တခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး အကောင်ထည်ဖော်ရန် သဘောတူ

တခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး အကောင်ထည်ဖော်ရန် သဘောတူ
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တော်လှန်ရေးနယ်မြေတနေရာ၌ ကျင်းပသည့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် ပါဝင်သူများ
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တော်လှန်ရေးနယ်မြေတနေရာ၌ ကျင်းပသည့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် ပါဝင်သူများ

မွန်တော်လှန်ရေးတပ်များအားလုံးပါဝင်သည့် တခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေးကို အကောင်ထည်ဖော်ရန် သဘောတူညီမှုရပြီဟု မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) အပါအဝင် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

MNLA-AD နှင့်မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့က ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) တွင် ပူးတွဲကြေညာခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တော်လှန်ရေးနယ်မြေတနေရာ၌ ကျင်းပသည့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပထမအဆင့်အနေဖြင့် ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

“လက်တွေ့မြေပြင်တပ်မှုးတွေက ဆိုင်ရာဆိုင်ရာ ဒေသတွေမှာ ပူးပေါင်းမှုရှိပေမယ့် ဒီတကြိမ်ကကျတော့ တပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ခေါင်းဆောင်တွေအားလုံး ညှိနှိုင်းဆွေးနွေးပြီးမှ အဖြေကျလာတဲ့ ဆုံးဖြတ်ချက်ပေါ့။ ဒါက တကယ်ကို အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါ” ဟု မွန်ပြည်သစ်ပါတီ/ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNSP/MNLA-AD) ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့တွင် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ဖျက်ရန်၊ နိုင်ငံရေးနှင့်စစ်ရေးလုပ်ငန်းအချို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း MSRF၊ MSDF နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ပူးတွဲကြေညာခဲ့သည်။

MSFC သည် MSRF ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည်။

ယခု ထုတ်ပြန်ချက်တွင် MLA နှင့် မွန်ပြည်သစ်ပါတီ (NMSP-AD) ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင်ရှိသည့် MNLA-AD တို့ပါ ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။

MSFC နှင့် NMSP-AD တို့က စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဧပြီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“လောလောဆယ်တော့ နိုင်ငံရေးအရ ဘယ်သူဦးဆောင်မလဲဆိုတဲ့ဟာတော့ မပါသေးဘူး။ မြေပြင်မှာရှိတဲ့ တပ်အခြေအနေအရ ကျနော်တို့မှာ ဒီလိုစိတ်ဆန္ဒရှိပြီးတော့ ရှေ့ဆက် အတူတကွပူးတွဲပြီး တိုက်ပွဲဝင်ကြရအောင်ဆိုတဲ့ အဆင့်ပေါ့နော်။ ဒီကနေမှတဆင့် ဘယ်လိုမျိုး တပ်တတပ်အနေနဲ့ တည်ထောင်သွားမလဲဆိုတဲ့ ရည်မှန်းချက်ကို ချခြင်းဖြစ်ပါတယ်” ဟု နိုင်ကောင်းစကားက ပြောသည်။

စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ရင်း ယုံကြည်မှုတည်ဆောက်ကာ နိုင်ငံရေးလမ်းစဉ်က ပေါ်လာမည်ဖြစ်ကြောင်း MSRF ပြန်ကြားရေးတာဝန်ခံ နိုင်ဒင်းပလဟံသာက ဆိုသည်။

နိုင်ဒင်းပလဟံသာက “နိုင်ငံရေးလမ်းစဉ်ကတော့ ပြန်ပြီးညှိရမယ်ယူဆပါတယ်။ အလွယ်ကူဆုံး အလိုအပ်ဆုံးက စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ မူအရတခုတည်းဖြစ်ဘို့ သဘောတူထားတော့ ပန်းတိုင်တော့ တူနေပါပြီ။ ပန်းတိုင်ရောက်ဘို့ လိုအပ်တဲ့ဖြစ်စဉ် process တွေကိုတော့ အချင်းချင်းဆက်ညှိသွားကြပါမယ်” ဟုပြောသည်။

မွန်ပြည်နယ်မှဒေသခံများကမူ မွန်တပ်လေးတပ်မှ တပ်တခုတည်းဖြစ်အောင်ပေါ်ထွန်းရေး ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်လိုကြောင်း ပြောသည်။

“အချင်းချင်း ပူးပေါင်းတော်လှန်မယ့်ကိစ္စကတော့ ဝမ်းသာစရာပေါ့။ အစည်းအဝေးမှာ သဘောတူညီတယ်ဆိုရုံနဲ့တင်မပြီးဘဲ လက်တွေ့မှာ မြန်မြန်အကောင်ထည်ဖော်နိုင်ဖို့က အရေးကြီးပါတယ်” ဟု မွန်လူငယ်တဦးက ပြောသည်။

NMSP (AD) သည် ကြာအင်းဆိပ်ကြီး၊ ကျိုက်မရော၊ မုဒုံနှင့် မော်လမြိုင်၊ သံဖြူဇရပ်နှင့် ရေး စသဖြင့် စစ်ဒေသ ၄ ခုခွဲကာ စစ်ရေးလှုပ်ရှားသည်။

MSRF က မွန်ပြည်နယ်တောင်ပိုင်းတွင် အဓိက စစ်ရေးလှုပ်ရှားပြီး MSDF က မွန်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုရှိသည်။

MLA သည် တအာင်းဒေသတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ စစ်ပညာသင်ကြားပြီးနောက် ယခုနှစ်ဆန်းပိုင်းတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အစပ်ဒေသများတွင် စစ်ရေးလှုပ်ရှားလျက်ရှိသည်။

Most read this week

လောင်းလုံးမြို့နယ်အတွင်း ဗုံးခိုကျင်းတူးထားသည်ကို ၂၀၂၄ ခု၊ ဖေဖော်ဝါရီလက တွေ့ရစဉ် (ဓါတ်ပုံ- CJ)
January 17, 2025
တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေတင်းမာနေသည့် ဒေသများ၌ ဗုံးခိုကျင်းမတူးရန် ဒေသခံပြည်သူများအား...
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း
January 16, 2025
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအား ထိရောက်အားကောင်းသော...
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ပိတ်ပင်လိုက်သည့် အိန္ဒိယ - မြန်မာ ကုန်သွယ်ရေးအမှတ် (၂) ဂိတ်တံတားပေါ်တွင် စစ်ဆေးနေသည့် အာသံရိုင်ဖယ်စစ်သားများနှင့် ဖြတ်သန်းသွားလာမည့် ဒေသခံများ။ (ဓါတ်ပုံ – ပေးပို့။)
January 15, 2025
အိန္ဒိယနဲ့ မြန်မာ နယ်စပ်ကို ဆက်သွယ်ထားတဲ့ အမှတ် (၂) ကုန်သွယ်ရေးဂိတ်ဟာ အရင်က နှစ်နိုင်ငံကလူတွေ...
January 13, 2025
ဓါတ်ပုံ - ဆေးဝါးကုသမှု လုံလောက်စွာ မရသဖြင့် ဒိုက်ဦးထောင်တွင် အကျဉ်းကျခံနေရသည့်...