အရှေ့ပင်လယ် မွန်ဒေသသို့ ကူးခတ်လာကြတဲ့ ရေမုဆိုးများ

အရှေ့ပင်လယ် မွန်ဒေသသို့ ကူးခတ်လာကြတဲ့ ရေမုဆိုးများ
ကျားဖောင်တစ်စီး (Chan Danu)
ကျားဖောင်တစ်စီး (Chan Danu)

ဗညားအောင် — တံငါလောကမှာ အနောက်ပင်လယ်လို့ ခေါ်ဆိုကြတဲ့ ဧရာဝတီတိုင်းက ကျားဖောင်လုပ်ငန်းတွေဟာ သစ်တောပြုန်းတီးမှုနဲ့ ငါးသယံဇာတ ရှားပါးမှုတို့ကို ကြုံတွေ့လာရတဲ့အတွက် ယခုအခါ ကမ်းခြေကနေ ၂ ရက်ခရီးလောက် ဝေးလံတဲ့ မြန်မာ့ပင်လယ်ပြင်တွေအနှံ့ စက်လှေကြီးတွေနဲ့  ခြေဆန့်သွားနေရသလို အရှေ့ပင်လယ် မွန်ဒေသဆီသို့ မသိမသာ ဝင်ရောက်လို့ လာနေပါပြီ။

မွန်ငါးဖမ်းကွက် ဧရိယာထဲကို ဧရာဝတီ ကျားဖောင် ငါးဖမ်းလုပ်ငန်းတွေ တဖြည်းဖြည်း ရွှေ့ပြောင်း ဝင်ရောက်လာတာနဲ့ အတူ မတရားခိုင်းစေမှု၊ လူကုန်ကူးခံရမှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြင့်တက်လာပြီး ဒီတရားမဝင် ကျားဖောင်တွေကြောင့် နိုင်ငံတော် အခွန်ဘဏ္ဍာငွေ ဆုံးရှုံးခြင်း၊ ငါးသယံဇာတ မျိုးသုဉ်းခြင်းတွေ ဖြစ်ပေါ်စေတဲ့အတွက်  “ကျားဖောင်/ငါးဖမ်းလုပ်ငန်းခွင်များအတွင်း ရေလုပ်သားများနှင့်ဆက်စပ်သည့် လူကုန်ကူး ခံရမှု/ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းမျာစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းအဆို” ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျင်းပတဲ့ (၁၅) ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက တင်သွင်းပါတယ်။

မွန်ပြည်နယ်လွှတ်တော်က အဲဒီအဆို ဆွေးနွေးကြရာမှာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဋ္ဌေးက “ဧရာဝတီတိုင်းမှာရှိတဲ့ ကျားဖောင်နဲ့ မွန်ပြည်နယ်မှာ ရှိနေတဲ့ ကျားဖောင်တွေ တစ်ခုချင်း ချိတ်ဆက်လိုက်မယ်ဆိုလို့ရှိရင် ဧရာဝတီတိုင်းဖျာပုံကနေ ကျွန်တော်တို့ မော်လမြိုင်မြို့အထိ လမ်းလျှောက်ပြီး လာလို့ရတဲ့ အနေအထားရှိတယ်” လို့ ထောက်ပြမှုရှိခဲ့ပြီး အဆိုကိုလည်း လွှတ်တော်က အတည်ပြုခဲ့တာပါ။

ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ထွေ/အုပ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ သတင်းမီဒီယာတွေ ပါဝင်တဲ့အဖွဲ့က ပင်လယ်ပြင် အခြေအနေများကို ဇန်နဝါရီ ၂၁ ရက်ကနေ ၂၄ ရက်အထိ သွားရောက်လေ့လာမှတ်တမ်းတင် စစ်ဆေးချက်အရ ဧရာဝတီတိုင်းဒေသကြီး ရေပိုင်နက်နဲ့ ဆက်စပ်နေတဲ့ မွန်ပြည်နယ် ငါးဖမ်းကွက်တွေထဲက D6,D11,D12 စတဲ့ ရေလုပ်ကွက် ၃ ကွက်မှာ ရှိနေတဲ့ အင်္ဂလန်ကျားဖောင်ပေါင်း ၁၂၂၃ ဖောင်၊ စက်လှေ ၅၇ စင်းဟာ ငါးလုပ်ငန်းဦးစီးဌာန သတ်မှတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင် အထောက်အထား တစ်စုံတစ်ရာကိုလည်း မပြသနိုင်တဲ့အပြင် အဲဒီက ရေလုပ်သား ၄၀၀၀ ကျော်မှာလည်း ရေလုပ်ငန်းကတ်ပြားတွေ ပြသနိုင်ခြင်းမရှိဘူးလို့ အတူလိုက်ပါ သတင်းယူခဲ့တဲ့ ဧရာဝတီသတင်းဌာန သတင်းထောက် ကိုဉာဏ်စိုးဝင်းက ပြောပါတယ်။

