ကျောက်ဖြူမြို့ပေါ် ပြည်သူထက်ဝက်ခန့် စစ်ရှောင်သွားကြပြီဟုဆို

ကျောက်ဖြူမြို့ပေါ် ပြည်သူထက်ဝက်ခန့် စစ်ရှောင်သွားကြပြီဟုဆို

စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး မြို့တစ်ခုလုံးမှာ ခြောက်ကပ်နေသည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“အခု ကျောက်ဖြူမြို့ပေါ်မှာ လူထက်ဝက်ခန့်လောက် မရှိတော့ဘူး။ ရန်ကုန်ကို ထွက်သွားကြသူတွေနဲ့ နယ်ဘက်ကို ထွက်သွားကြတဲ့သူတွေက များနေတယ်။ စစ်ရှောင်သွားကြတာပေါ့။ မြို့က ခြောက်ကပ်နေပြီ။ ဒီအထဲမှာ လျှပ်စစ်မီးလည်းမရတော့ ပိုပြီး ခြောက်ကပ်သွားတာပေါ့” ဟုကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် ကျောက်ဖြူမြို့ပေါ်တွင် လျှပ်စစ်မီး မရရှိတော့သည်မှာ ၂ လကျော်ခန့်ရှိနေပြီဖြစ်ကာ အင်တာနက်၊ ဖုန်းလိုင်းများလည်း ပြတ်တောက်နေသည်ဟု ၎င်းကပြောသည်။

“လျှပ်စစ်မီးက ပြတ်တောက်နေတာ ၂ လကျော်လောက်ရှိနေပြီ။ လုံးတော်ပေါက်နားမှာ တိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့ ဗုံးလာကြဲကတည်းက သွယ်တန်းထားတဲ့ ဓာတ်ကြိုးတွေ ပြတ်သွားတယ်လို့ သိရပါတယ်။ အဲဒီကတည်းက လျှပ်စစ်မီး မရရှိတော့ဘူး။ အခုဆိုရင် ဖုန်းရော၊ အင်တာနက်ရော မရတော့ဘူး။ မြို့ပေါ်နေပြည်သူတွေကတော့ အထူးအခက်အခဲဖြစ်နေကြပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် တရုတ်လူမျိုး လုံခြုံရေးယူထားသူများ ရောက်ရှိလာတာမျိုး မတွေ့ရဘဲ မလကျွန်းရှိ ဓာတ်ငွေ့သန့်စင်စက်ရုံတွင် လုပ်ကိုင်နေသူ တရုတ် ၃၀ ခန့်ကို တွေ့နေရကြောင်း ၎င်းက ပြောဆိုသည်။

“ကျောက်ဖြူကနေ တရုတ်ဝန်ထမ်းတွေက မလကျွန်း ဓာတ်ငွေ့သန့်စင်ရုံကို အလုပ်ဆင်းတယ်။ မနက်ဆင်းရင် ညနေပြန်လာတယ်။ အရင်လို မလကျွန်းမှာမနေတော့ဘူး။ သူတို့လည်း လုံခြုံရေး စိုးရိမ်ပုံရတယ်။ တစ်ခြား လုံခြုံရေးတပ်ဖွဲ့ဝင် တရုတ်တွေတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် သတင်းကတော့ အမျိုးမျိုးထွက်နေတာတော့ ကြားနေရပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် ခလရ (၃၄)၊ ခမရ (၅၄၂) နှင့် (၅၄၃)၊ ရဲတပ်ရင်း (၃၂) တို့ တည်ရှိပြီး စစ်တပ်တပ်ရင်းများတွင်လည်း အင်အားအများအပြားမရှိတော့သဖြင့် မြို့တွင်းလုံခြုံရေးယူရာတွင် ရဲများကို ယခင်ကထက် ပိုမိုတွေ့မြင်လာရသည်ဟု ဆိုသည်။

“စစ်တပ်လည်း အင်အားသိပ်ရှိပုံမပေါ်ဘူး။ အင်အားအနည်းအပါးဘဲ ကျန်တော့တယ်လို့ သိရပါတယ်။ ဒီကြားထဲ နေ့စဉ်လိုလို တစ်ယောက်စ နှစ်ယောက်စ ထွက်ပြေးနေတာလည်း ရှိနေတယ်လို့ ကြားရပါတယ်။ ဒါကြောင့် သူတို့ စစ်တပ်လှုပ်ရှားမှုကို သိပ်မမြင်ရတော့ဘူး။ လူအင်အားလည်း သိပ်မရှိဘူးလို့ သိရပါတယ်။ အမှတ် ၃၂ ရဲတပ်ရင်းမှာလည်း ရဲအင်အားတွေကို မဒေးကျွန်းမှာ ဖြည့်ထားရတော့ အင်အားက ရာဂဏန်းကျော်လောက်ဘဲရှိတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။

တရုတ်စီမံကိန်းကြီးများရှိရာ မဒေးကျွန်းတွင်လည်း ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးတိုးမြှင့်ထားသည်ဟု သိရသည်။

ကျောက်ဖြူမှာ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီးရေတပ်စခန်း၊ ခြေလျင်တပ်ရင်း ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃) နဲ့ အမှတ် (၃၂) ရဲ တပ်ရင်းတို့ အခြေစိုက်ထားသော်လည်း အမ်း၊ တောင်ကုတ်၊ ကျောက်တော်တို့လို အခိုင်အမာတည်ဆောက်ထားသော စခန်းများမရှိသလို တပ်အင်အားလည်း အများအပြားမရှိကြောင်း ၎င်းက ပြောသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်ထဲက နောက်ဆုံးလက်ကျန် မြို့ ၃ မြို့ဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့ ၃ ခုတွင် ကျောက်ဖြူမြို့ကို အရင်ဆုံး တိုက်နိုင်သည်ဟု သုံးသပ်မှုများရှိနေပြီး စစ်ကောင်စီက လေတပ်နှင့် ရေတပ်ကို အဓိကအားထားကာ ခုခံနိုင်သည်ဟု ဆိုသည်။

အာရက္ခတပ်တော်သည် ကျောက်ဖြူမြို့ပေါ်နှင့် ရေတပ်စခန်းများရှိသည့် နေရာအနည်းအကျဉ်းမှလွှဲပြီး မြို့နယ်တစ်ခုလုံးအား သိမ်းပိုက်ထားပြီးဖြစ်ကာ AAန ှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက် စစ်ရေးတင်းမာမှုများရှိနေသည်ဟု သိရသည်။

Most read this week

January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...
January 2, 2025
ရန်ကုန်မြို့ နေရာအများအပြားတွင် စစ်ကောင်စီတပ်က ရခိုင်လူမျိုးများနေထိုင်သည့် အဆောင်များ၊...