ပြက်လုံးဖြစ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ လက်နက်စွန့်ပါ ကမ်းလှမ်းမှု

ပြက်လုံးဖြစ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ လက်နက်စွန့်ပါ ကမ်းလှမ်းမှု

စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေရဲ့ ဘုံရန်သူ စစ်ကောင်စီတပ်ဟာ စစ်ရေးအကြပ် ဆိုက်လာချိန်တိုင်း နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး ဖြေရှာခြင်းကသာ အောင်မြင်နိုင်မယ်လို့ အမြဲတစေ ဝါဒဖြန့်လေ့ရှိပါတယ်။

ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေတွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေရချိန် ဒီဇင်ဘာ ၁၅ ရက်နေ့မှာကျရောက်တဲ့ နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က အပ်ကြောင်းထပ်နေတဲ့ စကားတွေကို ထပ်မံထည့်သွင်းလာတာပါ။

လက်နက်ကိုင်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်လို့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ ပြောလာပြန်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က လက်နက်မပါတဲ့ ငြိမ်းချမ်းရေးကို လက်နက်ကိုင်ထားတဲ့ စစ်တပ်က တောင်းဆိုနေတာမို့ ဘယ်တိုင်းရင်းသားကမှ လက်ခံမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“လက်နက်ကိုင်အင်အားစုတွေကို လက်နက်မကိုင်ရေးဆိုတာက တိုင်းရင်းသားတွေဘက်ချည်းပဲ ပြောလို့မရပါဘူး။ စစ်တပ်ကလည်း လက်နက်မကိုင်နဲ့မပါနဲ့ နိုင်ငံရေးမှာလည်း မပါဝင်နဲ့။ နောက် တိုင်းရင်းသားတွေလည်း လက်နက်မကိုင်နဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ့ ရှေ့မှောက်မှာ ဖြေရှင်းမှသာ နှစ်ဘက်ညီမျှမှုရှိမှာပေါ့။ အခုက လက်နက်မပါနဲ့ ငြိမ်းချမ်းရေးဆိုတာကို လက်နက်ကိုင်ထားတဲ့ စစ်တပ်က တောင်းဆိုနေတာ ဘယ်တိုင်းရင်းသားမှ လက်ခံမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ သဘောပေါက်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ပြည်တွင်းစစ် ပေါ်ပေါက်ခဲ့ပြီး စစ်တပ်ခေါင်းဆောင်တွေက တိုင်းပြည်ချောက်ထဲမကျဖို့အရေး ကယ်တင်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေတ်အဆက်ဆက် အာဏာသိမ်းခဲ့ပါတယ်။

စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အာဏာသိမ်းမှုရော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပါ ဆယ်စုနှစ်ပေါင်းများစွာ စိုးမိုးခြယ်လှယ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုရင် အာဏာသိမ်းမှုကို အဆုံးသတ်ပြီး စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေမှုကို နှုတ်ထွက်ပေးရမှာပါ။

အဲဒီအနေအထား ရောက်ရှိမလာနိုင်ဘူးဆိုရင်တော့ စစ်တပ် ဆက်လက်ပါဝင်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ တွေ့ဆုံဆွေးနွေးလည်း ငြိမ်းချမ်းရေး ရလာနိုင်စရာအကြောင်းမရှိဘူးလို့ နိုင်ငံရေးအကဲခတ်သူတွေက ထောက်ပြကြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို အကြမ်းဖက်သောင်းကျန်းသူတွေလို့ ခေါ်ဝေါ်သုံးနှုန်းနေတာပါ။

ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုတွေက နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားတဲ့အယူအဆတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြတာဆိုပြီး စစ်တပ်ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ပြီး တိုင်းရင်းသားတွေကို အပြစ်ဖို့ပါတယ်။

ဒါ့အပြင် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ထက် တသီးတခြား ရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာတာ တွေ့ရတယ်လို့ စွပ်စွဲထားတာပါ။

ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းကသာ အားလုံးမျှော်လင့်တဲ့ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီး တည်ဆောက်နိုင်မယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ စစ်တပ်ရဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုကြောင့် NCA စာချုပ်ကို ကျောခိုင်းစွန့်ခွာခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အရာအားလုံးဟာ အချိန်လွန်သွားခဲ့ပြီလို့ ပြောပါတယ်။

လက်ရှိ တော်လှန်ရေးဟာ စစ်ရေးသက်သက်မဟုတ်ဘဲ စနစ်သစ်နဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ ဘယ်အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းဖို့ ဆက်လက်တွန်းသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဆင်နွှဲနေတဲ့ တော်လှန်ရေးက စစ်ရေးသက်သက်မဟုတ်ဘူး။ နိုင်ငံရေးအရ သံတမန်ရေးအရရော ဘက်ပေါင်းစုံကနေ လူထုလှုပ်ရှားမှု အပါအဝင်ပေါ့။ ဒီစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကျွန်တော်တို့ ဆက်လက်တွန်းသွားမှာဖြစ်တဲ့အတွက် သူပြောနေတဲ့စကားကိုလည်း အချိန်ကုန်ခံပြီး နားထောင်စရာလည်း မလိုတော့ဘူး။ ကျွန်တော်တို့ လုပ်စရာရှိတာ ဆက်လုပ်မယ်။ အဓိကအကျဆုံးအချက်က တိုင်းပြည်ကို စနစ်သစ်နဲ့ ပြန်လည်တည်ဆောက်နိုင်ဖို့ တိုင်းပြည်အတွက် တကယ်အနှောင်အယှက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာစနစ်မဆို ဆက်လက်ပြီး ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမှာပဲဖြစ်တယ်” လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ NCA စာချုပ်ပါ အခန်း ၁ အခြေခံမူတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အဆုံးသတ်သွားခဲ့ရတဲ့အတွက် စာချုပ်ပျက်ပြယ်ပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင် ထုတ်ပြောထားပါတယ်။

အခြေခံမူမှာ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အနှစ်သာရတွေ ထည့်သွင်းပြဌာန်းခဲ့ပေမယ့် စစ်တပ်က မဲမသမာမှုအကြောင်းပြချက်နဲ့ လက်နက်အားကိုးပြီး နိုင်ငံ့အာဏာကို သိမ်းယူခဲ့တာကြောင့်ပါ။

စစ်ကောင်စီအနေနဲ့ လက်ရှိမှာ စစ်ယန္တရားတွေနဲ့ အခြေတည်ထားတဲ့ မြို့ပေါင်း ၉၀ နီးပါးကို လက်လွှတ်ထားရတဲ့အတွက် တပ်စခန်းတွေ ရာနဲ့ချီ ဆုံးရှုံးခဲ့ရသလို တပ်အင်အားပြုန်းတီးမှုကိုလည်း ဆက်တိုက်ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့်လည်း စစ်ခေါင်းဆောင်ကတော့ လက်နက်ကိုင်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းမှာမဟုတ်ဘဲ NCA လမ်းကြောင်းအတိုင်း သွားမယ်လို့ အထိမ်းအမှတ်နေ့တွေမှာ ဇွဲမလျှော့စတမ်း ကြွေးကြော်ထားပါတယ်။

Most read this week

January 17, 2025
တရားဝင် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်မှု စွပ်စွဲချက်နဲ့...
January 16, 2025
Photo - Social Media မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပျူစောထီးများက ရခိုင်မှတ်ပုံတင်...
January 15, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့က မော်တော်ယာဉ်တွေကို...
January 13, 2025
စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ရေးတိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေနဲ့အတူ စိုးမိုးနယ်မြေများစွာ...