ဝိုင်းမော်စစ်ဘေးရှောင် ကလေး အယောက် ၄၀၀ လောက် ဒီကနေ့အထိ ကျောင်းမတက်နိုင်သေး

ဝိုင်းမော်စစ်ဘေးရှောင် ကလေး အယောက် ၄၀၀ လောက် ဒီကနေ့အထိ ကျောင်းမတက်နိုင်သေး

ဝိုင်းမော်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး နောင်းချိန်ကျေးရွာက စစ်ရှောင်စခန်းနဲ့ ခါနန်စစ်ရှောင်စခန်းမှာ သွားရောက်ခိုလှုံနေကြတဲ့ စစ်ရှောင်ကလေး ၄၀၀ လောက်ဟာ အခုချိန်ထိ ကျောင်းမတက်နိုင်သေးဘူးလို့ သိရပါတယ်။

ဝိုင်းမော်မြို့ပေါ်မှာ အထက်တန်းကျောင်းတစ်ခုပဲဖွင့်ထားပြီး မြို့တွင်းက အခြားမူလတန်းကျောင်းနဲ့ မြို့ပြင်ကျေးရွာတွေက ကျောင်းတွေအားလုံးနီးပါး ပိတ်ထားတာကြောင့် ကျောင်းတက်နိုင်ရေး အခက်အခဲဖြစ်နေတာပါ။

ခါနန်စစ်ရှောင်စခန်းမှာ တိမ်းရှောင်နေရတဲ့ ဝူယန်ကျေးရွာ အနီးတစ်ဝိုက်က ကျေးရွာတွေက ပြည်သူတွေလည်း စစ်ရှောင်နေရတာကြောင့် ကျောင်းမတတ်နိုင်ကြတာလို့ ခါနန်စစ်ရှောင်တာဝန်ခံက ပြောပါတယ်။

“ဝါရှောင်မှာဖွင့်လာရင်တော့ ကျွန်တော်တို့ အဲဒီမှာအိမ်နှစ်အိမ်လောက်ငှားပြီး မိဘတွေက တစ်ပတ်လှည့်စီ ထမင်းချက်ကျွေးကြဖို့ ပြောထားကြပေမဲ့ နီးစပ်ရာနေရာတွေမှာ ကျောင်းမဖွင့်လာသေးလို့ ဒီအတိုင်းပဲ နေနေကြတာ။“လို့ တာဝန်ခံက ဆိုပါတယ်။

ခါနန်စစ်ရှောင်စခန်းကကလေးတချို့ကတော့ မြစ်ကြီးနားမြို့ဘက်ကို ပြောင်းပြီး ကျောင်းသွားတက်နေကြပေမဲ့ ကလေးအယောက် ၁၀၀ နီးပါးလောက်တော့ စခန်းအတွင်းမှာ ကျောင်းမတက်နိုင်ဘဲ ရှိနေတာပါ။

အဲဒီ ခါနန်စစ်ရှောင်စခန်းဟာ ဝူယန်ကျေးရွာကပြည်သူအယောက် ၈၀၀ ဝန်းကျင်လောက်တိမ်းရှောင်နေတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ်အတွင်းက ပြည်သူတွေအများဆုံး စစ်ရှောင်နေကြတဲ့ နောင်းချိန်းစစ်ရှောင်စခန်းက ကလေးတချို့လည်း အခုချိန်ထိ ကျောင်းမတက်နိုင်ကြသေးတာရှိတယ်လို့ စစ်ရှောင်တာဝန်ခံဆီက ကြားသိရပါတယ်။

“ကျောင်းမတက်နိုင်တဲ့သူတွေကလည်း ဒီအတိုင်းရှိနေတယ်။ အဲဒါကို ကျွန်တော်တို့ Volunteer (စေတနာ့ဝန်ထမ်း)တွေ Train(သင်ကြား) ပြီးတော့ ကျောင်းမသွားနိုင်တဲ့သူတွေကို စာသင်ပေးဖို့ လုပ်နေပါတယ်။“လို့ ဆိုပါတယ်။

နောင်းချိန်းကျေးရွာအတွင်းမှာ စစ်ရှောင်စခန်းများတဲ့အတွက် ကလေးတွေကို နေ့စဉ်စခန်းတိုင်းမှာ လိုက်သင်ပေးဖို့ မဖြစ်နိုင်တာကြောင့် တစ်နေရာတည်းမှာ စုသင်နိုင်ဖို့အတွက် စာသင်ဆောင်ဆောက်ဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

နောင်းချိန်းစစ်ရှောင်စခန်းတွေက ကလေးအများပိုင်းကလည်း နောင်းချိန်းအထက်တန်းကျောင်းမှာ မနက်ပိုင်းနဲ့ ညနေပိုင်းဆိုပြီး အချိန်ခွဲတက်ရောက်နေကြပေမဲ့ စာသင်ခန်းမလုံလောက်တဲ့အတွက် အခုထိ မတက်နိုင်တဲ့ ကလေးအယောက် ၃၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

တစ်ပြည်နယ်လုံးရှိ စစ်ရှောင်ကလေးတွေအားလုံး သူတို့ရှိတဲ့နေရာမှာ ကျောင်းတက်နိုင်အောင် လုပ်ပေးမှာဖြစ်ကြောင်းနဲ့ ဘယ်အချိန်ဖြစ်ဖြစ် ကလေးတွေအနေနဲ့ ကျောင်းတက်နိုင်မယ့် အခွင့်အရေးကို ပေးထားတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြီးခဲ့တဲ့ဇွန်လက ဖြေကြားထားပါတယ်။

လတ်တလောမှာ နောင်းချိန်းကျေးရွာအတွင်း KBC စစ်ရှောင်စခန်း ၁၈ ခုနဲ့ စစ်ဘေးရှောင်ဦးရေ အယောက် ၈,၀၀၀ ဝန်းကျင်ရှိပြီး အခြားအသင်းတော်က ဖွင့်ထားတဲ့ စစ်ရှောင်စခန်း ၂ ခုမှာတော့ လူဦးရေ ၁,၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မေလ ၁၈ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ဝိုင်းမော်မြို့နဲ့ အနီးတစ်ဝိုက်ကပြည်သူတွေ နေထိုင်လို့မရတော့ဘဲ တိမ်းရှောင်ခဲ့ရတာပါ။

ဝိုင်းမော်မြို့ပေါ်မှာ ဒီကနေ့အချိန်ထိ ညစဉ် လက်နက်ကြီးပစ်ခတ်နေဆဲဖြစ်သလို မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေလည်း ဝိုင်းမော်မြို့နယ်ဘက်ကို လက်နက်ကြီးတွေပစ်ခတ်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...