 “ဧရာဝတီကနေ ပိုင်နက်ကျူးကျော် ဝင်ရောက်လာတဲ့ဟာ ဒီ ၂ ရက်ထဲမှာ ကျနော်တို့ သွားခဲ့သလောက်ဆိုရင် အားလုံးကျားဖောင် ၁၀၀၀ ကျော် ဝင်လာတာပေါ့နော်၊ အကယ်၍ ကျနော်တို့ထပ်ပြီးနေမယ် ပတ်မယ်ဆိုရင် ဒါထက်မက အများကြီးတွေ့ဦးမယ်၊ ရေလုပ်သားတွေက သူတို့ဘာကြောင့် ဒီဘက်ဝင်လာသလဲဆိုတော့ ဧရာဝတီဘက်မှာ ကျားဖောင် သောင်းနဲ့ချီရှိတဲ့ အတွက် ပင်လယ်ထဲမှာ ပြည့်ကြပ်နေပြီလို့ ဆိုတယ်”လို့ သတင်းထောက် ကိုဉာဏ်စိုးဝင်းက ဆိုပါတယ်။

တဖက်မှာလည်း ငါးလုပ်ငန်းဦးစီးဌာနစာရင်းအရ မွန်ပြည်နယ် ရေပိုင်နက်အတွင်း တရားဝင် ခွင့်ပြုထားတဲ့ ဒေသခံ ကမ်းဝေး ကျားဖောင် အရေအတွက် ၁၅၄ ဖောင်နဲ့ ကမ်းနီးကျားဖောင် ၁၀၀၀ စီး စာရင်း ရှိတယ်ဆိုပေမယ့် ရေးမြို့နယ် အဘော်ကျားတန်း၊ ဇီးဖြူသောင်ကျားတန်း၊ အစင်ဓမင်းဆိပ်နဲ့ အံဒင်ငါးမျှားစခန်းတွေကနေ ကျားဖောင်အစီးရေ ၂၀၀၀ လောက် ပင်လယ်ပြင် ထွက်နေတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောကြပါတယ်။

သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနတွေမှာ တရားဝင် ခွင့်ပြုချက်နဲ့ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ကျားဖောင်လုပ်ငန်း အရေအတွက် အနည်းငယ်မျှသာ စာရင်းတင်ထားကြတာကို လေ့လာသိရှိရသလို ကျယ်ပြန့်လှတဲ့ မြန်မာ့ပင်လယ်ပြင်မှာ တရားမဝင် ကျားဖောင်အစီးပေါင်း သောင်းနဲ့ချီ ရှိနေမှာဖြစ်ပြီး ရေမုဆိုးတွေဖြစ်ကြတဲ့ ကျားဖောင်လုပ်သားပေါင်း အရေအတွက်ကိုလည်း မခန့်မှန်းတတ်လောက်အောင် များပြားနေနိုင်ပါတယ်။

ဧရာဝတီတိုင်းက ကျားဖောင်လုပ်ငန်းတစ်ခုမှာ မနှစ်က တက္ကသိုလ်ကျောင်းသားတစ်ဦး လူကုန်ကူးခံရတဲ့ဖြစ်စဉ်ကို မီဒီယာတွေ အကျယ်တဝင့် ရေးသားဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ ကျားဖောင်လုပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်ငန်းရှင်နဲ့ ကျားဖောင်ဦးစီးတွေ သတိထား ကြပ်မတ်လာတဲ့အတွက် ရေးမြို့နယ် ကျားဖောင်လုပ်ငန်းခွင်မှာလည်း ရာဇဝတ်မှုခင်းတွေ ကျဆင်းလာတာလို့ ရေးမြို့လူမှုအကျိုးဆောင်အဖွဲ့(YSS)မှ ဦးအောင်နိုင်ဝင်းက သုံးသပ်ပါတယ်။



စက်တုံးနဲ့ ကျားပိုက်ဆွဲနေတာကို သတင်းထောက်တွေ လေ့လာခဲ့စဉ် (Chan Danu)

