အပစ်အမြန်ရပ်ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးလုပ်ဖို့နဲ့ နယ်စပ်ဂိတ် ဖွင့်မယ့်အရေးတွေကို တရုတ်ဘက်က ဆွေးနွေးလိုက်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

အပစ်အမြန်ရပ်ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးလုပ်ဖို့နဲ့ နယ်စပ်ဂိတ် ဖွင့်မယ့်အရေးတွေကို တရုတ်ဘက်က ဆွေးနွေးလိုက်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

တရုတ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံချိန် အပစ်အမြန်ရပ်ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးလုပ်ဖို့နဲ့ နယ်စပ်ဂိတ်ဖွင့်မယ့်အရေးတွေကို တရုတ်ဘက်က ဆွေးနွေးလိုက်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တရုတ်ကနေ တွေ့ဆုံဖို့ဖိတ်ခေါ်တာကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာလ ၈ ရက်နေ့က တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) အဖွဲ့နဲ့တွေ့ဆုံဖို့ ကူမင်းမြို့ကို သွားခဲ့ကြတာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ တရုတ်ဘက်ကနေ ယခင်က ပြောဆိုနေကျအတိုင်း နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောဆိုလိုက်တာတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

 "အရမ်းထူးခြားတဲ့ ခေါင်းစဉ်တွေတော့ မဟုတ်ဘူး။ အရင်က ပြောနေကျ တရုတ်နယ်စပ်တစ်လျှောက်ဘက် ငြိမ်းချမ်းရေး အမြန်လုပ်ရအောင်ဆိုတာတွေ။ နယ်စပ်ဂိတ်ဖွင့်ကြမယ့်အရေးတွေ ပြောတာပေါ့။ အဲဒီဘက် အပစ်အမြန်ရပ်ပြီး နယ်စပ်တစ်လျှောက်ဘက် ငြိမ်းချမ်းရေးတွေ လုပ်ရအောင်ပေါ့။  အဓိက,ကတော့ အရင်ပြောနေကျတွေပဲပေါ့" လို့ ပြောပါတယ်။

အခုတစ်ကြိမ် တွေ့ဆုံမှုမှာ ထူးခြားချက်အနေနဲ့ကတော့ အစည်းအဝေးမှာ တာဝန်ယူသူဟာ ယခင် ယူနန်ပြည်က လူကြီးတွေမဟုတ်ဘဲ ပေကျင်းဘက်က တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဗဟိုကော်မတီအဖွဲ့ဝင် Wu Ken နဲ့ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

အဲဒီလို နှစ်ဖက်တွေ့ဆုံမှုအပြီး လက်တွေ့အကောင်အထည်ဖော်လာတဲ့အပိုင်းမှာ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လာတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အရင်ကလို လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ကချင်ပြည်နယ်အတွင်း ထိုးစစ်စတင်ခဲ့တဲ့ မတ်လ ၇ ရက်နေ့ နောက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်းက မြို့အချို့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ လွယ်ဂျယ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ ဦးဇခုန်းတိန်းယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ (၁) ဒေသတစ်ခုလုံးကိုလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီး နိုဝင်ဘာလ ၂၁ ရက်နေ့အတွင်း တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ ကချင်အထူးဒေသ (၁) ကို လုံးဝ ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ကချင်အထူးဒေသ ၁ ကို သိမ်းပိုက်အပြီး ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို KIA ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေတဲ့အချိန် ဒီဇင်ဘာလ ၈ ရက်နေ့အရောက်မှာတော့ တရုတ်ဘက်နေ KIO နဲ့ တွေ့ဆုံဖို့ ဖိတ်ကြားတာကြောင့် သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

January 17, 2025
မြစ်ကြီးနား - ပူတာအို ကားလမ်း ပုံမှန်ပြန်လည်သွားလာလို့ရကတည်းက ပူတာအိုမြို့တွင်းမှာ...
January 17, 2025
မြစ်ကြီးနား - ပူတာအို လမ်းပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ဂိတ်...
January 15, 2025
စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့  နိုင်ငံရေးအကျဉ်းသူ/သားတွေထဲမှာ ကလေးနဲ့အတူ...
January 7, 2025
ဝေးလံခေါင်ဖျားတဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်ဒေသမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ...