ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ သတင်းအစအန တစ်စုံတစ်ရာမရရှိသည့်အပြင် ဒေသတွင်းအာဏာပိုင်တို့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှု အားနည်းလျက်ရှိသည်ဟု ဘုရားသုံးဆူဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ဘုရာသုံးဆူမြို့ပေါ်တွင် ခလေး ၁၃ ဦးအထိ ပျောက်ဆုံးခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့ တစ်ရက်တည်းတွင် အသက် ၁၀ အောက်ကလေး ၇ ဦးအထိ ပျောက်ဆုံးခဲ့ခြင်းကြောင့် ဘုရားသုံးဆူမြို့ပေါ်တွင် ကလေး ၂၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သည်။
ကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ကလေးမိဘအုပ်ထိန်းသူတို့က သက်ဆိုင်ရာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့၊ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တို့ထံ တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။
"မိဘတွေက (DKBA) အဖွဲ့၊ (KNU) အဖွဲ့တွေနဲ့ တိုင်တော့ လိုက်ရှာပေးတယ်၊ လိုက်မေးပေးတယ်လို့ ကြားတယ်။ ဒါမဲ့ တွေ့တော့မတွေ့ဘူး၊ ပြီးတော့ တွေ့လား၊ မတွေ့ဘူးလားဆိုတာကိုလည်း လိုင်းပေါ်မှာ ဖြန့်ပေးတာရော ဒေသခံတွေထံ ပြန်ပြောပြပေးတာရော မရှိဘူး။ အုပ်ချုပ်ရေးမှုတွေ အခြားပရဟိတအဖွဲ့တွေလည်း ဝိုင်းဝန်းရှာပေးတာ မတွေ့ရဘူး" ဟု ပြောသည်။
ထို့ကြောင့် မြို့ခံအများစု ကလေးပျောက်ဆုံးမှုအပေါ် စိုးရိမ်မှုမြင့်တက်နေပြီး ရက်ရှည်ကြာပျောက်ဆုံးနေခြင်းကြောင့် ကလေးငယ်တို့၏ အသက်အန္တရာယ် ထိခိုက်လာမည်ကိုလည်း စိုးရိမ်ပူပန်လျှက်ရှိသည်။
ထို့ကြောင့် မျက်ကွယ်ရာဖြစ်သည့် စာသင်ကျောင်းသို့ပင် မလွှတ်ရဲသည့် အခြေအနေထိ ဖြစ်နေသည်ဟု သိရသည်။
“တချို့က ကြောက်လို့ မိဘတွေက သားသမီးတွေကို ကျောင်းမပေးသွားရဲဘူး၊ ကျောင်းက အိမ်နဲ့ဝေးနေတော့ လမ်းမှာ သူတို့ ခိုးသွားမှာ စိုးရိမ်တယ်။ ကလေးတွေကို ခိုးပြီး တရုတ်တွေနဲ့ အသဲတွေ ကျောက်ကပ်တွေ ရောင်းတယ်” ဟု ကလေးမိခင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလမှစပြီး ခလေးပျောက်ဆုံးမှု စတင်ဖြစ်ခဲ့သော်လည်း ဒေသခံတို့ အာရုံစိုက်မှုမရှိခဲ့ရာ လက်ရှိတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ပျောက်ဆုံးမှုအရေအတွက် ၂၀ ဦးအထိဖြစ်လာခဲ့ပြီး နိုဝင်ဘာလတွင် ပျောက်ဆုံးခဲ့သည့် ရပ်ကွက် (၁) မှ အသက် ၄ နှစ်အောက် ကလေးတစ်ဦးလည်း ယနေ့အထိ သတင်းအစအန ပျောက်နေဆဲဖြစ်သည်။
ယခု ကလေးပျောက်ဆုံးမှုဖြစ်ရပ်သည် ဘုရားသုံးဆူမြို့တွင် ဝင်ရောက်နေထိုင်မှုများလာသည့် တရုတ်နိုင်ငံသားတို့၏ ပယောဂနှင့် မကင်းရှင်းနိုင်ကြောင်း ဒေသခံအများစု သုံးသပ်ပြောဆိုလျက်ရှိသည်။
ဘုရားသုံးဆူမြို့ပေါ်တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားစည်းရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) စသည့် လက်နက်ကိုင်တပ်ဖွဲ့တို့ရှိပြီး အဓိကအားဖြင့် DKBA တို့သာ ယန္တယားမျိုးစုံ ကိုင်တွယ်ထားသည်ဟု သိရသည်။
လက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားသွားလာနေသည့်အပြင် တရုတ်နှင့် တရုတ်နွယ်ဝင်လူမျိုးများ တစ်စတစ်စ ဝင်ရောက်မှုများလာသည့် ဘုရားသုံးဆူမြို့တွင် တရားဥပဒေစိုးမိုးမှုကင်းမဲ့ကာ လက်နက်ကိုင်ဆောင်မှုများလာသည်နှင့်အတူ ရာဇဝတ်မှု၊ ခိုးဆိုးလုယက်မှု၊ သတ်ဖြတ်မှုများလည်း ပိုမိုများပြားလျက်ရှိသည်။