ဖားကန့် မရှိီကထောင်ရွာအနီး စစ်တပ်ကတပ်စွဲလာလို့ ပြည်သူများစစ်ဘေးရှောင်

ဖားကန့် မရှိီကထောင်ရွာအနီး စစ်တပ်ကတပ်စွဲလာလို့ ပြည်သူများစစ်ဘေးရှောင်

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးမှာရှိတဲ့ ကုန်းမှာ စစ်တပ်က တပ်စွဲနေရာယူလာတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။

ဩဂုတ်လ နောက်ဆုံးအပတ်ကစပြီး အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်အနီးဝန်းကျင် စစ်ရေးလှုပ်ရှားနေရာကနေ ဒီမနက်မှာ မရှီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးကုန်းပေါ်မှာ တပ်စွဲလာတာဖြစ်တယ်လို့ ဖားကန့်မြို့ပြည်သူတစ်ဦးက ပြောပါတယ်။

“တောလမ်းကနေလာပြီး အဲကုန်းပေါ်မှာတပ်စွဲတာ  PDF တွေကလည်း အဲ့ကုန်းနဲ့ မျက်နှာချင်းဆိုင်ကိုတက်သွားပြီး တစ်ရွာလုံး နေ့လည် တစ်နာရီ မထိုးခင် အမြန်ရွှေ့ကြဖို့ ပြောလို့ ရှောင်နေကြတယ်”လို့ ပြောပါတယ်။

စစ်တပ်ဘက်က တပ်စွဲနေရာယူထားတဲ့တစ်ဘက်ခြမ်းမှာ KIA ပူးပေါင်းတပ်ဘက်ကလည်း နေရာယူလိုက်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်နေတာကြောင့် အောင်မြေကွက်သစ်ရပ်ကွက် ပြည်သူများ ဖားကန့်၊မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာဝင်ရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

“စစ်ရှောင်ကတော့ ဖားကန့် မဏိဇေယျုံကို အဓိက ပြေးလာကြတယ်၊ တချို့လည်း နီးစပ်ရာဆွေမျိုးအိမ်ပေါ့။ ခုစစ်ရှောင်လာတဲ့ရပ်ကွက်က မရှီကထောင်ရပ်ကွက်မှာထပ်တိုးချဲ့ထားတဲ့ရပ်ကွက်ဟုတ်တယ်။ အိမ်ခြေ တစ်ရာကျော်လောက်ရှိမယ် ခုအားလုံးထွက်ပြေးနေကြပြီ” လို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီနေ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်အရေအတွက်ကိုတော့ ဖုန်း၊အင်တာနက်လိုင်းအခက်ခဲကြောင့် တိတိကျကျသိရဖို့ ခက်ခဲနေပါတယ်။

မရှီကထောင်ရပ်ကွက်ဟာ ဖားကန့်မြို့နဲ့ ဉရုချောင်းခြားထားတဲ့ ကျောက်စိမ်းတောင်တံတားတစ်ဖက်မှာရှိပြီး ဖားကန့်မြို့ပေါ် ၅ ရပ်ကွက်ဝင်မှာပါဝင်သလို အိမ်ခြေထောင်ချီရှိပါတယ်။

လက်ရှိတိမ်းရှောင်နေရတဲ့ အောင်မြေကွက်သစ်က မရှီကထောင်ရပ်ကွက်မှာထပ်တိုးချဲ့ထားတဲ့ရပ်ကွက်ငယ်ဖြစ်ပါတယ်။

ဒီနေ့ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေတဲ့နေရာဘက်ကို ဖားကန့် စစ်တပ် ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူတာတွေလုပ်နေတယ်လို့လည်း ဖားကန့်ပြည်သူတွေကပြောပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ  မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...
September 11, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့...