ဗန်းမော်စစ်ရှောင်များ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိနေ

ဗန်းမော်စစ်ရှောင်များ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ကနေ စတင်လာတဲ့ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်အတွက် အစားသောက်ကူညီမှုတွေ မရတဲ့အပြင် လမ်းခရီးမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းခံရတာ ရှိနေတယ်လို့ ဗန်းမော်စစ်ရှောင်တွေက ပြောပါတယ်။

ဗန်းမော်မြို့ခံတစ်ဦးက “စစ်ရှောင်တဲ့သူတွေ တော်တော်များများ မန္တလေး၊ ရွှေကူဘက်ဆင်းတဲ့သူတွေကိုဆို KIA ကလည်း ပေါ်တာဆွဲတယ်။ မန္တလေးဘက်မှာဆို စစ်ကိုင်းတံတားနားမှာ ဝင်တဲ့သူတွေကို စစ်တပ်က တားဆီးတာတို့၊ ဆွဲတာတို့ လုပ်နေတယ်။ အဲ့အတွက်တော့ ပိုသတိထားနေရတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက လူငယ်၊ လူလတ်ပိုင်းကို KIA က စင်းခန်းမှာ တပ်သားအဖြစ် စုဆောင်းတာတွေရှိနေသလို စစ်ကိုင်းတံတားအနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

တိုက်ပွဲ ၂ ပတ်ကျော်ကြာလာချိန် ဗန်းမော်စစ်ရှောင်ပြည်သူတွေဟာ ဗန်းမော်မြို့အနောက်ဘက် ဧရာ၀တီမြစ်တစ်ဖက်ကမ်းကူးပြီး ရွှေကူ၊ ကသာ၊ မန္တလေးဖက် ဆင်းကြတဲ့သူတွေနဲ့ မြစ်ကြီးနားဖက် တက်သွားတဲ့သူ အတော်များတယ်လို့ ဆိုပါတယ်။

အလားတူ မိုင်းခေါင်၊ ဟန်ထက်နဲ့ အင်ဘာပါ၊ ဒိန်ဆင်းပါ၊ မိုင်ဂျာယန် စတဲ့ ဒေသတွေဖက်ကိုလည်း အမြောက်အများ တိမ်းရှောင်သွားကြပြီး ဖုန်းလိုင်းအခက်ခဲကြောင့် မိသားစုအချင်းချင်း အချိတ်ဆက်ပြတ်တောက်နေသူတွေလည်း များစွာရှိနေတယ်လို့ ဗန်းမော်ကနေ မြစ်ကြီးနားကို ပြေးလာတဲ့ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ထွက်ပြေးလာတဲ့အချိန် ကားရှာရ တော်တော်ခက်တယ်။ ရှိတော့ရှိပေမဲ့ လူအရမ်းများတော့ မနိုင်တော့တာ။ ကားခက သိန်းချီကုန်တယ်။ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ သူများအိမ်တွေမှာ အကုန် လူပြည့်သွားတယ်လေ။ ထွက်ပြေးလာပါတယ်ဆို ခရီးစရိတ်က တော်တော်စျေးကြီးတာ။ မြစ်ကြီးနားရောက်ဖို့ တစ်ယောက်ကို ၃ သိန်းပေးပြီး ရောက်လာတာ။ ကျမတို့ရပ်ကွက်က တချို့သက်ကြီးရွယ်အိုတွေ၊ လေဖြတ်တာတွေက မထွက်လာနိုင်ဘူး။ ဒီလိုပဲနေတော့မယ်ဆိုပြီး တချို့ကတော့ ထွက်မလာနိုင်ဘဲ ရှိနေသေးတာဟုတ်တယ်” လို့ ဗန်းမော်ကနေ မြစ်ကြီးနားကို တိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ လမ်းစရိတ်ခ သိန်းချီကုန်ကျတဲ့အပြင် ထွက်ပြေးတိမ်းရှောင်နေတဲ့နေရာမှာလည်း နေစရာအခက်ခဲ ကြုံတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစ ဗန်းမော်မြို့နဲ့ မံစီမြို့တစ်ဝိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ (PDF) တပ်ပေါင်းစု တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် တိုက်ပွဲ ပြင်းထန်လာတာပါ။

