လူ ၁၂ ဦးသေဆုံးခဲ့ရသည့် ဂြစ်ချောင်းကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုထပ်မံမဖြစ်စေရေးအတွက် ကာကွယ်ပေးရန် မြိုတိုင်းရင်းသားပါတီတောင်းဆို

လူ ၁၂ ဦးသေဆုံးခဲ့ရသည့် ဂြစ်ချောင်းကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုထပ်မံမဖြစ်စေရေးအတွက် ကာကွယ်ပေးရန် မြိုတိုင်းရင်းသားပါတီတောင်းဆို

ပြီးခဲ့သည့်အပတ်က ရွာထဲသို့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်များ အပါအဝင် လူပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည့် မောင်တောမြို့နယ် ဂြစ်ချောင်းမြိုရွာ ဖြစ်စဥ်နှင့်ပတ်သက်ပြီး မြိုတိုင်းရင်းသားပါတီက ကြေညာချက်ထုတ်ပြန်ကာ နှစ်ဘက်လက်ကိုင်အဖွဲ့များအနေဖြင့် အပြစ်မဲ့ပြည်သူများကို စောင့်ထိန်းကာကွယ်ပေးကြရန် တောင်းဆိုလိုက်သည်။

အဆိုပါထုတ်ပြန်ချက်ကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး  နောက်နောင်တွင် နှစ်ဘက်လက်ကိုင်အဖွဲ့များအနေဖြင့် ကျေးရွာလူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘာသာရေးကျောင်းများနှင့် လူနေကျေးရွာများ အနီးဝန်းကျင်တွင် နေရာယူခြင်းနှင့် တိုက်ပွဲဖော်ဆောင်ခြင်းများ မပြုလုပ်ကြရန် အထူးမေတ္တာရပ်ခံအပ်သည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဂြစ်ချောင်းကျေးရွာအနီးဝန်းကျင်သည် နှစ်ဘက်လက်နက်ကိုင် အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာမဟုတ်ပါဘဲလျက် ရွာထဲသို့လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲကာ အပြစ်မဲ့မြိုလူမျိုးတို့ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သေဆုံးသွားခြင်း အပေါ် လက်နက်ကိုင်အဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိ ဓားစာခံအဖြစ် ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းခံရသည်ဟု မြိုတစ်မျိုးသားလုံးက ဝမ်းနည်းစွာခံစားမိသည်ဟု ဖော်ပြထားသည်။

မြိုတိုင်းရင်းသားပါတီမှ တာဝန်ရှိသူတစ်ဦးက  "နှစ်ဘက်လက်နက်ကိုင်ဆိုတာက တပ်မတော်နဲ့ တပ်တော်နှစ်ဖွဲ့ပေါ့လေ။ အခု ကျနော်တို့ဒေသမှာဖြစ်ပျက်နေတာက အဲဒီလက်နက်ကိုင်နှစ်ဖွဲ့နဲ့ ဖြစ်ပျက်နေတာကိုး။ ဆိုတော့ အဲဒီနှစ်ဖွဲ့စလုံးသည် ကျနော်တို့ပြည်သူလူထုကိုငဲ့ညာပြီးတော့ အသက်အိုးအိမ်ကိုနည်းနည်း ကာကွယ်ပေးဖို့အတွက်လုပ်ခြင်းဖြစ်တဲ့အတွက် နောက်နောင်မှာ အဲလိုမဖြစ်ရအောင်၊ ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှုအများကြီးမဖြစ်ရအောင်၊ မဖြစ်ပွားအောင် ငဲ့ညာပြီးတော့ တိမ်းရှောင်ပေးပါ၊ ရှောင်ကြဥ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ဖြစ်သွားတာတော့ ဖြစ်ပြီးခဲ့ပြီလေ"ဟု ပြောသည်။

ယင်းပစ်ခတ်မှုကို မည်သည့်အဖွဲ့ကပြုလုပ်သည်ဟု တစ်ဘက်သတ် စွပ်စွဲခြင်းပြစ်တင်ခြင်း မပြုလုပ်လိုဘဲ သတ်ဖြတ်ကျူးလွန်သည့်အဖွဲ့ကသာ အသိဆုံးဖြစ်မည်ဖြစ်ကာ ဗုဒ္ဓဘာသာသဘောအရ တူသောအကျိုးကိုလည်း ယင်းအဖွဲ့ကသာ ခံစားရမည်ဟုလည်း မြိုတိုင်းရင်းသားပါတီ၏ထုတ်ပြန်ချက်တွင် ဆိုထားသည်။

မြိုလူမျိုးများနေထိုင်သည့် မောင်တောမြို့နယ် ဂြစ်ချောင်းကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်၊ နေ့လယ်က ကလေးငယ်တစ်ဦးကိုနားထိုးပွဲပြုလုပ်နေစဥ် အနီးအနားရှိ ကြိမ်ချောင်း နယ်ခြားစောင့်တပ် နခခ(၇)က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၃ လုံးကျရောက် ပေါက်ကွဲ၍ ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ၁၁ ဦးသေဆုံးပြီး ရွာသား ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရသူများအနက် နောက်ထပ် ၁၅ နှစ်အရွယ် ခုနှစ်တန်းကျောင်းသား တစ်ဦးလည်း စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဥ် နိုဝင်ဘာလ ၁၈ ရက်တွင် ထပ်မံ သေဆုံးသွားခဲ့သည်။

အခြားဒဏ်ရာရသူများသည်လည်း ဆေးရုံအသီးသီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ယင်းရွာသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲအပြီးတွင် မောင်တော ကြိမ်ချောင်းဗျူဟာမှ တာဝန်ရှိသူများသည် ရွာသားများနှင့် တွေ့ဆုံခဲ့ကာ အဆိုပါပစ်ခတ်မှုသည် သူတို့လက်ချက်မဟုတ်ဘဲ ရက္ခိုင့်တပ်တော် (AA)က ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောဆိုပြီး သေဆုံးဒဏ်ရာရသူများအတွက်လည်း ဆန်နှင့်ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း ရွာသားများက ပြောသည်။

ယင်းအပြင် နိုဝင်ဘာလ ၁၈ ရက် စစ်ကောင်စီပိုင်သတင်းစာများတွင်လည်း ဂြစ်ချောင်းကျေးရွာသို့ ကျရောက်သည့် လက်နက်ကြီးကျည်များမှာ AA အဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဖြစ်ကြောင်း စွပ်စွဲရေးသားထားသည်။

တစ်ဘက်တွင်လည်း အဆိုပါပစ်ခတ်မှုကို ကြိမ်ချောင်းနယ်ခြားစောင့်စခန်း နခခ(၇)က ပြုလုပ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံ ကျေးရွာသားများကိုယ်တိုင် ပြောဆိုထားသလို ရက္ခိုင့်တပ်တော် (AA)ကလည်း ကြေညာချက်ထုတ်ပြန်ပြီး စစ်ကောင်စီ၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချထားသည်။

မြိုတိုင်းရင်းသားများသည် လူဦးရေ ၁ သိန်း ပတ်ဝန်းကျင်ရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေထိုင်ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် သောင်းဝန်းကျင်သာ ရှိပြီး မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့တွင် အဓိကနေထိုင်ကြသည

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...