“အရင်နှစ်တွေကဆိုရင် ကျနော်တို့ရေးမြို့နယ်မှာ တစ်လကို ၄ မှု၊ ၅ မှု သေမှုသေခင်း ပြစ်မှုရှိခဲ့တာပေါ့၊ ဒီနှစ်နောက်ပိုင်းမှာ နည်းလာတယ်။ ဧရာဝတီတိုင်းမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ရဲ့ Effect တွေလည်းပါမယ် ထင်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျားဖောင် ဦးစီးတွေကလည်း ပိုပြီးတော့ ဂရုစိုက်လာတယ်၊ သူ့ရဲ့ ဖောင်သားတွေအပေါ်မှာ ဆက်ဆံမှုပိုပြီးတော့ ကောင်းမွန်လာတဲ့ သဘောလို့ မြင်တာပဲ၊ နောက်တစ်ခုက ဖောင်ပိုင်ရှင် ကျားဖောင်လုပ်ငန်းရှင်တွေပေါ့၊ ဒီအပေါ်မှာ သူ့လူတွေ သူပိုပြီး ထိန်းသိမ်းလာတာ ကြပ်ကြပ်မတ်မတ် ပိုပြီး လုပ်လာတဲ့သဘောလို့ ထင်တာပဲ“ လို့ သူရဲ့ အမြင်ကို ပြောပြပါတယ်။

ဒါပေမယ့်လည်း ရေးမြို့ပင်လယ်ဝ ဝါးကျွန်း‌အနောက်ဘက် ရေမိုင်(၃၀)ခန့်အကွာရှိ ကျားဖောင်တစ်စီးပေါ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ  ရေလုပ်သား အချင်းချင်းကြား လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အလုပ်ကောင်းကောင်းမွန်မွန် မလုပ်နိုင်တဲ့ ရေလုပ်သားတစ်ယောက်ကို ဖောင်ဦးစီးနဲ့ တခြား လုပ်သားတစ်ယောက်က အရိုး(၄)လက်မ၊ အသွား(၁၁) လက်မကျော်ခန့်ရှိတဲ့ ထင်းခွဲဓားမနဲ့ ခုတ်သတ်မှုအတွက် ရေးမြို့မရဲစခန်းက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ လူသတ်မှုနဲ့ ပူးပေါင်း ပါဝင်သူတို့ကို အမှုဖွင့်ထားပါတယ်။

ရေးမြို့ဒေသခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက “တချို့ ကျားဖောင် အလုပ်သမားတွေက ပင်လယ်ပြင်မှာ မနေနိုင်ဘူး ပြန်မယ်၊ သက်ဆိုင်ရာ ဖောင်ဦးစီးတွေကလည်း ဒီဥစ္စာကို မပြန်ရအောင် ဆိုပြီးတော့ ထိန်းချုပ်ရင်းနဲ့ အဲဒီမှာ ခြေလွန်လက်လွန်တွေဖြစ်ကြ၊ ဖောင်ဦးစီးကို အလုပ်သမားက ပြန်လုပ်တာနဲ့  ဖောင်ဦးစီးလုပ်လိုက်လို့ အလုပ်သမားသေတာနဲ့ ဒီဥစ္စာတွေက ဟိုအရင်တုန်းက တစ်လဆိုရင် လူသေမှု လူသတ်မှု ၃-၄ မှု ဖြစ်ခဲ့ဖူးတယ်” လို့ ဆိုပါတယ်။  

ကုန်းပေါ်မှာ အလုပ်သမားတစ်ဦးရဲ့ တစ်နေ့ အလုပ်လုပ်ချိန် ၈ နာရီဖြစ်ပြီး အချိန်ပိုလုပ်ခကြေးလည်း ရရှိပါတယ်၊ ကျားဖောင်ရဲ့ လုပ်ငန်းသဘောသဘာဝအရ အချိန်ပိုလုပ်အားခတွေ မရှိတဲ့အပြင် အိပ်ချိန် အနည်းငယ်ကလွဲပြီး တစ်နေ့ ၂၄ နာရီပတ်လုံး ဖောင်တစ်စီးပေါ်မှာ ဦးစီးတစ်ဦး၊ လုပ်သားနှစ်ဦး စုစုပေါင်း ၃ ဦးတို့ မတည့်လည်း အတူနေကြရပြီး ကမ်းမမြင်လမ်းမမြင် အပြောကျယ်တဲ့ ပင်လယ်ပြင်မှာ ရှစ်လကြာလောက် ပေ ၂၀-၃၀ လောက်ရှိတဲ့ ဒီကျားဖောင်ပေါ်မှာနေ ဒီမှာပဲစား ဒီမှာပဲအလုပ်လုပ် ဒီမှာပဲ အိပ်စက်၊ အနားယူချိန် သိပ်မရှိလှဘဲ နေ့တဓူဝ လုပ်ကိုင်နေရတဲ့အတွက် သာမန်လူသားတွေ ဖြစ်ကြတာမို့ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများစွာ ခံစားနေကြရမှာပဲလို့ ဦးမျိုးဝင်းက သူတို့ဘဝကို မျှဝေခံစားမိရင်း ပြောပါတယ်။

