သျှမ်းမြောက်တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ရပ်စောက် စစ်ကောင်စီ ဂိတ်ဖြတ်သန်းခွင့်မပြု

သျှမ်းမြောက်တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ရပ်စောက် စစ်ကောင်စီ ဂိတ်ဖြတ်သန်းခွင့်မပြု

သျှမ်းပြည် ရပ်စောက်မြို့ရှိ စစ်ကောင်စီတပ်သည် ပြည်မမှ တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများကို ဂိတ်ဖြတ်သန်းခွင့်မပြုဘဲ ခရီးသွားလာခွင့် ကန့်သတ်နေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ပထမပတ်မှ စတင်၍ ရပ်စောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် သျှမ်းမြောက်သို့ ခရီးသွားမည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ စစ်ကိုင်း၊ မကွေးနှင့် မန္တလေး တိုင်းများမှ အရပ်သား ခရီးသွားများကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

“စစ်ဘေးရှောင်တော့ မဟုတ်ဘူးဗျ၊ ဗမာပြည်ကနေ တက်လာတဲ့ဟာကိုပဲ စစ်တာ။ ၁၃ မျဉ်းစောင်း ဆိုရင်တော့ ပေးမပြန်ဘူးတော့ မဟုတ်ဘူး လိုလိုလားလားပဲ သွားလာခွင့် ပေးဖြတ်တယ်။ အဲ့မှာ ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်းတို့ တက်လာတယ်ဆိုရင်တော့ သူတို့က ဒီနားမှာ အထောက်အထား မရှိရင်တော့ ပြန်လွှတ်တယ် ပေးမဖြတ်ဘူး”ဟု ရပ်စောက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ အပါအဝင် ဂိတ်စောင့်နေသည့် ရပ်စောက်မြို့အဝင်ဂိတ်၊ ၁၁ မိုင်ဂိတ်နှင့် ကျောက်ဂူကျေးရွာရှိ ဂိတ်များတွင် ခရီးသွားများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း သိရသည်။

“ ရပ်စောက်မှာ ပိတ်တယ်၊ ၁၁ မိုင်မှာ ပိတ်တယ် သုံးနေရာ ဆက်တိုက်ပိတ်တယ်၊ အဲ့တာ စစ်တပ်ဘက်ကလေ စာသင်ကျောင်းနားမှာ စစ်ကြတာ။ ကျောက်ဂူမှာတော့ ဘာမှ သိပ်မမေးဘူး။ မေးရုံမြန်းရုံပဲ ဘာမှ တားထားတာ သိပ်မတွေ့ဘူး”ဟု တောင်ကြီးမြို့မှ နောင်ချိုမြို့သို့ ပြန်လာသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ်ရှိ ၎င်းစစ်ကောင်စီဂိတ်များတွင် ပြည်မမှ တက်လာသည့် ခရီးသွားများကို မှတ်ပုံတင် စစ်ဆေးကာ ကားပေါ်မှ ဆင်းခိုင်းပြီး လှည့်ပြန်ခိုင်းသည်အထိ ခရီးသွားလာခွင့် ကန့်သတ်နေခြင်းကြောင့် ကြိုတင်မေးမြန်းပြီးမှ သွားလာသင့်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်ခန့်မှ စတင်ပြီး ပြင်ဦးလွင်မြို့ ဇီးပင်ကြီးရွာရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် တွင် ခရီးသွားကားများကို တင်းကြပ်စွာ စစ်ဆေးနေပြီး ၁၃ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူများကို ပြင်ဦးလွင်မြို့သို့ ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် နေရပ်ပြန် စစ်ရှောင်များက ပြောသည်။

ထို့အပြင် သျှမ်းပြည်အတွင်းမှ တိုက်ပွဲများကြောင့် သျှမ်းပြည် မှတ်ပုံတင်ကိုင်ဆောင်သူ ၁၃/ လူငယ်များကို သြဂုတ်လ ၁၈ ရက်မှ စတင်၍ ကရင်ပြည်နယ် ဘားအံမြို့ စစ်ကောင်စီဂိတ်များတွင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ မြဝတီနှင့် ရွှေကုက္ကိုလ်သို့ရောက်ရှိနေသော သျှမ်းပြည်မှ လူငယ်အများအပြား နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေကြောင်း သိရသည်။

September 16, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က...
September 16, 2024
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...
September 13, 2024
သျှမ်းတောင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင် ဖြစ်ပွားနေသည့် ရေကြီး မြေပြိုမှုများကြောင့်...
September 13, 2024
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့...