စစ်တွေတွင် စစ်မှုထမ်းရမည့်သတင်းကြောင့် လူငယ်ဝန်ထမ်းတချို့ ထွက်ပြေးမှုများရှိ

စစ်တွေတွင် စစ်မှုထမ်းရမည့်သတင်းကြောင့် လူငယ်ဝန်ထမ်းတချို့ ထွက်ပြေးမှုများရှိ

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ စစ်မှုထမ်းရမည့်သတင်းကြောင့် အစိုးရဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းလူငယ်တချို့ ထွက်ပြေးမှုရှိ‌နေပြီးနောက် ဌာနဆိုင်ရာရုံးများကို စစ်ကောင်စီက အနီးကပ် စောင့်ကြည့်မှုများရှိနေသည်ဟု သိရသည်။

စစ်တွေဝန်ထမ်းများ၏ အခြေအနေကိုသိရှိနေသည့် အမျိုးသားတစ်ဦးက  "အခုလို လုပ်နေတာက ဒီအချိန်က စစ်ရေးတင်းမာတဲ့အချိန်ဖြစ်တယ်။ ဝန်ထမ်းအများစုက ရခိုင်လူမျိုးတွေလည်းဖြစ်တော့ AA နဲ့ အဆက်အသွယ်ရှိသလား။ ဘာလားပေါ့။  စစ်ကောင်စီက အယုံအကြည်မရှိ‌တော့တဲ့ သဘောလည်းပါတယ်။ ဒါကြောင့် ရုံးတွေကို စောင့်ကြည့်တယ်။ နောက်ပြီး စစ်သင်တန်းပေးဖို့ သတင်းပေါက်ကြားနေလို့ လူငယ်ဝန်ထမ်းတွေ ထွက်ပြေးတာတွေရှိနေတယ်တယ်" ဟု နိရဉ္စရာကို ပြောသည်။

စစ်ကောင်စီသည် ဒေသခံပြည်သူများကိုသာမက မိမိလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်၊ လူလတ်ပိုင်းအရွယ် ဝန်ထမ်းများကို စစ်သင်တန်းပေးမည်ဟု အတွင်းသတင်း ပေါက်ကြားလာ၍ ဝန်ထမ်းတချို့မှာ ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု ဌာနဆိုင်ရာနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မင်းအောင်လှိုင်က စစ်မှုထမ်းဥပဒေအကြောင်း ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က Non-CDM တွေရော စစ်မှုထမ်းရမယ်လို့ ပြောပြီးနောက်ပိုင်း စစ်တွေမှာလည်း လျှို့ဝှက်စာ ထုတ်တယ်လေ။ ဒီသတင်းတွေ ပေါက်ကြားလာလို့ ဝန်ထမ်းလူငယ်တချို့ ထွက်ပြေးမှုတွေ ရှိလာတယ်" ဟု ပြောသည်။

ဝန်ထမ်းတချို့ ထွက်ပြေးမှုရှိလာပြီးနောက် ကျန်ရှိ‌နေသည့် ဝန်ထမ်းများကို စစ်ကောင်စီက အနီးကပ် စောင့်ကြည့်မှုများရှိလာနေသည်ဟု နောက်ထပ် စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"အခု ကျောင်းဆိုရင်လည်း ကျောင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို အသွင်ပြောင်းပြီး စောင့်ကြည့်နေတာမျိုးလည်းရှိတယ်။ အရင်ကထက် ရုံးတွေမှာ သူတို့ကို လုံခြုံရေးယူလာတယ်။ အဓိက သူတို့ထွက်ပြေးမှာစိုးလို့။ ဝန်ထမ်းတွေရဲ့အသက်ကို စိုးရိမ်လို့မဟုတ်ဘူး" ဟု ပြောသည်။

၎င်းအပြင် စစ်ကောင်စီ၏ အမိန့်ကိုမနာခံသည့် ဌာနဆိုင်ရာဝန်ထမ်း အကြီးပိုင်းတချို့လည်း ဖမ်းဆီးခံထားရသည်ဟု သတင်းထွက်ပေါ်နေပြီး နိရဉ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အရွယ်ရောက်ပြီးသူများအပါအဝင် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non- CDM များလည်း  ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပါဝင်ကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့၌ စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများဖြစ်သည့် မယက၊ မီးသတ်ဌာန၊ ရုံးပိုင်ဆိုင်ရာဝန်ထမ်းများ၊ ပညာ‌ရေးဝန်ထမ်းစသည့် ဝန်ထမ်းအပါအဝင် ဝန်ထမ်းများအပေါ် တင်းကြပ်သည့် ဥပဒေဖြင့် အကျပ်ကိုင်ထား၍ စစ်တွေမြို့နေ ဝန်ထမ်းများမှာ အကျယ်ချုပ်ကျနေသကဲ့သို့ အသက်အန္တရာယ်လုံခြုံမှု ကင်းမဲ့လာသည်ဟု ဝန်ထမ်းများ၏အခြေအနေကို သိရှိသူများက ပြောသည်။

April 11, 2025
ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၁၈ဝ ကျော်ရှိခဲ့သည်ဟု...
April 10, 2025
မောင်တောတိုက်ပွဲအတွင်း တိမ်းရှောင်ခဲ့ကြသည့် မွတ်ဆလင်စစ်ဘေးရှောင်များအား အာရက္ခတပ်တော် (AA) မှ...
Source and Photos: AMP
April 9, 2025
အာရက္ခနိုင်ငံတည်ဆောက်ရေးမှာ မည်သူမဆို လူမျိုးဘာသာမခွဲခြားဘဲ ပါဝင် ဆောင်ရွက်နိုင်ကြောင်း...
April 8, 2025
ရခိုင်-ပဲခူးအစပ် ရိုးပေါ်ရှိ ညောင်ကျိုးတိုက်ပွဲအတွင်းမှ ထွက်ပြေးပျောက်ဆုံးနေသည့်...