သက်ငယ်မှုဒိန်းကျူးလွန်သည့် ကိုးကန့်တပ်သားကို သေဒဏ်စီရင်ပေးရန် ဒေသခံများတောင်းဆိုနေ

သက်ငယ်မှုဒိန်းကျူးလွန်သည့် ကိုးကန့်တပ်သားကို သေဒဏ်စီရင်ပေးရန် ဒေသခံများတောင်းဆိုနေ
ပုံစာ - ဒီဇင်ဘာလ ၅ ရက်နေ့ ကိုးကန့်တပ်ကို သွားရောက်ဆန္ဒပြတဲ့ အမျိုးသမီးအဖွဲ့နဲ့ ဒေသခံများ။
ပုံစာ - ဒီဇင်ဘာလ ၅ ရက်နေ့ ကိုးကန့်တပ်ကို သွားရောက်ဆန္ဒပြတဲ့ အမျိုးသမီးအဖွဲ့နဲ့ ဒေသခံများ။

ရှမ်းမြောက် (ကြူကုတ်) ပန်ဆိုင်းမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိန်းပြုကျင့်သည့် ကိုးကန့် MNDAA အရာရှိကို သေဒဏ်ပေးရန် ပန်ဆိုင်းဒေသခံတို့က တောင်းဆိုနေသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင် ပန်ဆိုင်းမြို့၊ ရပ်ကွက် ၇ တွင် နေထိုင်သည့် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို ကိုးကန့် (MNDAA) တပ်ဖွဲ့ အရာရှိတစ်ဦးက အိမ်စီးကားနှင့် နေအိမ်မှ လာခေါ်သွားပြီးနောက် တရုတ်နယ်စပ်ချောင်းဘေးတစ်နေရာ၌ မုဒိန်းပြုကျင့်ခဲ့သည်ဟု ဆိုသည်။

မုဒိမ်းပြုကျင့်ခံရသူ ကလေးငယ်သည် အသက် ၂ နှစ် ၅ လအရွယ်သာရှိပြီး ပန်ဆိုင်းမြို့ဆေးရုံသို့ ခေါ်သွားချိန်တွင် ကလေးက မေ့မျောနေပြီဖြစ်ကာ ပန်ဆိုင်းဆေးရုံက လက်မခံတာကြောင့် ကိုးကန့်တပ်ဖွဲ့က လားရှိုးဆေးရုံကို ခေါ်သွားပေးပြီး ဆေးရုံတွင် ၃ ရက်ခန့် ဆေးကုသခံယူပြီးနောက် လက်ရှိတွင် ပန်ဆိုင်းဆေးရုံ၌ ဆက်လက်ဆေးကုသနေကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

“နေ့လည် ၁ နာရီကတည်းက ကလေးကို ကားခေါ်စီးမယ်ဆိုပြီး ခေါ်သွားတာ။ မုန့်တွေ၊ ဖျော်ရည်တွေလည်း ဝယ်ကျွေးတယ်တဲ့ ပြီးတော့ နယ်စပ်ချောင်းနားမှာ မုဒိန်းကျင့်ပြီး အိမ်ပြန်ခေါ် လာတာ။ ညနေ ၆ နာရီလောက်မှာ ကလေးအမေက သူ့ကလေးကို သွားပြန်ခေါ်တဲ့အချိန် ကလေးက နုံးနေပြီ။ ကလေးမိန်းမကိုယ်ကနေ သွေးတွေ တရပြွတ်ထွက်ပြီး အန်တဲ့အချိန်လည်း အမျိုးသားသုတ်ရည်တွေပါနေတဲ့၊ ကလေးအမေက ကိုးကန့်ကိုပြောတော့ ကိုးကန့်ဘက်က ဆေးရုံခေါ်သွားပေးတယ်၊ Rape case မို့လို့ ပန်ဆိုင်းမှာ လက်မခံဘူး၊ လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်။ ကလေးမိန်းမကိုယ်က အားလုံးစုတ်ပြဲသွားလို့ သုံးဆင့်ထပ်ပြီး ချူပ်ခဲ့ရတယ်လို့ ပြောတယ်” ဟု ပန်ဆိုင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြန်ပြောပြသည်။

