ဘိတ်-ထားဝယ် ခရိုင်တွင် ငှက်ဖျားရောဂါကြောင့် ၂ ဦးသေဆုံး

ဘိတ်-ထားဝယ် ခရိုင်တွင် ငှက်ဖျားရောဂါကြောင့် ၂ ဦးသေဆုံး

KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလား (ပုလော) မြို့နယ်တွင် ငှက်ဖျားရောဂါကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက ကလေးတစ်ဦးနှင့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု ဆိုင်ရာကျန်းမာရေးတာဝန်ရှိသူက ပြောသည်။

ငှက်ဖျားရောဂါဖြစ်ပွားပြီး ဦးနှောက်တွင်းသို့ ငှက်ဖျားပိုးဝင်၍ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် လသားအရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသတွင်းရှိ ကော်သူးလေကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနမှ ဝန်ထမ်းအမျိုးသမီးက ပြောသည်။

၎င်းက “ငှက်ဖျားဖြစ်ပွားတာ တဖြည်းဖြည်းများလာတယ်။ အဲဒီ ငှက်ဖျားပိုးတွေက PF အမျိုးအစားရော၊ PV အမျိုးစားတွေရောဖြစ်တယ်။ ငှက်ဖျားဆေးတွေလည်း မလုံလောက်ဘူး။ ဆေးပို့တဲ့လမ်းကြောင်းတွေလည်း အခက်အခဲရှိတယ်။ လမ်းပွင့်ရင် ငှက်ဖျားဆေး ပို့လာပေးစေချင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ငှက်ဖျားအတွက် ဆေးနှင့် ဆေးဘက်သုံးပစ္စည်းများရှိသော်လည်း အထောက်အပံ့အချို့ ရပ်ဆိုင်းလိုက်သည့်အတွက် ပိုဆောင်ရေးအခက်အခဲတချို့ ကြုံလာရသည်ဟု ကော်သူးလေကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန၊ တာဝန်ခံ ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။

“ဘိတ်-ထားဝယ် ခရိုင်က နေရာလည်းကျယ်တယ်။ ပြီးတော့ တစ်နေရာနဲ့တစ်နေရာ သွားရတာဝေးတယ်။ လမ်းခရီးတွေလည်း ခက်ခဲတယ်။ ဆေးဝါးတွေက ရောက်ပေမယ့်လည်း ဝန်ဆောင်မှုပေးဖို့အတွက် သွားလာဖို့က စရိတ်တွေက မရှိဘူး။ ပြောရမယ်ဆိုရင် ဝန်ဆောင်မှုက အကူအညီရှိတုန်းကလို ထိရောက်မှုမရှိဘူး။ ဆေးရောက်တာနောက်ကျရင် ငှက်ဖျားပိုးက များသထက်များလာတယ်၊ အဲလိုတွေတော့ရှိတယ်” ဟု ပဒိုစောဒိုင်းမွန်းခင်က ပြောသည်။

ငှက်ဖျားဆေးဝါးများနှင့် ရောဂါစစ်သည့် ဆေးကိရိယာများကို ၃ လတစ်ကြိမ် ပို့ဆောင်ပေးခဲ့သလို မိုးရာသီအတွက် ၆ လတစ်ကြိမ် ပို့ဆောင်ပေးမှုများ လုပ်ဆောင်နေသည်ဟု KDHW ထံမှ သိရသည်။

ထို့အပြင် ကော်သူးလေကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန ပြုစုထားသည့် စာရင်းအရ ဘိတ်-ထားဝယ် ခရိုင်ထဲတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မတ်လအထိ လူ ၁,၉၆၇ ဦးကို ငှက်ဖျားပိုးစစ်ခဲ့ပြီး ငှက်ဖျားပိုးတွေ့ရှိသူ ၅၃၇ ဦး ရှိခဲ့သည်။

ထိုအထဲမှ PV (Plasmodium vivax) အမျိုးအစား  ၄၈၇ ဦး နှင့် PFအမျိုးအစား ၅၃ ဦးတို့ဖြစ်ကြောင်း သိရသည်။

KNU ဘိတ်-ထားဝယ် ခရိုင်အပြင် အခြားခရိုင်တွင်လည်း အလားတူ ငှက်ဖျားဖြစ်ပွားမှုများလာကာ တောတောင်များထဲတွင် စစ်ရှောင်နေရသူများ ခြင်ထောင်မလုံလောက်ခြင်းနှင့် သောက်သုံးရေ အခက်အခဲများကြောင့် ငှက်ဖျားဖြစ်ပွားမှု များလာကြောင်း သိရသည်။

ငှက်ဖျားတိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး USAID ပံ့ပိုးကူညီမှုဖြင့် ဘိတ်ထားဝယ်ခရိုင်အပါအဝင် KNU ထိန်းချုပ်သည့် နယ်မြေများတွင် ယခင်က အ‌မေရိကန် ဒုက္ခသည်များဆိုင်ရာကော်မတီ - American Refugee Committee (ARC) နှင့် အခြား NGOs အဖွဲ့များမှ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းနှင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင် ထောက်ပံ့ကူညီမှု အလွန်နည်းပါးလာကြောင်း သိရသည်

Most read this week

April 11, 2025
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ရစ်ခ်တာစကေး ၆ နှင့်အထက် လှုပ်ခတ်ခဲ့ဖူးတဲ့ မြေငလျင်ကြီး ၁၈...
April 11, 2025
တနင်္သာရီတိုင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာ၊ ဒေသတဝိုက်တွင် စစ်ကောင်စီက...
April 9, 2025
စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ထိ ယာယီ အပစ်ရပ်ထားမည်ဟု ပြောဆိုထားသော်လည်း ကော့ကရိတ်မြို့နယ်၊...
April 8, 2025
သံလွင်နဲ့ သောင်ရင်းမြစ်ဆုံရာ ကမ်းနံဘေး သဲသောင်ပြင်ပေါ် သဘာဝလရောင်အောက်မှာ ကလေးငယ် ၈ ဦးနဲ့...