိမှန်ပြီးပျက်စီးဆုံးရှုံးခဲ့သည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် မြန်မာနိုင်ငံတဝှမ်း အင်အားပြင်းငလျင် လှုပ်ခတ်နေစဉ် နောင်ချိုမြို့နယ် နောင်လင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲခဲ့ခြင်းကြောင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA မှ စစ်မေ (၆) ဦးနှင့် တပ်သား (၁) ဦး ကျဆုံးခဲ့ကြောင်း DPLA ခေါင်းဆောင်ဖြစ်သူ ဦးထွန်းထွန်းနိုင်က ရွှေဖီမြေသတင်းဌာနသို့ မတ်လ (၂၉) ရက်တွင် ဖြေကြားထားသည်။
ဧပြီလ (၂) ရက်မှ (၂၂) ရက်အထိ ရက်ပေါင်း (၂၀) ကြာ အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များသို့ စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကြဲခြင်း စသည့် လုပ်ရပ်များ ပြုလုပ်နေလျက်ရှိကြောင်း TNLA ဘက်မှ ထုတ်ပြန်သည်။
ထို့အပြင် အပစ်ရပ်ကြေညာထားသော စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ပင့်ကူတောင်အောက်အနီးသို့ ဧပြီ ၅ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သပိတ်ကျင်းမြို့နယ် (၇) မိုင်တွင်လည်း ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်၊ ဗုံး (၈) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။