ဒီလိုနဲ့ အရေအတွက် တိုးများလာတဲ့ ကျားဖောင်တွေမှာ လုပ်သားအင်အား လိုအပ်ချက်တွေကလည်း ပိုပြီးများပြားလာတဲ့အတွက် ပွဲစားတွေကတဆင့် လုပ်သားတွေရဖို့ အလုအယက် ရှာဖွေရတာဖြစ်လို့ ဒေသအသီးသီး နယ်ပယ်မျိုးစုံကနေ ရသမျှလူ အတင်းစည်းရုံးခေါ်လာတဲ့နေရာမှာ ရေလုပ်ငန်း အတွေ့အကြုံမရှိသူ၊ လုပ်ငန်း မကျွမ်းကျင်သူ၊ ကျန်းမာရေး ကောင်းမွန်မှု မရှိသူ၊ အကျင့်စာရိတ္တ စရိုက်မျိုးစုံ လူမျိုးစုံအထဲမှာ ဝရမ်းပြေး၊ စစ်ပြေး၊ ရဲဘက်ပြေးနဲ့ အခြေမဲ့ အနေမဲ့လူတွေ ပါဝင်လာတာ များပါတယ်။

လက်ရှိ ကျားဖောင်တစ်ဖောင်မှာ လုပ်သားအင်အား ၂ ဦးမှ ၄ ဦးအထိ စသဖြင့် လုပ်ငန်းရှင်အလိုက် ဖောင်ဖွဲ့စည်းပုံ အင်အားမတူညီကြတာရှိနေပြီး လုပ်ကိုင်နေကျ ရေလုပ်သားတွေအနေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်နေသလို အတွေ့အကြုံရှိပြီး သူတွေအဖို့ အခက်အခဲ မရှိနိုင်ဘူးလို့ ဆိုပေမယ့် အတွေ့အကြုံ လုံးဝမရှိတဲ့ လူသစ်တွေအဖို့ အမျိုးမျိုးသော အဆဲအဆို အထုအထောင်း တွေသာမက ပြဿနာမျိုးစုံ ကြုံတွေ့ရမှာတော့ မလွဲပါ။

ကျားဖောင် ဦးစီးကနေ မနှစ်က အနားယူလိုက်တဲ့ ကိုမင်းဦးက “ကျားဖောင်က ၆ နာရီတစ်ကြိမ် ထောင်တယ်၊ ဆိုလိုတာက ငါးဖမ်းပိုက်ကို ရေအောက် မြှုပ်လိုက်တာပေါ့၊ ရေတက် တစ်ကြိမ်၊ ရေကျ တစ်ကြိမ်၊ တစ်နေ့ ရေတက်ရေကျ စုစုပေါင်း ၄ ကြိမ်ရှိတဲ့အတွက် ရေထဲကနေ ပိုက်လေးကြိမ်ဖော်ပြီး လေးကြိမ်ပြန်ချရတာ ရေစီးကြောင်း လာရာဘက်ကို ပိုက်လှည့်ပြီး ခေါင်းကြမ်းကနေ ပိုက်ပါးစပ်ဖြဲဟ ပေးထားရတယ်၊ အဲဒီက တဆင့် တဖြည်းဖြည်းကျဉ်းသွားပြီး ငါးပုဇွန်တွေ အဲဒီခေါင်းကြမ်းကနေ ဝင်ပြီဆိုရင် အိမ်မြီးကို ရောက်သွားတာပဲ၊ အိမ်မြီးမှာက မိထားတဲ့ ရေသတ္တဝါ အားလုံးသွားပြီး စုနေတယ်၊ အဲဒီဟာကိုဖော်ပြီး ငါးတွေကို ရွေးယူရတယ်” လို့ ပြောပါတယ်။

ကျားဖောင် ၄၀ စီးရှိတဲ့ ကိုမင်းဦးတို့အုပ်စုမှာ ဖောင်ဦးစီး ၄၀ ရှိပြီး ကျားဖောင်အားလုံးကိုတော့ ဦးစီးချုပ် တစ်ယောက်ကနေ အစစအရာရာ စီမံအုပ်ချုပ်တာလို့ သိရပါတယ်။ ငါးမရတာ၊ အလုပ်ခိုကပ်တာ အလုပ်သမားတွေထဲက အရမ်းနေမကောင်းဖြစ်လို့ ကုန်းပေါ် ဆေးတက်ကုရမယ့် ကိစ္စတွေကအစ ပင်လယ်ပြင်အလုပ်ခွင်မှာ အလုပ်သမားတွေ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာတဲ့အခါ ပြစ်ဒဏ်စီရင်တာလည်း တရားသူကြီးဖြစ်တဲ့ ဖောင်ဦးစီးချုပ် ဖြစ်သူရဲ့ ဆုံးဖြတ်ချက်နဲ့ အမိန့်က ဥပဒေတစ်ရပ်လို အာဏာ သက်ရောက်နေပါတယ်။

