ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ ခမရ ၄၃၇ တပ်စခန်းကို KIA က သိမ်းပိုက်အပြီး စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးတာကြောင့် ခုခံတိုက်ပွဲဖြစ်ပွားနေ

ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ ခမရ ၄၃၇ တပ်စခန်းကို KIA က သိမ်းပိုက်အပြီး စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးတာကြောင့် ခုခံတိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့က   ခမရ (၄၃၇) တပ်စခန်းကြီး နဲ့ မံစီမြို့အနီးက ကောင်ဂျာယန် စစ်ကောင်စီတပ်စခန်းငယ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သိမ်းပိုက်ပြီးနောက် သုံးရက်လောက်အကြာမှာ စစ်ကောင်စီဘက်က စစ်ကြောင်းပြန် ထိုးလာတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ (၂၃)  ရက်နေ့ကနေ စပြီး ဗန်းမော်နဲ့ မိုးမောက်မြို့ကြားမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတဲ့အပြင် ကောင်ဂျာယန်ဘက်မှာလည်း စစ်ကြောင်းထိုးလာတဲ့အတွက် ခုခံတိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

 "အဲဒီဘက် တိုက်ပွဲကတော့ ဖြစ်နေဆဲပဲ။ စစ်ကြောင်းပြန်ထိုးလာတော့ ခုခံတိုက်ပွဲ ဖြစ်တာပေါ့။ ပြန်ဆုတ် ပြန်ထိုး လုပ်နေကြတယ်။ ဗန်းမော်နဲ့နီးတဲ့အခါကျတော့ ဗန်းမော်ကာကွယ်ဖို့အတွက် သူတို့ရတဲ့ အင်အားစိုက်ပြီး ထိုးမှာပေါ့။"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာတဲ့အတွက် ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ၆မိုင်၊ ၇ မိုင်မှာလည်း KIA ဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ဒီကနေ့ ဩဂုတ်လ ၂၇ ရက်နေ့ စစ်ရေးအခြေအနေ သတင်းကိုတော့ မကြားသိရသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

လက်ရှိအချိန် ဗန်းမော် နဲ့ မိုးမောက်မြို့ကြား အပြင် မံစီမြို့အနီး ကောင်ဂျာယန်ဘက်ပါ နှစ်ဖက်တပ် စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခမရ ၄၃၇ တပ်စခန်းကြီးကို တစ်လနီးပါး တိုက်ခိုက်ခဲ့ရပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာတော့ KIA ကနေ အပြီး သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ခမရ ၄၃၇ တပ်စခန်းကြီး အနီးအနားမှာတော့ စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ပေမဲ့ မိုးမောက်နဲ့ ဗန်းမော်ကြားမှာတော့ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

 ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ အထက်ပါ စစ်ကောင်စီ ခမရ ၄၃၇ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့နေ့ ဩဂုတ်လ ၁၉ ရက်နေ့  ညနေပိုင်းမှာပဲ ကောင်ဂျာယန်တပ်စခန်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဩဂုတ်လ ၂၀ ရက်နေ့ညနေပိုင်းမှာတော့ နယ်မြေရှင်းလင်းရေး အပြီးသတ် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...