ခုလို ရုတ်တရက် တိုက်ပွဲပြင်းထန်လာတာကြောင့် ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားတာမရှိတဲ့အတွက် ဦးတည်ရာမရ တစ်ကွဲတစ်ပြား ထွက်ပြေးခဲ့ကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်၊ ခရိုင်မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးကြောင့် မြို့အနီးအနားရှိ မိုးမောက်၊ မံစီ စတဲ့ ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်များစွာ ခိုလှုံနေတဲ့မြို့လည်း ဖြစ်ပါတယ်။

သို့သော် ဗန်းမော်မြို့တွင်းတိုက်ပွဲ ပြင်းထန်လာတဲ့တွက် ဒေသခံတွေနဲ့အတူ မြို့တွင်းခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေလည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြီး ကူညီမယ့်သူမရှိသလို လမ်းခရီးမှာလည်း ခရီးစရိတ် အဆမတန်ကုန်ကျပြီး အခက်အခဲမျိုးစုံ ကြုံခဲ့ရတယ်လို့ ဗန်းမော်ကနေ ၅ ရက် ခရီးနှင်ပြီး မန္တလေးဘက် ရောက်လာသူတွေကလည်း ပြောဆိုပါတယ်။

တိုက်ပွဲကြောင့် ဗန်းမော်ကနေ အရပ်သား ၅၀,၀၀၀ (ငါးသောင်း) ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး သက်ကြီးရွယ်အိုတွေအပါအဝင် အခက်အခဲအမျိုးမျိုးကြောင့် မထွက်ပြေးနိုင်ပဲ မြို့တွင်းကျန်နေသူတချို့လည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

“အရင်တုန်းက မံစီ၊ မိုးမောက်တွေဘက်က စစ်ရှောင်ခဲ့ကြတဲ့ ပြည်သူတွေကိုတော့ ကျတော်တို့ ဗန်းမော်မြို့ခံအနေနဲ့ စစ်ရှောင်မိသားစုတွေကို ဆန်၊ ဆီ၊ စားစရာတွေကို ပံ့ပိုးပေးတယ်။ ကျနော်တို့ တကယ်တမ်း ထွက်ပြေးလာတော့ ကျနော်တို့ကို ကူညီမယ့်သူ ဘယ်သူမှမရှိဘူး။ အခုလိုမျိုး မန္တလေးမြို့လိုမျိုးမှာ ရောက်ရင်လည်း ဘာသိဘာသာပဲ နေနေကြတယ်လေ။ ရောက်တဲ့နေရာမှာ စာရင်းကောက်တာတို့၊ စစ်ရှောင်တွေကို ကိုယ့်ရပ်ကွက်၊ သူ့ရပ်ကွက်၊ သူ့မြို့နယ်၊ ကိုယ့်မြို့နယ်မှာ ဘယ်လောက်ရှိတယ်ဆိုတာ စာရင်းကောက်တာတွေလည်း မတွေ့ဘူး။ ထောက်ပံ့မှုလည်း မတွေ့ဘူး ကူညီတာတွေလည်း ဘာမှမရှိဘူး။ အဲလိုမျိုးတော့ရှိတယ်” လို့ မန္တလေးသို့ တိမ်းရှောင်လာသူ ဗန်းမော်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း တိုက်ပွဲကြောင့် ဗန်းမော်မြို့ခံအားလုံးနီးပါး ထွက်ပြေးနေရချိန် နေအိမ်၊ ဖုန်းဆိုင်၊ ကုန်စုံဆိုင်ခန်းတစ်ချို့ ဖောက်ထွင်းခံနေရပြီး ပစ္စည်းတွေ သယ်ယူနေကြသူတွေလည်း ရှိတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်တိုက်ပွဲ နှစ်ပတ်ကျော်အတွင်း တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု ၂၀၀ ဝန်းကျင်ရှိလာသလို ဗန်းမော်စစ်ဘေးရှောင်ပြည်သူတွေဟာ လျစ်လျူရှုထားခံနေရတယ်လို့ ကချင်အရပ်ဖက်အဖွဲ့အစည်း CSOs တွေလည်း စာနဲ့ထုတ်ပြန်ထောက်ပြထားပါတယ်။

