ရေးတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ရန် ဖိအားပေး‌နေလို့ အုပ်ချုပ်ရေးမှူးများ အခက်ကြုံ

ရေးတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ရန် ဖိအားပေး‌နေလို့ အုပ်ချုပ်ရေးမှူးများ အခက်ကြုံ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတို့တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတို့က ဖိအားပေးနေသည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အခက်တွေ့နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းခဲ့သည့်နောက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် ဖိအားပေး လုပ်ဆောင်လာခြင်းဖြစ်သည်။

ရေးမြို့နယ်အတွင်းရှိ တောင်ဘုံ၊ တောင်ပြင်၊ အယုတောင် စသည့် မွန်ကျေးရွာအချို့တို့တွင် လင်းဦးအဖွဲ့ဦးစီးသည့် အယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် လူစုခိုင်းနေသည်ကို သက်သေနှင့်တကွ သိရှိထားသည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

“တောင်ဘုံရွာမှာက လူအယောက် ၇၀ ပေးစုထားခိုင်းတယ်။ ပြီးတော့ တောင်ပြင်ရွာမှာလည်း လူအယောက် ၆၀ ပေးစုထားတယ်။ အရပ်သားတစ်ယောက်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်နဲ့ မေးမြန်းထားတဲ့အသံဖိုင်ကို ကျနော်တို့မှာ ရှိတယ်။ ဘယ်အုပ်ချုပ်ရေးမှူးကတော့ မပြောတော့ဘူး။ လင်းဦးအဖွဲ့ ဦးစီးတဲ့ အယုတောင်ပြည်သူ့စစ်အဖွဲ့ကနေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လူစုဖို့ ဖိအားပေးနေတယ်။ အဲလင်းဦးက တစ်ခြားအမာတ်ဟောင်းအသိုင်းအဝိုင်းထဲက လူတစ်ယောက်နဲ့ ပေါင်းပြီး လုပ်ဆောင်နေတယ်” ဟု နိုင်နဂါးက ပြောသည်။

လက်ရှိတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့က အစည်းအဝေးခေါ်ခြင်း၊ လူစာရင်းကောက်ခြင်းများ စတင်လုပ်ဆောင်နေသည်ဟု သိရသည်။

ရေးဒေသခံတစ်ဦးက “လူစုခိုင်းတာတို့၊ တစ်ချို့ရွာတွေမှာ အစည်းအဝေးခေါ်နေတာတို့တော့ ကြားတော့ကြားနေရတယ်။ သေသေချာချာရတော့ မသိရသေးဘူး” ဟု ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီ အကောင်အထည်ဖော်နေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့တွင် ပြည်သူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ရန် မွန်တော်လှန်ရေးအဖွဲ့အစည်းတို့က သတိပေးထားပြီး၊ ပူးပေါင်းပါဝင်သူ မည်သူမဆိုကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ထုတ်ပြန်သတိပေးထားသည်လည်း ရှိသည်။

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးဖွဲ့စည်းမည့်ကိစ္စတွင် ပါဝင်ပတ်သတ်မှုမပြုလုပ်ရန် ၎င်းတို့လှုပ်ရှားသည့် နယ်မြေဒေသအတွင်းရှိ အုပ်ချုပ်ရေးမှူးများကို သတိပေးထားကြောင်း မွန်ပြည်သစ်ပါတီ (AD) ပြောရေးဆိုခွင့်သူ နိုင်ဗညားမွန်က ပြောသည်။

“ကျနော်တို့ မွန်ပြည်သစ်ပါတီ (AD) လှုပ်ရှားတဲ့ဒေသမှာ ရှိနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို အထူးသတိပေးချင်တာက သူတို့(စစ်ကောင်စီ) လုပ်ငန်းစဉ် ဖြစ်မြောက်အောင် ပူးပေါင်းလုပ်ဆောင် တာတွေ မပြုလုပ်ပါနဲ့၊ ကျနော်တို့ကတော့ ပြတ်ပြတ်သားသား အရေးယူသွားမှာ ဖြစ်တယ်” ဟု နိုင်ဗညားမွန်က ပြောသည်။

စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ အမြန်ဆုံး ဖွဲ့စည်းနိုင်ရန် ဖိအားပေးနေသလို တဘက်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့တို့က ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရေးနှင့် ပါဝင်ပတ်သက်မှု မပြုလုပ်ရန် သတိပေးမှုရှိနေသည့်အတွက် နှစ်ဖက်ကြားတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့က အခက်အခဲဖြစ်နေသည်ဟု သိရသည်။

ယင်းအခြေအနေကြောင့် ရပ်ကျေးအုပ်ချုပ်ရေးအချို့ တာဝန်မှ ရပ်နားရန် ဆုံးဖြတ်လာသည်လည်း ရှိနေသည်ဟု သိရသည်။

နိုင်ငံအနှံ့စစ်ရှုံးနေသည့် စစ်ကောင်စီက အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားအမျိုးသားများ မဖြစ်မနေ စစ်မှုမထမ်းရမည်ဆိုပြီး ပြောဆိုလာပြီးနောက် ယခုအခါ အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်း အမျိုးသားများဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...
September 13, 2024
ရန်ကုန်-မော်လမြိုင်နှင့် မော်လမြိုင်-ရေးကားလမ်းပိုင်းတလျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်...
September 13, 2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းတွင်  ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်လာလ ၁၀ ရက်နေ့ထိ...
September 10, 2024
မွန်ပြည်နယ်အတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်ရှိ...