လိမ်လည်ခြင်း၊ နှိပ်စက်ခြင်းနှင့် လူကုန်ကူးမှုများပြုလုပ်လျှင် အရေးယူမည်ဟု တရုတ်လုပ်ငန်းရှင်များကို BGF သတိပေး

လိမ်လည်ခြင်း၊ နှိပ်စက်ခြင်းနှင့် လူကုန်ကူးမှုများပြုလုပ်လျှင် အရေးယူမည်ဟု တရုတ်လုပ်ငန်းရှင်များကို BGF သတိပေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့် တရုတ်လုပ်ငန်းရှင်များအနေဖြင့် လူလိမ်လည်ခေါ်ယူခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူကုန်ကူးခြင်းနှင့် အသက်မပြည့်သူများကို အလုပ်တာဝန်ပေးခြင်းများ ပြုလုပ်ပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နယ်ခြားစောင့်တပ် - BGF က ယခုလ ၁၄ ရက်နေ့က ခေါ်ယူသတိပေးခဲ့သည်ဟု တာဝန်ရှိသူများ အတည်ပြုပြောဆိုသည်။

BGF အပါအဝင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် - DKBA ထိပ်ပိုင်းခေါင်းဆောင်များပါဝင်၍ မြဝတီခရိုင်အတွင်း လောင်းကစားလုပ်ငန်းများ လာရောက်ရင်းနှီးလုပ်ကိုင်နေကြသည့် တရုတ် လုပ်ငန်းရှင်များနှင့် ဇန်နဝါရီလ ၁၄ ရက်နေ့က ခေါ်ယူပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူက ထိုသို့ သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သူ DKBA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောရွှေဝက “ဗိုလ်ချစ်သူက ဒီ မြဝတီလား၊ ကျောက်ခက်လား၊ ကုက္ကိုလ်လား အဲ့မှာ လာလုပ်နေတဲ့ တရုတ်တွေကို ညှဉ်းပန်းနှိပ်စက်တာမလုပ်ဖို့၊ အသက် ၁၈ နှစ်မပြည့်ရင် အလုပ်မပေးဖို့၊ သက်ကြီးရွယ်အိုတွေရဲ့ ငွေတွေကို လိုက်မလိမ်ဖို့၊ အဲ့ဒါတွေကို လုပ်တာသိရင် အရေးယူမယ်။ အဓိက, ကတော့ တရုတ်ကိစ္စပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

တရုတ်လုပ်ငန်းရှင်များကို ခေါ်ယူသတိပေးရာ၌ လေးစားလိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ရာတွင် နည်းလမ်းပေါင်းစုံဖြင့် လိမ်ညာခေါ်ဆို၍ အတင်းအဓမ္မခိုင်းစေခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်ခြင်း၊ ၁၈ နှစ် မပြည့်သေးသော ကလေးသူငယ်များကို လုပ်ငန်းတာဝန်ပေးအပ်ခြင်းနှင့် လျော်ကြေးပေး၍ ခေါ်ဆောင်ခြင်း၊ လူကုန်ကူးမှု ပြုလုပ်ခြင်းတို့ကို မလုပ်ဆောင်ရန် စသည့် အချက် (၄) ချက်ပါဝင်ပြီး လုပ်ဆောင်သူများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ယခုလို စည်းကမ်းချက်သတ်မှတ်ပြီး ခေါ်ယူသတိပေး ပြောဆိုမှုအပေါ်တွင်လည်း တရုတ်လုပ်ငန်းရှင်များဘက်က သဘောတူခဲ့ကြသလို မြဝတီမြို့နယ်အတွင်းရှိနေသည့် လောင်းကစားရုံများ၊ အန်ဂလုံဝိုင်းများကို ၃ လအတွင်း ပိတ်သိမ်းရန် DKBA မှ ဗိုလ်ချုပ်စောဆန်းအောင်ကိုလည်း ဗိုလ်မှူးချုပ် စောချစ်သူက တာဝန်ပေးခဲ့ကြောင်း ဒု-ဗိုလ်ချုပ်ကြီး စောရွှေဝက ဆက်ပြောသည်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက နာမည်ဆိုးနှင့် ကျော်ကြားနေသည့် ထိုင်း-မြန်မာ နယ်စပ်တစ်ကြောရှိ ကာစီနို လောင်းကစားရုံများရှိရာ နေရာများတွင် တရုတ်ရုပ်ရှင်သရုပ်ဆောင် ဝမ်ရှင်း (ခေါ်) ရှင်းရှင်း၊ အခြားသော နာမည်ရ တရုတ်လူငယ်များနှင့် အခြား နိုင်ငံခြားသားများ လူကုန်ကူးခံရသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက်ပိုင်း ယခုလို တရုတ်လုပ်ငန်းရှင်များကို ခေါ်ယူသတိပေးသည့် အစည်းအဝေးကို BGF ဘက်က ပြုလုပ်လာခြင်းဖြစ်သည်။

