အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တိမ်း(ခ)အိုင်တန် နှင့်တွေ့ဆုံမေးမြန်းခြင်း

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တိမ်း(ခ)အိုင်တန် နှင့်တွေ့ဆုံမေးမြန်းခြင်း

မေး။ ။ လွှတ်တော်မှာ မေးခွန်းမေးမယ့်ဟာတွေကို ကြားကနေတစ်ဆင့် စိစစ်တာရှိတဲ့ အတွက် ဘယ်လောက်လောက်ကြာလဲ။ စိစစ်မှုက တင်းကြပ်သလား။

ဖြေ။ ။ လွှတ်တော်ထဲမှာ ကျွန်တော်တို့မေးခွန်းမေးရမယ်ဆိုရင် ပါတီရဲ့မူဝါဒနဲ့ လည်း ကိုက် ညီအောင်၊ နိုင်ငံတော်အစိုးရနဲ့လည်း တစ်ခါတည်း ဆက်စပ်အောင် မေးဖို့အတွက် စိစစ်ရေးဆိုပြီးတော့ အမျိုးသားလွှတ်တော်မှာ ငါးဦး၊ ပြည်သူ့လွှတ်တော်မှာ ငါးဦးဆိုပြီး တော့ရှိတယ်။ သူတို့ကို ကြိုတင်ပြီးတော့ပို့ရတယ်။ အဲဒါကို သူတို့တည်းဖြတ်တယ်။ တည်းဖြတ်တာတော့ သိပ်တော့မကြာပါဘူး။ နှစ်ရက်သုံးရက်လောက်မှာ မေးလို့ရပြီ ဆိုပြီးတော့ စာပြန်လာပါတယ်။ အဲဒီမှာ ကျွန်တော်တို့က ဝန်ကြီးဌာနကိုပေးဖို့ လွှတ်တော်ရဲ့ညွှန်ကြားရေးမှုးချုပ်ဆီမှာတင်တယ်။ နည်းဥပဒေထဲမှာတော့ ဝန်ကြီးဌာန ကိုပေးပြီး ၁၆ ရက်မှာ မေးခွန်းရဲ့အဖြေကို ၁၆ ရက်အတွင်းမှာဖြေရမယ် ဆိုပြီးပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ တစ်လခွဲ၊ နှစ်လ၊ သုံးလအထိကြာ တဲ့အထိ လည်းရှိ တယ်။

မေး။ ။ ချင်းလွှတ်တော်ကိုယ်စားလှယ် တစ်ချို့မေးခွန်းသိပ်မမေးဘူးလို့ ဝေဖန်သံတွေ ထွက်နေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးစေချင်ပါတယ်။

ဖြေ။ ။ ကျွန်တော်သုံးသပ်တာက အသက်အရွယ်အပိုင်းအခြားနဲ့ လည်း ဆိုင်မယ်ထင်တယ်။ နိုင်ငံရေးလုပ်မယ်ဆိုရင် ၂၅ နှစ်ကနေ ၆၀ ကြားကပိုကောင်းတယ်လို့ သုံးသပ်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲအရွယ်တွေက စိတ်သွားတိုင်း ကိုယ်ပါတယ်။ အရွယ်ကောင်းသေးရင် နည်းပညာပိုင်းဖြစ်ဖြစ်၊ စာဖတ်အားဖြစ်ဖြစ် စိတ်ရှိသလောက်လုပ်နိုင်တယ်။ လူကြီးတွေက သိတဲ့အတိုင်းပဲ စိတ်သွားတိုင်း ကိုယ်မပါပေါ့။ တစ်ချို့ကျတော့လည်း ကိုယ်က လွှတ်တော်တက်မယ်။ ကိုယ့်ဒေသရဲ့လိုအပ်ချက်ကတော့ ပြည်နယ်အစိုးရက ဖြည့်ဆည်းပေးလိမ့်မယ် ဆိုတာမျိုးတွေးကြပုံရတယ်။ လူကြီးပိုင်းတစ်ချို့ကိုမေးကြည့်တော့ မေးခွန်းမတင် ဘူးလားလို့။ သူတို့ပြောတာက မေးခွန်းမေးစရာမလိုပါဘူး။ ဌာနဆိုင်ရာနဲ့ တိုက်ရိုက်တွေ့အဆင်ပြေပါတယ်လို့ပြောကြတာပေါ့။