ကိုမင်းဦးက “ကျနော်က ပိုက်ဖော်ထားတယ်၊ တပည့်တစ်ယောက် ရေထဲခုန်ချတာ ရေစီးနဲ့ ဖြဲထားတဲ့ ပိုက်ပါးစပ်ထဲ ဝင်သွားတယ်၊ ရေကလည်း အစီးသန်တော့ ပြန်မကူးတက်နိုင်ဘဲနဲ့ ပိုက်ထဲဝင်ပြီး သေသွားရရှာတယ်၊ အဲဒါနဲ့ ကျနော်လည်း ဒီအလုပ်က နားလိုက်တယ်”လို့ ရေမုဆိုးလည်း သားကောင်ဖြစ်သွားရတဲ့ အဖြစ်မျိုးကို ပြန်ပြောင်း ပြောပြပါတယ်။  

တစ်ခါတလေ ပိုက်ဖော်တဲ့အခါ စက်တုံးမနိုင်လို့ ပြန်ရိုက်ရင် အသက်ပါ သေသွားနိုင်သလို ခြေထောက်၊ လက်တွေပါ ကျိုးသွားနိုင်ပါတယ်၊ စက်တုတ်ကျိုးရင်လည်း စက်တုံးပြန်လည်ပြီး လူကိုရိုက်ပါတယ်၊ ကြိုးတွေနဲ့ညှိရင်လည်း လက်ပြတ်ခြေပြတ် လူသေနိုင်တဲ့အတွက် ကြမ်းတမ်းတဲ့ လှိုင်းလုံးလေထန်တွေကြားမှာ ရေမုဆိုးတွေအဖို့ မသက်သာလှပါ။

ဘေးအန္တရာယ်တွေ များလွန်းတဲ့ ဒီလုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း နာမကျန်းဖြစ်တာ၊ ထိခိုက်ဒဏ်ရတာ၊ သေဆုံးတာ၊ အသတ်ခံရတဲ့ ဖြစ်စဉ်တွေကို မကြာခဏ ကြုံဆုံရတတ်ပြီး ကံဆိုးမိုးမှောင်ကျလို့ တခါတလေ မုန်တိုင်းဝင်ပြီဆိုရင်လည်း ဖောင်ကွဲတာ၊ အဆုံးအစမရှိတဲ့ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ရေစီးအတိုင်း လွင့်ပါမျှောခဲ့တဲ့ဖြစ်ရပ်တွေ၊ ကျားဖောင်ပေါ်က ရေမုဆိုးတွေဟာ သဘာဝဘေးဒဏ်တွေနဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါမှာ အသက်ကို အလောင်းအစား လုပ်ရတဲ့ ဖြစ်စဉ်တွေကလည်း မှတ်တမ်း မရှိခဲ့ပါဘူး။

နာရီလက်တံအလိုက် ၆ နာရီ တစ်ကြိမ် ပိုက်ဖော်ပြီးတာနဲ့ ငါးပုဇွန်အမျိုးအစား ရွေးချယ်ရသလို ပုဇွန်တွေကို အိုးနဲ့ထည့် ပြုတ်ပြီး ငါးအကောင်ကြီးတွေကိုတော့ အခြောက်လှမ်းဖို့ ခွဲပေးရပါတယ်၊ အခုလို ရလာတဲ့ ငါးပုဇွန်တွေကို အလေးချိန် မှတ်ထားပြီး ကျားဖောင်ရဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း နောက်ဆုံး ဖောင်ရာသီပိတ်သိမ်းချိန် ကမ်းပေါ်တက်လာတဲ့အခါ ပိုင်ရှင်သူဋ္ဌေးက အောက်ဆိုက်ငွေတွေနဲ့ နှစ်ချုပ်လက်ကျန်ငွေကို ရှင်းပေးရတယ်လို့ ကျားဖောင်လုပ်ငန်းရှင် ကိုတင်အောင်က ပြောပါတယ်။

သူက “ရလာတဲ့ ငါးအမျိုးအစား အပေါ်မူတည်ပြီး တစ်ပိဿာကိုကျပ် ၂၀၀ ရှိတယ်၊ အမျိုးအစား ကောင်းဆိုရင် ၅၀၀ သူတို့ ဖမ်းရလာတဲ့ ငါးအလေးချိန်ပေါ် မူတည်ပြီး သူတို့အတွက် စာရင်း မှတ်ထားပေးရတယ်၊ စာရင်းက သူမှတ်ကိုယ်မှတ်ပေါ့၊ ရေလုပ်ငန်းသိမ်းလို့ ကမ်းပေါ်ရောက်တာနဲ့ သူတို့အတွက် အဲဒီငွေတွေကို ရှင်းပေးရတယ်၊ သူတို့အဖို့ တစ်လုံးတစ်ခဲ ရလိုက် တာပေါ့နော်၊ ပြီးတဲ့နှစ်မှာ တစ်ယောက်ကို ၇ သိန်း၊ ၈ သိန်းလောက် အောက်ဆိုက်ရပါတယ်၊ ဒီနှစ်မှာလည်း လုပ်ငန်း အခြေအနေ မဆိုးလှပါဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ကျားဖောင်တစ်ရာသီ ၈ လစာ နှစ်ချုပ်လုပ်ခအတွက် ဖောင်ဦးစီးတစ်ယောက်ကို ကျပ် ၁၀ သိန်းမှ ၁၂ သိန်း၊ လုပ်သားတစ်ယောက် ကျပ် ၅ သိန်းမှ ၆ သိန်း ဈေးပေါက်တယ်လို့ သိရပြီး အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူ ကတိစာချုပ်တွေကို လေ့လာကြည့်တဲ့အခါမှာ အလုပ်သမားတွေဘက်က အမည်၊ အဘအမည် နေရပ်လိပ်စာတွေကိုပဲ ဖြည့်စွက်ထားကြပြီး အလုပ်သမားတိုင်း မှတ်ပုံတင်-မရှိ ဖြစ်နေတာကို စာချုပ်တိုင်းလိုလိုမှာ တွေ့ခဲ့ရပါတယ်။

ထိုစာချုပ်တွေဟာလည်း မြန်မာနိုင်ငံတော်အစိုးရ တရားဝင် တံဆိပ်ခေါင်းစာချုပ်တွေ မဟုတ်ဘဲ A4 စာရွက် ကွန်ပျူတာစာစီနဲ့ အစင်ကျေးရွာ ရေလုပ်ငန်းရှင်များအဖွဲ့က အသိသက်သေအဖြစ်ချုပ်ဆိုခဲ့တဲ့ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူ ကတိစာချုပ်တွေ ဖြစ်နေတာ တွေ့ရပါတယ်။

စည်းကမ်းချက်တွေမှာတော့ ၁။ အလုပ်သမားသည် အလုပ်ဝင်မည့်နေ့၌ အလုပ်ဝင်ရောက်ခြင်း မရှိပါက ကြိုတင်ငွေစရံ၏ (၂)ဆအား ပေးလျော်ပါမည်၊ ၂။ အလုပ်သမားသည် နှစ်ချုပ်ကာလမဆုံးမှီ အလုပ်ရှင်၏ ခွင့်ပြု သဘောတူညီချက် မပါဘဲ မိမိဆန္ဒဖြင့် အလုပ်မှ ရပ်နားလျှင် နှစ်ချုပ်ဈေးနှုန်း၏ တစ်ဝက်ကိုသာ ခံစားရမည်၊ အလုပ်ရှင်သည် လုပ်အားနှင့်ညီမျှသော ငွေကိုထုတ်ပေးရမည်၊ ၃။ အလုပ်ရှင်သည် လုပ်ငန်းခွင်၌ မတော်တဆ သေဆုံးပါက နစ်နာမှု မေတ္တာကြေး လျော်ကြေးငွေ ပေးဆောင်ရမည်၊ ၄။ အလုပ်ရှင်သည် လုပ်ငန်းခွင်၌ အလုပ်သမား၏ ထိခိုက်ဒဏ်ရာ ရရှိခြင်းနှင့် နာမကျန်းခြင်းကို ဆောင်ရွက် ပေးရမည် စသည့် အချက် ၄ ချက်တို့ ဖြစ်ပါတယ်။

ထိုအချက် ၄ ချက်ကို သုံးသပ်ပါက စာချုပ်ပါ စကားလုံးတွေမှာလည်း ဆိုလိုရင်း အဓိပ္ပါယ်ကို မထိရောက်ပါဘူး။

ရေးမြို့နယ်က ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်နဲ့ ကျားဖောင် လုပ်ကိုင်နေကြတဲ့ ရေလုပ်သား ၄၅၀၀ ကျော်အတွက် ရေလုပ်သား မှတ်ပုံတင် လက်မှတ်ထုတ်ပေးထားပြီး လူကုန်ကူးမှု မဖြစ်ပေါ်စေရေး၊ လုပ်အားခ ပုံမှန်ရရှိရေးအတွက် လုပ်ငန်းရှင်နဲ့ ရေလုပ်သားတွေအကြား ပေါင်းစပ်ညှိနှိုင်းမှုတွေကို မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်ခဲ့တာရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပညာပေး ဟောပြောမှုတွေ မကြာမကြာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။

ဦးမျိုးဝင်းက “ကျားဖောင်တွေမှာ အလုပ်သမားတွေကို ရေလုပ်သား မှတ်ပုံတင်လုပ်ဖို့၊ မှတ်ပုံတင်ရှိမှ အလုပ်ရှင်တွေဘက်က လက်ခံဖို့ အပိုင်း၊ မှတ်ပုံတင် လုပ်ထားပြီးဆိုရင် ပင်လယ်မှာ ကျူးလွန်တာပဲဖြစ်ဖြစ် မကျေနပ်လို့ တိုင်တန်းတာပဲဖြစ်ဖြစ် အလွယ်တကူ ရှာဖွေပြီး ဖော်ထုတ်နိုင်မှာပါ၊ နောက်ပြီး ရေလုပ်သားတွေ ကို လူသားဆန်ဆန်ခိုင်းဖို့၊ မတရား ခိုင်းစေမှုဖြစ်လာရင် သက်ဆိုင်တဲ့ ဖောင်ဦးစီးသာမက အလုပ်ရှင်တွေကိုပါ ထိခိုက်လာနိုင်တယ်၊ ဒီဟာတွေကို ကျနော်တို့က နှစ်ဖက်လုံးကို သွားရောက် ဟောပြောတဲ့ နောက်ပိုင်းမှာ သူတို့က နည်းနည်းလိုက်နာလာတယ်၊ ဒီ ၂ လ၊ ၃ လမှာ အမှုအခင်းနဲ့ ပတ် သက်ပြီး ဘာအသံမှ မကြားရသလောက် ဖြစ်လာတယ်” လို့ ဆိုပါတယ်။

ထို့ကြောင့် ကျားဖောင်လုပ်သားတွေအတွက် လတ်တလော ဥပဒေတစ်ရပ်ပြုစုဖို့လိုအပ်လာပြီး နည်းပဒေတွေရေးဆွဲတဲ့နေရာမှာလည်း အလုပ်ချိန်နဲ့ လစာသတ်မှတ်ချက်ခံစားခွင့်၊ ဖောင်တစ်ဖောင်ရဲ့ ကြံ့ခိုင်မှု၊ လုပ်သားအရေအတွက်သတ်မှတ်ချက်၊ နာမကျန်းမှု၊ အလုပ်ခွင်အတွင်းထိခိုက်နစ်နာမှု၊ အသက်သေဆုံးမှု၊  သဘာဝဘေးအန္တရယ်ကာကွယ်ရေး စသည့်အလုပ်ခွင်စည်းကမ်းချက်တွေကို အသေးစိတ်ပြုစုရေးဆွဲနိုင်ဖို့ လုပ်ငန်းသဘာဝလေ့လာရေးအတွက် ပင်လယ်ပြင်ကိုလည်း ထွက်ခွာရမယ့်အပြင် ပင်လယ်ပြင်လုံခြုံရေးအတွက် ကမ်းခြေစောင့်တပ်/ရဲတပ်ဖွဲ့တွေကိုလည်း ဖွဲ့စည်းဖို့ လိုအပ်လာမှာဖြစ်ပြီး ဥပဒေပြည့်ပြည့်စုံစုံရေးဆွဲနိုင်ဖို့ အနည်းဆုံး အချိန် ၂ နှစ်လောက်လိုအပ်မယ်လို့ ဦးမျိုးဝင်းက သုံးသပ်ပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တနားနေချိန်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အင်္ဂလန်ကျားဖောင် ရေလုပ်ငန်းမှ ရေလုပ်သားတွေနဲ့ ရေလုပ်ငန်းရှင်တွေကို ငါးလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်ရမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ရေလုပ်သားတွေ မှတ်ပုံတင်ရမယ်။ ဥပမာဆိုပါစို့ ဦး(က)သူက ရေလုပ်ငန်းရှင်၊ သူ့မှာလုပ်သား ၃၃ ဦးဆိုရင် အဲဒီ လုပ်သားအတွက်ကို မည်သူမည်ဝါနဲ့ စနစ်တကျ သူ့ရဲ့ နေရပ်လိပ်စာအစ အပါအဝင် ငါးလုပ်ငန်းဦးစီးမှာ လာပြီး မှတ်ပုံတင် ရပါမယ်။ ရေလုပ်ငန်းရှင်ကလည်း သူ့ရဲ့လုပ်ပိုင်ခွင့်ကို မှတ်ပုံတင်ရပါမယ်၊ ဒါရှိပြီးသားပါ။ ဒါလေးတွေ တချို့ အပိုင်းလေးတွေမှာ အရင်တုန်းကတော့ ရေလုပ်သားရှားပါးမှုအပေါ် အခြေခံပြီးတော့ ကိုင်တွယ်တဲ့အခါ အားနည်းချက်လေးတွေ ရှိပါတယ်” လို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။

