မချမ်းဘောမြို့နယ်၊ နန်ခမ်ကျေးရွာအုပ်စုက စာသင်ကျောင်းဝင်းပါမကျန် ရွှေတူးဖော်ခွင့်ပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကို ရွာသားတွေက မဲစနစ်နဲ့ဖြုတ်ချ

မချမ်းဘောမြို့နယ်၊ နန်ခမ်ကျေးရွာအုပ်စုက စာသင်ကျောင်းဝင်းပါမကျန် ရွှေတူးဖော်ခွင့်ပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကို ရွာသားတွေက မဲစနစ်နဲ့ဖြုတ်ချ

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ နန်ခမ်ကျေးရွာအုပ်စုက ရွာမြေတွေအပြင် စာသင်ကျောင်းဝင်းပါ မကျန်အောင် ရွှေတူးဖော်ခွင့်ပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကို ရွာသားတွေကနေ ဩဂုတ်လကုန်မှာ  မဲစနစ်နဲ့ ဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။

ရွှေတူးဖော်တဲ့ လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး ကျောင်းမြေအထိ ရွှေတူးဖော်ခွင့်ပေးလိုက်တဲ့အတွက် ဩဂုတ်လအကုန်က ဖြုတ်ချခဲ့တာဖြစ်ပြီး အသစ်ထပ်မံတင်မြှောက်လိုက်တယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

“ဥက္ကဌကိုလည်း ပြောင်းလိုက်တယ်။ ရွာလူကြီးတွေ၊ အဲဒီက ၁၀ အိမ်မှူးတွေ၊ ၁၀ အိမ်ခေါင်းတွေ၊ ဥက္ကဌတွေ၊ အုပ်ချုပ်ရေးမှူးတွေကို အားလုံးကို ပြောင်းလိုက်ကြတယ်တဲ့။ လူသစ်တွေဖြစ်သွားပြီတဲ့။ အားလုံးကို မဲထည့်ပြီး ပြောင်းလဲလိုက်ကြတာတဲ့။“ လို့ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် နန်ခမ်ကျေးရွာအုပ်စု၊ နန်ရှဲဘွမ်ရွာက လယ်ကွင်းတွေကိုလည်း ရွှေလုပ်ငန်းရှင်ဆီ သိန်းရာချီနဲ့ ရောင်းလိုက်တဲ့ လယ်ရှင်တွေလည်းရှိနေပြီး မရောင်းဘူးဆိုရင် လယ်ပြန်လုပ်လို့ရတဲ့ အခြေအနေမရှိတဲ့အတွက် ရောင်းလိုက်ရတာလို့ သိရပါတယ်။

ရွှေလုပ်ငန်းရှင်တွေက ရွှေထွက်တဲ့အပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ် ဝယ်ယူကြကာ ဆည်းမြောင်းတွေကိုလည်းဖြတ်ပြီး ရွှေတူးရမှာဖြစ်တာကြောင့် ကျေးရွာရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀၀ စီပေးကာ ရွှေတူးယူဖို့ လုပ်နေပြီလို့ သိရပါတယ်။

“လယ်ရေထည့်တဲ့ မြောင်းတွေက အပေါ်အောက် ရွှေအကုန်တူးလိုက်ကြပြီဖြစ်လို့ တချို့က လယ်လုပ်လို့ မရတော့ဘူးလေ။ အဲဒီတော့ ရောင်းကြတာ။ တချို့က ရွှေမထွက်တဲ့ဘက်က ဈေးကပြန်မရဘူး။“လို့ အထက်ပါဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ရွှေလုပ်ငန်းရှင်တွေဟာ စပါးစိုက်ထားတဲ့ လယ်တွေမှာ ရွှေထွက်တယ်ဆိုရင် စပါးအထွက်နှုန်းအတိုင်း လျော်ကြေးအပြင် လယ်ကွက်ဖိုးကိုပါပေးပြီး ဝယ်ယူနေကြတာလို့လည်း သိရပါတယ်။

ရွာဧရိယာအတွင်းက မြစ်၊ ချောင်းကမ်းပါးတစ်လျှောက်၊ ကျောင်းမြေနဲ့ လယ်ယာမြေတွေအားလုံးကို တူးလိုက်ကြပြီဖြစ်လို့ လူနေခြံဝင်းတွေသာ ကျန်တော့တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ လူကြီးခရီးစဉ်ရှိတယ်ဆိုပြီး ရွှေတူးဖော်တာတွေ ရပ်နားထားတာကြောင့် အသစ်တင်မြောက်ထားတဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူအနေနဲ့ ရွာအတွင်းရွှေတူးဖော်တာတွေကို တကယ်ပဲ ရပ်တန့်နိုင်မှာလားဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...