သက်ငယ်မုဒိန်းမှုကျူးလွန်သူသည် ကိုးကန့် MNDAA တပ်ဖွဲ့က ကားဆရာ အသက် ၅၅ နှစ်အရွယ် ဦးရှောက်ချိ ဆိုသူဖြစ်ပြီး ဇနီး၊ သားသမီး၊ မြေးတို့ ရှိသည့်အပြင် MNDAA အရာရှိတစ်ဦးလည်းဖြစ်ကာ ကလေးငယ်မိသားစုနေအိမ်နှင့် အိမ်နီးချင်းကပ်ရပ်ဖြစ်သည့်အပြင် ပုံမှန်ဝင်/ထွက်လေ့ရှိပြီး အချင်းချင်း ခင်မင်ရင်းနှီးကြသူများဖြစ်သည်ဟု ဆိုသည်။

“ကလေးအမေက ကလေးကိုသွားခေါ်တဲ့အချိန် ကလေးအခြေအနေကြောင့် ထိတ်လန့်ပြီး ပြစ်မှုကျူးလွန်သူကို သွားပြောတယ်။ အဲဒီအချိန် အဲဒီပြစ်မှုကျူးလွန်တဲ့ ကိုးကန့်အရာရှိက သူတာဝန်ယူမယ်လို့ ပြောတယ်တဲ့။ ဒါပေမဲ့ ဘာမှတာဝန်မယူဘူး။ ကလေးမိဘတွေက MNDAA တပ်ဖွဲ့ကို ပြန်တိုင်တယ်။ MNDAA က ကလေးမိခင်ကိုလည်း အိမ်မှာပဲနေဖို့ပြောပြီး ဆေးရုံကို မလိုက်ခိုင်းဘူး။ ကလေးအဖေနဲ့ ကလေးကိုပဲ ဆေးရုံခေါ်သွားပေးတာဟုတ်တယ်။ ကလေးအမေက သူ့ကိုဆေးရုံလည်း မလိုက်ခိုင်းဘူးဆိုတော့ အချိန်ပြည့် ငိုပဲငိုပြီး ရွာကအမျိုးသမီးအဖွဲ့တွေကို ပြောပြမှ သိရတာ” ဟု  အဆိုပါ ပန်ဆိုင်းအမျိုးသမီးက ပြောဆိုသည်။

ကိုးကန့် MNDAA တပ်ဖွဲ့က ကလေးငယ်ကိုတာဝန်ယူပြီး ဆေးကုသပေးမှု လုပ်ကိုင်ပေးနေပေမယ့် ထိုအမှုကို ပျောက်ကွယ်သွားအောင် ဖုံးဖိကြိုးစားလုပ်ဆောင်လာတာကြောင့် ဒေသခံအမျိုးသမီးအဖွဲ့များနှင့် ရွာသူရွာသား အင်အား ၂၀၀ က  ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဆန္ဒပြလှုပ်ရှားခဲ့တာကြောင့် အမှုကျူးလွန်သူကို ကိုးကန့် MNDAA တပ်ဖွဲ့က တာဝန်ယူပြီး စုံစမ်းစစ်ဆေးနေပြီလို့ ၎င်းက ဆက်ပြောပါသည်။

“အဲဒီပြစ်မှုကျူးလွန်သူကို သူ့တို့က အစပိုင်းမှာ မဖမ်းဘူး။ ပြစ်မှုကျူးလွန်သူကို သူတို့က နေရာရွှေ့လိုက်မယ်၊ ထွက်ပြေးခိုင်းလိုက်မယ်ဆိုတဲ့ သတင်းတွေကြားတာနဲ့ ဒေသခံတွေ အမျိုးသမီးအဖွဲ့တွေ လူထုနဲ့ ဆန္ဒပြသွားပြောတော့မှ သူတို့က အခုလို ပြစ်မှုကျူးလွန်သူကို ပြန်စစ်ဆေးဖို့ ချူပ်နှောင်တာတွေ လုပ်လာတာ။ ကိုးကန့်က သတင်းလည်း ဖုံးဖိလိုက်ဖို့ ကြိုးစားတယ်” ဟု ပန်ဆိုင်းဒေသခံအမျိုးသမီးက ပြောသည်။