အင်္ဂလန်ကျားဖောင် လုပ်ငန်းတွေကို ငါးလုပ်ငန်းဦးစီးဌာနမှ ဥပဒေကြောင်းအရ ထိန်းကျောင်းမှုနဲ့ ရေလုပ်ငန်းရှင်၊ ရေလုပ်သားတွေ လိုက်နာရမယ့် တာဝန်များနဲ့ စည်းမျဉ်းစည်းကမ်းများ (Code of Conduct) ရေလုပ်ငန်းရှင်နဲ့ ရေလုပ်သားတို့ နှစ်ဦးသဘောတူ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါ အချက် ၁၆ ချက်ပါဝင်တဲ့ တာဝန်ဝတ္တရားတို့ကို လက်ရှိ အနေအထားများအပေါ် ပြန်လည်သုံးသပ်ပြီး အသေးစိတ် ပြုစုရေးဆွဲပြီး ဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ပြောထားတဲ့အပေါ်  လာမယ့် ပွင့်လင်းရာသီမှာ ဘယ်အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ မွေးမြူရေး တိရစ္ဆာန်အစာတို့အပြင် ပုဇွန်ခြောက် အများဆုံးထွက်ရှိပြီး ဥရောပသမဂ္ဂ (EU) နဲ့ အနောက်နိုင်ငံတွေကို ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် တင်ပို့ရောင်းချနေရတဲ့အတွက် လုပ်ငန်းရှင်တွေအတွက်ရော နိုင်ငံတော်အတွက်ပါ များစွာအကျိုးအမြတ်ဖြစ်စေတဲ့ အင်္ဂလန်ကျားဖောင်လုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တဲ့ မတရားစေခိုင်းမှုနှင့် လူကုန်ကူးမှုတွေမရှိစေဖို့ အထူးကြပ်မတ် သတိထားကိုင်တွယ် သင့်ပါတယ်။

ယခုနှစ်ငါးဖမ်းရာသီ ကျားဖောင်လုပ်ငန်းတွေကို ယခုဧပြီလမှာ စတင်ပိတ်သိမ်းနေပါပြီ။  မကြာခင် ငါးပုဇွန်သားပေါက်တဲ့ ရာသီချိန်မှာ ငါးနဲ့ သက်ရှိသယံဇာတတွေ ထိန်းသိမ်းဖို့အတွက် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်တွေမှာ ပြည်တွင်း/ပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်အားလုံး ငါးမဖမ်းရကာလ Closed Season ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁ ရက် ကနေ သြဂုတ်လ ၃၁ ရက်အထိ သတ်မှတ်ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက မတ်လ ၂၃ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ထို့ကြောင့် လာမယ့်ပွင့်လင်းရာသီ စက်တင်ဘာလဆန်းပိုင်း ငါးဖမ်းကွက်တွေပြန်ဖွင့်တဲ့အခါ ပြည်နယ်လွှတ်တော် အတည်ပြုဆုံးဖြတ်ခဲ့တဲ့အပေါ် မွန်ပြည်နယ်အစိုးရအနေနဲ့ ကျူးကျော်ကျားဖောင်တွေကို ဥပဒေနဲ့အညီ ဘယ်လိုကိုင်တွယ်သွားမလဲ (သို့တည်းမဟုတ်) အနောက်ပင်လယ်မှ ကျားဖောင်တွေက အရှေ့ပင်လယ်ပြင်ဆီကို ရေမုဆိုးတွေအလုံးအရင်းနဲ့  ယခင့်ယခင်နှစ်တွေကလိုပဲ ဒုံရင်းဒုံရင်း ကူးခတ်လာကြမှာလား ဆိုတာ စောင့်ကြည့်နေရဦးမှာ ဖြစ်ပါကြောင်း။

December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
Photo - MSRF
December 17, 2024
မော်လမြိုင်-ရေး-ထားဝယ် အမှတ် - ၈၊ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန်...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...