လမိုင်းမြို့ရှိ ရွှေဆိုင်တစ်ဆိုင်လုယက်ခံရပြီး၊ သိန်းထောင်ချီပါသွား

လမိုင်းမြို့ရှိ ရွှေဆိုင်တစ်ဆိုင်လုယက်ခံရပြီး၊ သိန်းထောင်ချီပါသွား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရှင်စောပုဈေးဝင်းအတွင်းရှိ  "ယုဇန " အာမခံစိန်ရွှေရတနာဆိုင်တွင်  ယနေ့(စက်တင်ဘာ ၃) ရက်နေ့ နံနက်ပိုင်း၌  ရွှေထည်ပစ္စည်းများလုယူခံရပြီး ငွေကြေးတန်ဖိုးအားဖြင့်သိန်းထောင်ချီပါသွားသည်ဟု သိရသည်။

ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် "ယုဇန" ရွှေဆိုင်ပိုင်ရှင်မှ ဆိုင်ဖွင့်ရန်ပြင်ဆင်နေချိန် အမည်မသိလက်နက်ကိုင်အမျိုးသားလေးဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် အသင့်စောင့်နေပြီး ရွှေအလေးချိန် ၄၀ ကျပ်သားထည့်ထားသည့် ရွှေပုံးတစ်ပုံးကိုလုယက်ကာ သေနတ်ဖောက် ထွက်ပြေးသွားသည်ဟု လမိုင်းဒေသခံတစ်ဦးက ဆိုသည်။

“ သူတို့လာတာက ဘယ်ချိန်ကတည်းကလာမှန်းကိုမသိတာ။ ဘေးနားကလူတွေပြောတာက အဲ့မှာထိုင်စောင့်နေတာတဲ့။ ဆိုင်ရှင်က ဆိုင်ဖွင့်ချိန်ရောက်တော့ ဆိုင်လာတယ်။ ကားကို လမ်းမှာထားတယ်။ ကားထဲကနေအထွက် ဆိုင်ထဲဝင်တယ်။ ဆိုင်ရောက်ပြီး ပစ္စည်းတွေချနေတဲ့အချိန် ဆိုင်မထွက်ခင်မှာ ဖြစ်သွားတာ။ ပုံးလိုက်ယူသွားတာ” ဟု လမိုင်းမြို့မှ အမျိုးသားဒေသခံတစ်ဦးက ဆိုသည်။

လုယက်ထွက်ပြေးသည့် အမျိုးသား ၄ ဦးအနက် ဆိုင်တွင်းဝင်လုသူ ၂ ဦးသည် ဆိုင်ကယ်ဦးထုပ်ဆောင်းကာ မိုးကာအင်္ကျီဝတ်ဆင်ထားသည်ဟု အနီးအနားရှိ CCTV မှတ်တမ်းအရ သိရသည်။

အဆိုပါ လုယက်ခံရသည့်ရွှေပုံးတွင် ခန့်မှန်း  ပလက်တီနမ် နှင့်ရွှေနားကပ် အရံ ၄၀၀-၅၀၀ ဝန်းကျင်ထည့်ထားပြီး တန်ဖိုးကျပ်သိန်းပေါင်းထောင်နှင့်ချီ ရှိနိုင်ကြောင်းလည်း ဆိုသည်။

လမိုင်းမြို့ရွှေဆိုင်လုယက်ခံရမှုဖြစ်စဉ် ဆက်လက်စုံစမ်းလျှက်ရှိပြီး နောက်ဆက်တွဲအကြောင်းအရာကိုလည်း IMNA မှ ဆက်လက်ဖော်ပြသွားမည်။

ပြီးခဲ့သည် ၂၀၂၃ ခုနှစ် ဇွန်လတွင် ရေးမြိုနယ်၊ ရန်ကြီးအောင်ရပ်ကွက် ဝင်းသုခရွှေဆိုင်ဈေးဝင်းအတွင်းရှိ “ ရွှေလဝန်း” ရွှေဆိုင်တွင်လည်း အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ရှေ့ရောက်ရှိလာပြီး ရွှေပုံးလုယက်မှုဖြစ်ပွားခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက်ကြောင့် ခိုး၊ဆိုး၊လု၊နှိုက်မှုဖြစ်စဉ် မကြာခဏဖြစ်ပွါးနေသည့်အပြင် ယခုကဲ့သို့ သေနတ်ပြပြီး လုယက်သည့်ဖြစ်စဉ်လည်း မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံတို့က ဆိုသည်။

စုဆောင်းထားသည့်အချက်အလက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း ရွှေဆိုင်လုယက်ခံရသည့်ဖြစ်စဉ် ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...
September 13, 2024
ရန်ကုန်-မော်လမြိုင်နှင့် မော်လမြိုင်-ရေးကားလမ်းပိုင်းတလျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်...
September 13, 2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းတွင်  ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်လာလ ၁၀ ရက်နေ့ထိ...
September 10, 2024
မွန်ပြည်နယ်အတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်ရှိ...