စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်က ကန်ပိုက်တီအထက်တန်းကျောင်း ပြန်ဖွင့်

စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်က ကန်ပိုက်တီအထက်တန်းကျောင်း ပြန်ဖွင့်

ကချင်ပြည်နယ်၊ တရုတ်နယ်စပ်၊ ကန်ပိုက်တီမြို့က စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားတဲ့ အထက်တန်းကျောင်း ပြန်ဖွင့်နေပြီဖြစ်ပြီး ၁၁ တန်းအထိ သင်ကြားပေးနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ကန်ပိုက်တီ အထက်တန်းကျောင်းဖွင့်တာ တစ်လနီးပါးရှိနေပြီဖြစ်ပြီး ဆဒုံးမြို့က ကျောင်းသူ/သားတွေလည်း လာတက်ကြတယ်လို့ ကန်ပိုက်တီဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဆဒုံးကကလေးတွေလည်း တက်ကြတယ်။ ဆဒုံးကဆရာမတွေလည်း ပေါင်းလိုက်တယ်။ ကျောင်းဝင်းထဲက အဆောင်မှာပဲ နေကြတယ်လေ။ ဆရာမတွေနဲ့ နားနေဆောင် အခန်းလွတ်တွေ အများကြီးရှိတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ကန်ပိုက်တီအထက်တန်းကျောင်းကို စစ်ရေးအခြေအနေအရ ယာယီပိတ်ထားပြီး ဇူလိုင်လ ၂၂ရက်နေ့မှာ ကျောင်းပြန်လည်ဖွင့်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆဒုံး-ကန်ပိုက်တီတစ်လျှောက်က ဝေါချုံး၊ဝေမော်၊စင်ကြိုင်နဲ့ ကန်ပိုက်တီက ကျောင်းတွေ ပြန်ဖွင့်နေပေမဲ့ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးဘူးလို့ နောက်ထပ် ကန်ပိုက်တီဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ရေးအခြေအနေကြောင့် ကန်ပိုက်တီအထက်တန်းကျောင်းက ကျောင်းဆရာ/မတွေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးနောက် ကျောင်းအုပ်ကြီးက ယာယီကျောင်းပိတ်ဖို့ ပညာရေးမှူးရုံးကို စာတင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ကျောင်းပိတ်ထားတာ တစ်လနီးပါးကြာလာတဲ့အတွက် ကျောင်းပြန်ဖွင့်ဖို့ ဒေသခံတွေနဲ့ ရပ်ရွာလူကြီးတွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ စာတင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအထက်ဘက် ဆဒုံး-ကန်ပိုက်တီလမ်းတစ်ကြောမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ကန်ပိုက်တီအထက်တန်းကျောင်းကို ယာယီပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

Most read this week

January 17, 2025
မြစ်ကြီးနား - ပူတာအို ကားလမ်း ပုံမှန်ပြန်လည်သွားလာလို့ရကတည်းက ပူတာအိုမြို့တွင်းမှာ...
January 17, 2025
မြစ်ကြီးနား - ပူတာအို လမ်းပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ဂိတ်...
January 15, 2025
စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့  နိုင်ငံရေးအကျဉ်းသူ/သားတွေထဲမှာ ကလေးနဲ့အတူ...
January 7, 2025
ဝေးလံခေါင်ဖျားတဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်ဒေသမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ...