ဖားကန့် ဆန်ခါနဲ့ မဇွပ်ယန် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားသေဆုံးမှု များပြား

ဖားကန့် ဆန်ခါနဲ့ မဇွပ်ယန် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားသေဆုံးမှု များပြား

ဖားကန့်မြို့နယ် ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုကြားကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှု အများအပြားရှိနေတယ်လို့ ကနဦး သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင် မန္တလေး တံတားဦးကနေ တက်လာတဲ့ ဂျက်လေယာဥ်တစ်စီးမှာ ဆန်ခါနဲ့ မဇွပ်ကျေးရွာ နှစ်ခုကြားရှိ အရပ်သားများ လူစုလူဝေးလုပ်နေတဲ့ နေရာကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ထိခိုက်သေဆုံးမှုက အရမ်းများတယ်။ တိတိကျကျတော့ ပြောဖို့ခက်သေးတယ်။ ဂျက်လေယာဉ်က တစ်စီးထဲ ပစ်လိုက် ပြန်လှည့်သွားလိုက် ပြန်ပစ်လိုက်နဲ့ လေယာဉ် ဗုံးက ၃ နေရာလောက်မှာ ကျတာတဲ့။ ကြားရသလောက် အရမ်းဆိုးတယ်။ ဒီကနေ့က ကျောက်စိမ်းတူးတဲ့ ကုမ္မဏီတွေလည်း အလုပ်လုပ်နေကြတယ်ဆိုတော့ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေလည်း ထိတယ်။ တစ်ချို့ရေမဆေးသမားတွေ ခြေထောက် ကျိုးသွားတဲ့သူတွေလည်း များတယ်” လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဆန်ခါကျေးရွာက မြင့်မြတ်သူ လူမှုကူညီရေးအသင်းရုံးတည်ရှိရာ အနောက်ဘက် တစ်သုံးလုံးလုပ်ကွက်နဲ့ တောက်ပကြယ်လုပ်ကွက်နေရာနဲ့ မဇွပ်ယန် အနောကွင်းအနီးပတ်ဝန်းကျင် စတဲ့နေရာတွေမှာ လေယာဉ်ဗုံး ကျမှန်ပေါက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုများပြားသလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာပြက္ခဒိန်အရ ‘အမေများနေ့’ ဖြစ်ပြီး အခမ်းအနားကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတစ်ချို့မှာ NLD ပါတီဝင်တစ်ချို့က ပွဲအခမ်းအနားပြုလုပ်နေရာကနေ စစ်တပ်သတင်းပေးတွေကြောင့် လာရောက်ပစ်ခတ်သွားတာဖြစ်နိုင်တယ်လို့ ဖားကန့်ရှိ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။

“ဒီကနေ့က ‘အမေများနေ့’ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံတဲ့သူတွေက ရည်ရွယ်ပြီးတော့ ပြည်သူလူထုတွေက ဆန်ခါဘုန်းကြီးကျောင်းနေရာမှာ ဆွပ်ကပ် လူစုလူဝေးလုပ်နေကြတယ်လို့။ စစ်တပ်က သတင်းရလို့ လာပစ်သွားတာလို့ သတင်းလည်းကြားတယ်” လို့ ပြောပြပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဆန်ခါနဲ့ မဇွပ်ယန် ကျေးရွာနှစ်ခုမှာ အရပ်သား ထိခိုက်သေဆုံးမှု များပြားတယ်လို့ ဖားကန့်ဒေသခံတွေ ပြောပြပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် သိရရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

မဇွပ်ယန်ကျေးရွာမှာ လေယာဉ်ဗုံးကြဲကျမှန်ခဲ့တဲ့ပတ်သက်ပြီး နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက အခုလို ဆက်ပြောပြပါတယ်။

“မဇွပ်ယန်မှာလည်း အရပ်သားသေဆုံးတာ များတယ်။ မနောကွင်းရှိတဲ့နေရာမှာ အားကစားပြိုင်ပွဲတွေ လုပ်နေကြတယ်လို့ သိရပါတယ်။ အရပ်သား ဘယ်လောက်ထိ သေဆုံးတယ်ဆိုတာက သေချာမသိရသေးဘူး” လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လနောက်ပိုင်း တိုက်ပွဲငြိမ်သက်သွားပြီး တိုက်ပွဲမရှိတာ ၈ လဝန်းကျင်ခန့် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလထဲမှာပဲ တိုက်ပွဲမရှိတဲ့ ဖားကန့်ဒေသကို အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာဟာ ဇန်နဝါရီလအတွင်းမှာပဲ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ဒေသက မံစီမြို့နယ်တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်တာကြောင့် အခုလို တန်ပြန်တိုက်ခိုက်နေတာဖြစ်တယ်လို့ သတင်းအရင်းမြစ်တွေက သုံးသပ်ပြောဆိုပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တနိုင်းမြို့နယ် လပူမှော်ဒေသဘက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးခန့်သေဆုံးပြီး ၁၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

January 13, 2025
ဖားကန့်မြို့ နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) ရှိ စပေါ့ကျေးရွာမှာ နွံကန်ကြီးပြိုကျမှုကြောင့်...
January 9, 2025
ဗန်းမော်ခရိုင် မံစီမြို့ရှိ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက...
January 7, 2025
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA...
စစ်ကောင်စီဖမ်းဆီးထားတဲ့ စက်သုံးဆီသယ်ဆောင်တဲ့ မော်တော်ယာဉ်များ
January 7, 2025
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းအပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့...