မေး။ ။ လွှတ်တော်ကိုယ်စားလှယ်အပေါ် ပါတီဖက်က ဖိအားပေးတာမျိုးရှိလား။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒုတိယပုံမှန်အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တစ်ယောက်က အဆိုတစ်ခုတင်သွင်းတယ်။ နိုင်ငံတော်ကို တိုက်တွန်းတဲ့အဆိုပေါ့။ အဲဒါတအားကောင်းတယ်။ သူက ကြံ့ခိုင်ရေးကိုယ်စားလှယ် တစ်ဦးဖြစ်ပေမယ့် နိုင်ငံတော်နဲ့တိုင်းရင်းသား စာပေမြှင့်တင်ဖို့တိုက်တွန်းတာ ဖြစ်တဲ့အတွက် ထောက်ခံမယ်ဆိုပြီး နာမည်ပေးလိုက်တာပေါ့။ ညနေပိုင်းမှာ အဲန်အယ်ဒီပါတီက ကျွန်တော့်ကိုဖုန်းလှမ်းဆက်တယ်။ အဲဒီအဆိုကိုထောက်ခံမှာလား၊ ကန့်ကွက်မှာလားပေါ့။ တိုင်းရင်းသားတစ်ဦးအနေနဲ့ ထောက်ခံမှာဖြစ်တယ်ဆိုပြီး ပြန်ပြောလိုက်တယ်။ ဟိုဖက်က အဲဒီအဆိုကို မှတ်တမ်းလောက်ပဲထားမယ်။ ထောက်ခံရင်လည်း မထူးဘူးပေါ့။ တိုင်းရင်းသားတစ်ဦးအနေနဲ့ တိုင်းရင်းသားစာပေမြှင့်တင်ဖို့ ထောက်ခံတာ ကျွန်တော့အခွင့်အရေးပဲ။ စာလည်းစီပြီးသွားပြီ။ ကျွန်တော်ဆွေးနွေး ပါမယ်လို့ပြန်ပြောတယ်။ ဆွေးလည်းဆွေးနွေးဖြစ်တယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဇုန်လှေထန်းကလည်းပြောတယ်။ လူကြီးတွေက ခင်ဗျားကို အဲလောက်ပြောတာကို ထောက်ခံမှာလားပေါ့။ စကားလည်း အချေအတင် နည်းနည်းဖြစ်တာပေါ့လေ။

မေး။ ။ ပလက်ဝမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ကိုယ့်ဒေသမှာ စစ်ပွဲဖြစ်ပြီး စစ်ဘေးရှောင်တွေရှိနေတာကိုဘာဖြစ်လို့ အဲဒါနဲ့ပတ်သက်လို့ လွှတ်တော်မတင်တာလဲ?

ဖြေ။ ။ စစ်ဘေးရှောင်ကတော့ ချင်းပြည်နယ်မှာ ပလက်ဝမြို့နယ်မှာပဲဖြစ်တာပေါ့နော်။ အရင်က ကချင်နဲ့ရှမ်းတို့ဖက်မှာပဲကြားဖူးတာပေါ့။ အစိုးရသစ်တက်ခါစကာလမှာပဲ စစ်ပွဲတွေဖြစ်တယ်။ စစ်ဘေးရှောင်တွေကို မကြာခင်ကာလမှာပဲ တွေ့ဆုံဖြစ်ပါတယ်။ ချင်းပြည်နယ်စည်ပင်ဝန်ကြီးလည်းပါတယ်။ ကျွန်တော်တို့လွှတ်တော်ထဲမှာ မေးခွန်း မေးဖို့စိတ်ကူးပါသေးတယ်။ အဲဒါကို ပလက်ဝက လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ တိုင်ပင်ကြည့်တာပေါ့။ ပလက်ဝက လူကြီးတွေကို လည်းခေါ်ပြီးတိုင်ပင်တာပေါ့။ ဒီကိစ္စကထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် ပိုပြီးဆိုးသွားမယ်ဆိုပြီး မမေးဖြစ်တော့ဘူး။ ဒီကိစ္စကို တင်မယ်ဆိုရင် ရက္ခိုင့်တပ်မတော်ကိစ္စလည်းပါတဲ့အတွက် အတူတကွနေ ထိုင်တဲ့လူမျိုးကြားထဲမှာ မဖြစ်သင့်တဲ့ အရာတွေဖြစ်မှာဆိုးပြီးတော့ ချင့်ချိန်ပြီး မေးခွန်း မတင်ဖြစ်တော့ဘူး။ ပလက်ဝမြို့နယ်လူဦးရေအရ ရခိုင်လူမျိုးတွေလည်း အများကြီးရှိတယ်။ ပလက်ဝမြို့ပေါ်မှာဆိုရင် ၅၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ပြီးတော့ တစ်ခြားမျိုးနွယ်စုတွေရှိသေးတယ်။ ဒီလို ရှေးကတည်းက အတူနေထိုင်လာတဲ့ လူမျိုးကြားမှာ ဒီကိစ္စကို မေးခွန်းမေးခဲ့ရင် ပြသနာပိုပြင်းထန် လာနိုင်သလား ဆိုတာမျိုးရှိတယ်။ ဒါပေမယ့် ဒီကိစ္စက လုံခြုံရေးနဲ့ပတ်သက် လာတာဖြစ်တဲ့အတွက် ဒီကိစ္စဆက်စပ်ဖြစ်လာခဲ့မယ်ဆိုရင် တစ်ခြားလွှတ်တော် ကိုယ်စားလှယ် တွေနဲ့ တိုင်ပင်ပြီးတော့ ဒီကိစ္စကို လွှတ်တော်မှာမေးသင့်တယ် လို့ဆုံးဖြတ် တာမျိုးဖြစ်လာရင်တော့ ကျန်တဲ့သက်တမ်းအတွင်းမှာ မေးဖို့စိတ်ကူး ပါတယ်။  စစ်ဘေးရှောင်တွေရှိလာတာကို အစိုးရကနေထောက်ပံ့မှု မရှိတဲ့အတွက် ကျွန်တော်လွှတ်တော်တက်တက်ခြင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သမ္မတရုံး၊ လူ/ကယ်ပြန်ဝန်ကြီးရုံးတို့ကို စာရေးခဲ့တယ်။ အဲဒါနဲ့သူတို့ညွှန်ကြား တယ်ထင်တယ်။ တစ်ပတ်လောက်အကြာမှာ ပြည်နယ်အစိုးရက ထောက်ပံ့မှုတွေ လုပ်လာတာပေါ့။