အမျိုးသမီးအရေးအပါအဝင် ကချင်အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူက “အခု ဗန်းမော်စစ်ရှောင်တွေကို UN၊ CSOs၊ NGO တွေ International Community တွေလည်း လစ်လျူရှု ပစ်ထားသလို ဖြစ်နေတယ်။ လုံခြုံရေးအကြောင်းပြ၊ အင်တာနက်လည်းမရ၊ ဖုန်းအဆက်အသွယ်လည်းမရဆိုတော့ ဘယ်လို သတင်းအချက်အလက် ရယူမလဲ၊ ဘယ်လိုလုပ် ပြည်သူတွေရဲ့အခက်အခဲကို တင်ပြမလဲ ဆိုတာတွေကလည်း သူတို့အတွက် အကြောင်းပြချက်တစ်ခုရှိနေတယ်။ ဒီလို ခက်ခဲတဲ့အချိန် အရေးပေါ် ကူညီမှုတွေ လိုအပ်တာဖြစ်တယ်။ အခြေခံလိုအပ်ချက်၊ အစားအသောက် တော်တော်လိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့် ကျမတို့ အခုလို ပြောဆိုလာရတာဖြစ်တယ်” လို့ ပြောပါတယ်။

လတ်တလော ဒေသတွင်း CSO နဲ့ WPN တွေပူးပေါင်းပြီး  မိုင်းခေါင်၊ ဟန်ထက်၊ အင်ပါဘာ၊ ဒိန်ဆင်းပါ၊ အင်ခေါင်းပါနဲ့ မိုင်ဂျာယန်ဖက်မှာ ထွက်ပြေးခိုလှုံနေကြသူ စစ်ရှောင်အိမ်ခြေ ၃၀၀ ခန့်အတွက် အကူအညီပေးသွားမယ့်အစီအစဉ်ရှိတယ်လို့ ဆက်လက်သိရပါတယ်။

ကချင်ဒေသမှာ ၂၀၁၁ တစ်ကြော့ပြန်တိုက်ပွဲ၊  ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပဋိပက္ခာတွေကြားကနေ ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသခံတွင်း CSO များစွာကနေ ဒေတာအချက်အလက် ကောက်ယူနိုင်ပေမယ့် လက်ရှိ ဗန်းမော်စစ်ရှောင်ပြည်သူတွေရဲ့ အချက်လက်အသေးစိတ်ကိုတော့ ဖုန်းလိုင်းအဆက်အသွယ် ချိတ်ဆက်မှု အခက်အခဲအမျိုးမျိုးကြောင့် ရယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗန်းမော်စစ်ရှောင်တွေ လာရောက်ခိုလှုံနေတဲ့ဒေသက ပြည်သူတွေအနေနဲ့လည်း စစ်ရှောင်တွေကို  ဥပက္ခာပြုထားတာတွေမလုပ်ပဲ နွေးထွေးစွာကူညီကြဖို့ အမျိုးသမီးအဖွဲ့အစည်းတွေ တောင်းဆိုနေကြပါတယ်။

“မြစ်ကြီးနားဘက်မှာလည်း အများပိုင်း ထွက်ပြေးသွားကြပြီ။ မြစ်ကြီးနားမှာ နေတဲ့သူတွေက ဧည့်သည်ကို ကြောက်တာတို့၊ စစ်ရှောင်တွေ ဝင်ရောက်ခိုလှုံမှာကို စိုးရိမ်နေတာတို့ ၊ ၃၊ ၄ ရက်လောက်သာ လက်ခံနိုင်ပြီး ကြာရင်တော့ အမျိုးမျိုးပြောတာတို့ မဟုတ်ပဲ အမှန်တကယ်ခက်ခဲပြီး ရောက်လာတဲ့ စစ်ရှောင်တွေကို ကောင်းမွန်စွာ ကူညီကြရအောင်။ ဗန်းမော်ကနေ တိမ်းရှောင်လာသူတွေလည်း ကိုယ့်ကို လုံခြုံမှုပေးနိုင်တဲ့သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားရပါမယ်။ မန္တလေးဘက်ရောက်ရင်လည်း မန္တလေးဘက်ကသူတွေက နွေးထွေးစွာ ကူညီပေးကြရအောင်။ ကိုယ့်အရပ်ဒေသဆီ ရောက်လာတဲ့ စစ်ရှောင်တွေကို ဥက္ခာပြုထားတာတွေ မလုပ်ပဲ နွေးထွေးစွာ ကူညီကြရအောင်လို့ ပြောချင်တယ်” လို့ အမျိုးသမီးအရေးအပါအဝင် ကချင်အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူက ဆက်ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ မံစီမြို့နဲ့ ဗန်းမော်မြို့ကို သိမ်းပိုက်ဖို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေဆဲဖြစ်ပြီး ဗန်းမော်မြို့ နေရာအများပိုင်း ဝင်စီးထားနိုင်သလို မြို့တွင်း ရဲစခန်းအပါအဝင် အစိုးရနဲ့သက်ဆိုင်တဲ့ ရုံးနေရာတချို့ မီးလောင်ပျက်စီးသွားတာတွေရှိနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့ထိ ဗန်းမော်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ကလည်း လေကြောင်းနဲ့ အပြင်းအထန် ခုခံတာတွေရှိနေကာ တိုက်ပွဲကြောင့် မြို့တွင်း အလောင်းမကောက်နိုင်ပဲ သေဆုံးနေသူတွေများတယ်လို့ ဗန်းမော်မြို့တွင်းကနေ ထွက်လာသူတွေက ပြောပါတယ်။

ဗန်းမော်မြို့ဟာ တရုတ်နယ်စပ်တည်ရှိရာ လွယ်ဂျယ်မြို့နဲ့ မိုင် ၄၀ ဝန်းကျင်မှာရှိပြီး အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားကာ ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းပြီး ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆၊ ကျေးရွာအုပ်စု ၄၁ စု၊ ကျေးရွာပေါင်း ၇၁ ရွာနဲ့ ဖွဲ့စည်းထားကာ လူဦး ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်း) ခန့်နေထိုင်တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့နယ်ရဲ့ အရှေ့ဘက်မှာ မိုးမောက်မြို့နယ်၊ အနောက်မှာရွှေကူ၊ တောင်ဘက်မှာ မံစီမြို့နယ်၊ မြောက်ဘက်မှာ ဝိုင်းမော်မြို့နယ် တည်ရှိပြီး ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ကာ စစ်ရေးအရ ကုန်းကြောင်း၊ ရေကြောင်း အဓိက အချက်ချာကျတဲ့မြို့လည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ် မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အပစ်ခတ်ရပ်စဲပြီးနောက် စစ်တပ်ရဲ့ တပ်မတွေအပါအဝင် စစ်တပ်စခန်း အများဆုံး တပ်ချရာနေရာဖြစ်သလို ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ”စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်” ဟာ ခြေမြန်တပ်မဌာနချုပ်အသွင်ယူထားတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

Most read this week

January 16, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်၊ ခြံဝင်းတွေကို...
January 14, 2025
ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ...
January 13, 2025
ဖားကန့်မြို့နယ် ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုကြားကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစ်စီးနဲ့...
January 13, 2025
ဖားကန့်မြို့ နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) ရှိ စပေါ့ကျေးရွာမှာ နွံကန်ကြီးပြိုကျမှုကြောင့်...