ရှမ်းမြောက် KIA အခွန်ရုံးတစ်ခု ဝင်စီးခံရ

ရှမ်းမြောက် KIA အခွန်ရုံးတစ်ခု ဝင်စီးခံရ
ရှမ်းပြည်မြောက်ပိုင်း ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA တပ်ဖွဲ့
ရှမ်းပြည်မြောက်ပိုင်း ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA တပ်ဖွဲ့

ရှမ်းမြောက် မူဆယ်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ ၏ အခွန်ရုံးကို စစ်ကောင်စီတပ်က ဝင်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့နယ် ၁၀၅ မိုင်အနီးရှိ ဇော်ဘုန်နမ်ဂတ် (Zau Bung Nam Gat) ကျေးရွာ၌ရှိသည့် KIA ၏ အခွန်ရုံး နေအိမ် တစ်အိမ်ကို မေလ ၂၀ ရက်နေ့၊ နံနက် ၆ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဝင်စီးခဲ့ပြီး ပစ္စည်းများကို သိမ်းယူ သွားသည်ဟု ပြောသည်။

ထို့အပြင် အနီးအနားရှိ အရပ်သားပြည်သူများကိုလည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သွားခဲ့သည်ဟု ဒေသခံ တစ်ဦးက KNG ကို ပြောသည်။

“ဒီဖြစ်စဉ်က ကွင်းဆက်ဖြစ်စဉ်ပေါ့။ ပြီးခဲ့တဲ့အပတ်က ဖမ်းခံထိသွားတဲ့ KIA အခွန်ကောက်တဲ့သူတွေ လာနေ သွားလို့ လာရောက် စစ်ဆေးမေးမြန်းပြီး ဝင်စီးသွားတာပေါ့။ အဲ့မှာ ရွာသား ၃ ဦးကိုတော့ ဖမ်းဆီးသွားပြီး ပြန်လွတ်ပေးလိုက်ပြီ။ KIA ဘက်က အခွန်လိုက်ကောက်တဲ့ တချို့ကို နမ်ဖတ်ကာမှာ စစ်တပ်က ပြီးခဲ့တဲ့အပတ်က ဖမ်းဆီး လိုက်တယ်လေ။ သူတို့ နမ်ဂတ်မှာ လာနေသွားလို့ ကွင်းဆက်ပြန်လိုက်ပုံရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် အခွန်ရုံးကို ဝင်စီးပြီးနောက် ရုံး၌ရှိသည့် စာရွက်စာတမ်းများ၊ ပစ္စည်းများနှင့် ဆိုင်ကယ် များကို သိမ်းယူသွားသည့်အပြင် ရွာလူကြီး၊ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာတစ်ဦး နှင့် အရပ်သားတစ်ဦး ကိုလည်း ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် ဖမ်းဆီးခံသွားရသည့် ပြည်သူ ၃ ဦးအား ပြန်လွှတ်ပေးရန် ဒေသခံများ၏ လိုက်လံတောင်းဆိုမှုကြောင့် ဖမ်းဆီးပြီး ၁ ရက်အကြာ မေလ ၂၂ ရက်နေ့ (ယမန်နေ့) ည ၇ နာရီဝန်းကျင် အချိန်ခန့်တွင် ပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က KIA အခွန်ရုံးမှ ဝန်ထမ်း ၅ ဦး အခွန်ကောက်ခံရန် ကွတ်ခိုင်ဘက်သို့ ဆင်းလာစဉ် နမ့်ဖတ်ကာကျေးရွာအလွန်တွင်  စစ်ကောင်စီတပ်မှ ဖမ်းဆီးလိုက်ပြီးနောက် ၎င်းတို့၏ အခွန်ရုံးကိုလည်း စစ်တပ်က ဝင်စီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဝင်စီးခဲ့ချိန် KIA ဘက်မှ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း စာရွက်စာတမ်းများ၊ ပစ္စည်းများနှင့် ဆိုင် ကယ် ၇ စီးခန့် သိမ်းဆည်းခံလိုက်ရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ဆက်ပြောသည်။

“ငွေကြေးတွေတော့ ပါသွားတာ မတွေ့လိုက်ဘူး။ သေတ္တာ ၃ သေတ္တာနဲ့ ပစ္စည်းတွေ ထော်လာဂျီ အပြည့် တင် သွားတယ်။ ဆိုင်ကယ်က ၆ စီး ၇ စီးလောက်ဟုတ်တယ်။ အဲ့မှာရှိနေတာ အဲ့တာအကုန်ယူသွားတယ်။ အခုက ကျမတို့ ဘယ်လိုလုပ်မှ ရွာလုံခြုံမလဲပဲ တွေးပူနေတာ။ ရွာသားတွေက လန့်သွားတာလေ။ ဘယ်လို ဆက်ဖြစ် မလဲ ကျမတို့က အရမ်းစိုးရိမ်ရတယ်။ ကျမတို့ ရွာက တောင်း TNLA တပ်ရောက်ပြီဆိုတာနဲ့ စစ်တပ်က ပြန် ရောက်လာ၊ သူတို့ပြန်သွားတာနဲ့ တောဘက်ကသူတွေ ပြန်ဆင်းလာ၊ ပြီးတာနဲ့ ကိုးကန့်က ပြန်ရောက်လာ၊ တဖွဲ့ပြီးတဖွဲ့ တော်တော်စိုးရိမ်ပြီး နေနေရတာ” ဟု ဇော်ဘုန်နမ်ဂတ် (Zau Bung Nam Gat) ကျေးရွာဒေသခံ အမျိုးသမီးက ပြောသည်။

နမ်ဂတ်ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်စီးခဲ့ပြီးနောက် TNLA တပ်ဖွဲ့များ ရောက်ရှိလာပြီး ယနေ့အထိ ကျေးရွာအနီး ပတ်ဝန်းကျင်တလျှောက် လှုပ်ရှားနေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် KIA တပ်ဖွဲ့ဝင်များကို အဆိုပါဒေသမှ ထွက်ခွာသွားရန် သတိပေးထားပြီး ထွက်ခွာခြင်း မရှိပါက လေကြောင်းဖြင့် ဗုံးကြဲမည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ၊ TNLA၊ MNDAA နှင့် KIA လက်နက်ကိုင် တပ်တို့အကြား ဒေသတွင်း စစ်ရေးပဋိပက္ခများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။

Most read this week

December 18, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ...
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
December 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃...
ပုံစာ - ဒီဇင်ဘာလ ၅ ရက်နေ့ ကိုးကန့်တပ်ကို သွားရောက်ဆန္ဒပြတဲ့ အမျိုးသမီးအဖွဲ့နဲ့ ဒေသခံများ။
December 12, 2024
ရှမ်းမြောက် (ကြူကုတ်) ပန်ဆိုင်းမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိန်းပြုကျင့်သည့်...
ပူတာအိုမြို့တစ်နေရာ (Crd - Ko Ye Putao)
December 11, 2024
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကို ခရီးသွားခွင့်မပြုပဲ...