ယခုလို ခေါ်ယူသတိပေးမှုများ ပြုလုပ်နေသော်လည်းပဲ BGF အကာအကွယ်ပေးထားသည့် ရွှေကုက္ကိုမြို့သစ်တွင် လောင်းကစားရုံများ၊ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ ဆက်လက် လည်ပတ်နေသေးသလို အထပ်မြင့်အဆောက်အဦးများ ဆက်လက် တိုးချဲ့ ဆောက်လုပ်မှုများရှိနေကြောင်း ရွှေကုက္ကို ဒေသခံများက ပြောသည်။

အလားတူ DKBA ထိန်းချုပ်ရာ မြဝတီတောင်ဘက်ရှိ ကျောက်ခက်ကျေးရွာတွင်လည်း ကာစီနို လောင်းကစားရုံများနှင့် ကျားဖြန့် ငွေလိမ်ခြင်းအပြင် အခြားသောလုပ်ငန်းများ လုပ်ဆောင်ရန် အဆောက်အဦးများ၊ လမ်းများကို ပြင်ဆင်တိုးချဲ့ ဆောက်လုပ်နေပြီး တရုတ်နိုင်ငံသားအချို့လည်း ၎င်းဒေသတွင် လုပ်ငန်းများ ရောက်ရှိလုပ်ကိုင်နေကြသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

ယခုလို ထိုင်း-မြန်မာ နယ်စပ်တွင် လူလိမ်ဂိုဏ်းများ၏ ငွေကြေးလိမ်လည်မှုများ၊ လူကုန်ကူးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုခံရသည့် ဖြစ်ရပ်များကို ကြုံတွေ့နေရသည့် နိုင်ငံခြားသားအလုပ်သမားများသည် ထိုင်းနိုင်ငံမှတဆင့် ဝင်ရောက်လာကြခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်အချို့၏ ပါဝင်ပတ်သက်မှုများလည်း ရှိနေနိုင်ကြောင်းလည်း ထောက်ပြပြောဆိုမှုများရှိသည်။

ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်ပြုလုပ်သည့် ထိုနေ့အစည်းအဝေးတွင် အခြား BGF တပ်နယ်မှူးခေါင်းဆောင်များနှင့် DKBA မှ ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောရွှေဝ အပါအဝင် အခြားသော DKBA ၏ ထိပ်ပိုင်းအရာရှိများအပြင် တရုတ်လုပ်ငန်းရှင်များလည်းပါဝင်ပြီး ပထမဦးဆုံးအကြိမ် ပြုလုပ်သော အစည်းအဝေးဖြစ်သည်ဟု သိရသည်။

Most read this week

January 14, 2025
ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ...
January 14, 2025
နန်းဝေဖြိုးဇာ — “အဲဒီတုန်းက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ မြေမြှုပ်မိုင်းနင်းမိတော့ ခြေထောက်တစ်ဖက်...
January 13, 2025
ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် လမ်းသစ်တို့ကို ပြန်သိမ်းနိုင်ရန်...
January 11, 2025
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့ပေါ်တွင် ယခု ဇန်နဝါရီလ ဒုတိယအပတ်အတွင်းမှစ...