မေး။ ။ ကိုယ်တင်တဲ့ မေးခွန်း၊ အဆိုတွေအပေါ် ဝန်ကြီးဌာနရဲ့ဖြေကြားမှုတွေကို အားရကျေနပ်မှုရှိသလလား။

ဖြေ။ ။ အနည်းအကျဉ်းတော့ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အဖြစ်တက် လာကတည်းက ကိုယ့်ဒေသလိုအပ်ချက်ကို လွှတ်တော်မှာ တတ်နိုင်သလောက် တင်ပြပေးမယ်။ မေးမယ်ဆိုပြီးပြောထားတာကိုး။ ဝန်ကြီးဌာနရဲ့ဖြေကြားမှုတွေ အပေါ်မှာတော့ သိပ်ပြီး အားရကျေနပ်မှုတော့မရှိဘူး။ သို့သော် ချင်းလွှတ်တော် ကိုယ်စားမှာဆိုရင် ကျွန်တော် မေးခွန်းမေးတာအများဆုံးပါ။ ကျွန်တော်မေးတာ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းလောက် တော့ ကိုယ့်ဒေသအတွက်ဖြည့်ဆည်း ပေးနိုင်တယ် ပြောလို့ရပါတယ်။ မသေမချာပြန်ဖြေတဲ့ မေးခွန်းတွေ လည်းရှိ တာပေါ့။ အဲဒါကိုလည်း ကျွန်တော်တို့အားမရဘူး။

မေး။ ။ ကျန်တဲ့သက်တမ်းမှာ အဓိကဘာကို ဆက်မေးဖို့၊ တင်သွင်းဖို့ရှိသလဲ။

ဖြေ။ ။ ကျွန်တော်အခုလည်းမေးခွန်းတွေမေးနေတယ်။ လွှတ်တော်အစည်းအဝေး တစ်ခုတိုင်းမှာ မေးခွန်းငါးခုအထိတင်လို့ရတယ်။ ကြယ့်ပွင့်ပြကတော့ တစ်နိုင်ငံလုံးနဲ့ပတ်သက်တယ်။ ကြယ်ပွင့်မပြကတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဌာနဆိုင်ရာတွေပဲသိတာပေါ့။ လိုအပ်တဲ့သက်တမ်းမှာ ဒေသအကျိုးအတွက်အများကြီး ဖြည့်ဆည်းဖို့အတွက် ရည်ရွယ်ပါတယ်။ အရင်က ကျွန်တော်ထင်တာကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို အတိကဆွေးနွေးနိုင်မယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ သိပ်ပြီးမဆွေးနွေးနိုင်ဘူး။ ဒါပေမယ့် ဒေသအကျိုးနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သလောက်ဆွေးနွေးဖြစ်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...
September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...