မာနယ်ပလော စခန်းသိမ်းတိုက်ပွဲမှ တပ်ရင်းမှူးနှင့် တပ်ကြပ်ကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၆ ဦး KNLA ဖမ်းဆီးရမိ

မာနယ်ပလော စခန်းသိမ်းတိုက်ပွဲမှ တပ်ရင်းမှူးနှင့် တပ်ကြပ်ကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၆ ဦး KNLA ဖမ်းဆီးရမိ

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၇) နယ်မြေ မာနယ်ပလောဒေသရှိ စစ်ကောင်စီ၏ အမှတ် ၃၁၁ အမြောက်တပ်ရင်း၊ ပွိုင့် ၉၁၃ စခန်းကုန်းသိမ်းတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် တပ်ကြပ်ကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် (၆) ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်းတပ်ဘက်မှ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ ရက်တွင် KNLA အပါအဝင် ကရင်အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ - KNDO တို့ ပူးပေါင်းတိုက်ခိုက်သိမ်းယူနိုင်ခဲ့သော စုစုပေါင်း တပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်ရှိ ပွိုင့်-၉၁၃ စခန်းမှ ရတမ-၃၃၈ တပ်ရင်း၏ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဖြိုးသီဟနှင့် တပ်ကြပ်ကြီးအဆင့် (၁) ဦး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးကို အသက်ရှင် လျက်ဖမ်းဆီးရမိခဲ့သည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက ကေအိုင်စီသို့ အတည်ပြုပြောသည်။

၎င်းက “၉၁၃ ကနေ အောင်ဇေယျဘက်ကို အင်အားဖြည့်ဖို့ ရဟတ်ယာဥ်နဲ့ လာခေါ်သွားတဲ့သူတွေလည်းရှိတော့ လက်ရှိ စခန်းအင်အားက ၃၀ လောက်ပဲရှိတယ်။ ကျနော်တို့ တက်တိုက်တဲ့အချိန်မှာ ထွက်ပြေးလို့ ဖမ်းမိတာ ၆ ယောက်ရှိတယ်။ အဲဒီထဲမှာ တပ်ရင်းမှူးတစ်ယောက်နဲ့ တပ်ကြပ်ကြီးတစ်ယောက်ပါတယ်။ သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာတော့ မသိသေးဘူးနော်” ဟု စောရှီးလေက ပြောသည်။

ခမရ-၉၁၃ စခန်းအား KNLA ပူးပေါင်းတပ်မှ မြေပြင်ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်၍ ဒရုန်းများ၊ စနိုက်ပါများဖြင့် စစ်ကောင်စီတပ်အင်အား လျော့နည်းလာစေရန် ၃ လတာခန့် အချိန်ပေးတိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင် သေဆုံး၍ ၁၂၀ မမ တစ်လက်၊ ၈၁ မမ တစ်လက်၊ ပွိုင့်ဖိုက် တစ်လက်၊ MA ၂၉ လက် သိမ်းဆည်းရမိခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင် (၁) ဦး  ကျဆုံးခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

 “ကျနော်တို့ရဲ့ မာနယ်ပလောနယ်မြေထဲမှာ အခုဆို ရန်သူစခန်းတွေအားလုံး ရှင်းပြီ။ ဒါကြောင့် သောင်ရင်းနဲ့ သံလွင်ကို ပြည်သူတွေ လွတ်လွတ်လပ်လပ်သွားလို့ရပြီ။ ကျနော်တို့ပြည်သူတွေ အေးအေးချမ်းချမ်း သွားလာရုံသာမက ဒီနေရာကို ပြန်လာပြီး နဂိုလုပ်ကိုင်စားသောက်တဲ့လုပ်ငန်းတွေ ပြန်လုပ်ဖို့လည်း ဖိတ်ခေါ်တယ်” ဟု KNDO စစ်ဦးစီးချုပ်က ဆက်လက်ပြောဆိုသည်။

အစဥ်အလာကြီးမားခဲ့သည့် KNU ဌာနချုပ်ဟောင်းနေရာ မာနယ်ပလောဒေသတွင် ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှ စတင်တပ်စွဲထားခဲ့သော စစ်ကောင်စီ ပွိုင့် ၉၁၃ စခန်းကုန်းကို ယခုလို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ခဲ့ခြင်းကြောင့် တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေကြသည့် ပြည်သူလူထုအတွက် ခွန်အားတက်စေသည်ဟု တော်လှန်ရေးခေါင်းဆောင်များက ပြောသည်။

Most read this week

January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...
January 14, 2025
ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ...
January 14, 2025
နန်းဝေဖြိုးဇာ — “အဲဒီတုန်းက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ မြေမြှုပ်မိုင်းနင်းမိတော့ ခြေထောက်တစ်ဖက်...
January 13, 2025
ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် လမ်းသစ်တို့ကို ပြန်သိမ်းနိုင်ရန်...