သက်ငယ်မုဒိမ်း ပြစ်မှုကျူးလွန်သူ ကိုးကန့်အရာရှိကို ကိုးကန့်တပ်ဖွဲ့စစ်ဆေးချိန် သူမဟုတ်ကြောင်း ငြင်းဆိုထားသည်ဟုသိရပြီး ကလေးငယ် ကိုယ်အင်္ဂါကို လက်နှင့်ခိုက်မိသွားသည်ဟု လိမ်လည်ထွက်ဆိုတာကို ကြားသိရပြီး လက်ရှိ၌ အမှုသက်သေအထောက်အထားများ စုစည်းပြီး ပြစ်မှုကျူးလွန်သူကို စစ်ဆေးနေဆဲကာလဖြစ်ကာ တရားစီရင်ရေးနှင့် စီရင်ချက်ချတာ မပြုလုပ်သေးဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ပန်ဆိုင်းမြို့တွင် မိဘမဲ့ဂေဟာကျောင်းလာဖွင့်သည့် တမူးဘက်က ချင်းအမျိုးသားတစ်ဦးအား ကလေးများကိုနှိပ်စက်ပြီး အဓမ္မပြုကျင့်မှုရှိခဲ့လို့ ဒေသခံ အမျိုးသမီးအဖွဲ့နှင့် ပြည်သူလူထုက ကိုးကန့်တပ် MNDAA ကို တာဝန်ယူဖြေရှင်းပေးရန် အမှုအပ်ခဲ့ကြသည်။

ကလေးငယ်ညှင်းပန်းနှိပ်စက်မှုနှင့် သက်ငယ်မုဒိန်းမှုကျူးလွန်သူ အဆိုပါ ချင်းအမျိုးသားကို ကိုးကန့် MNDAA တပ်ဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ လောက်ကိုင်မြို့တွင် ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို သေဒဏ်စီရင်ခဲ့မှုတွင် ပါဝင်စီရင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုအခြေအနေကြောင့် ယခု မုဒိန်းမှုကျူးလွန်သည့် ကိုးကန့်အရာရှိကိုလည်း သေဒဏ်စီရင်ပေးရန် ကလေးမိဘအပါအဝင် ဒေသခံများနှင့် အမျိုးသမီးများအဖွဲ့တို့က တောင်းဆိုနေသည်။

ပန်ဆိုင်းဒေသခံအမျိုးသမီး “အမှုကျူးလွန်သူကို သေဒဏ်ပေးလိုက်မှ ဒီမှာရှိတဲ့ မိခင်တွေအားလုံးလည်း စိတ်အေးရမယ်။ စိတ်လုံခြုံမှုရမယ်။ သူသာ အသက်ရှင်နေသရွေ့ ကလေးအတွက်လည်း အဆင်မပြေဘူး။ အားလုံးအတွက် စိတ်လုံခြုံမှု မရှိဘူး” ဟု ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ပြုစုထားသည့် စာရင်းအရ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စစ်ကိုင်းတိုင်း၊ ချင်းပြည်၊ ရှမ်းပြည်နှင့် ကရင်ပြည်က မြို့နယ်တို့တွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု အများဆုံးဖြစ်နေသည်ဟု ဆိုထားသည်။

ပူတာအိုမြို့တစ်နေရာ (Crd - Ko Ye Putao)
December 11, 2024
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကို ခရီးသွားခွင့်မပြုပဲ...
၂၀၂၁ ခုနှစ်မှာတွေ့ရတဲ့ ဖားကန့်မြို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ
December 11, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့ အဝင်/အထွက် စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ် ၄  ခုမှာ...
December 10, 2024
ရေကြောင်းမှတဆင့် စစ်ဘေးတိမ်းရှောင်နေကြသည့် ဗန်းမော်ဒေသခံများ ကချင်ပြည်နယ်ရဲ့...
၂၀၁၆ ခုနှစ်၊ မိုင်ဂျာယန်မြို့ EAO အဖွဲ့ တွေ့ဆုံဆွးနွေးပွဲတက်ရောက်စဉ် မြင်တွေ့ရတဲ့ KIO ဥက္ကဌ (Photo - crd)
December 9, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO...