ထိတွေ့ ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေဆဲဟု KNUပြောဆို

ထိတွေ့ ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေဆဲဟု KNUပြောဆို

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)နယ်မြေတွင်အစိုးရတပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်တို့အကြားတွင်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေဆဲဟု KNU တပ်မဟာ(၅) ရုံးထိုင်မှူးဗိုလ်မှူးစောကလယ်ဒို့ကကေအိုင်စီသို့ ယမန်နေ့(စက်တင်ဘာ ၉ ရက်နေ့)က ပြောကြားခဲ့သည်။

“ပစ်ခတ်မှုကကြိုးကြားကြိုးကြားရှိနေတုန်းပဲ။ မနေ့ (စက်တင်ဘာ ၈ ရက်နေ့) ညနေ ရနာရီ ၂၄မိနစ်လောက်မှာ ဘူးသို မြို့နယ် တလာအောကလားဘက်မှာပစ်ခတ်မှုဖြစ်သေးတယ်။ KNLA တပ်ရင်း (၁၀၂)ရဲ့တပ်ခွဲ (၄)တပ်ဖွဲ့ဝင်တွေနဲ့ တပ်မ (၄၄)လက်အောက်ခံ (ခမရ-၂၀၇)တပ်ရင်းတို့ ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့တယ်” ဟုဗိုလ်မှူးစောကလယ်ဒို့ကပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရခြင်းမှာ KNLA တပ်ရင်း (၁၀၂) လက်အောက်ခံတပ်ခွဲ (၄)၏လှုပ်ရှားနယ်မြေအတွင်းသို့ အစိုးရတပ်မတော်ဘက်မှ နယ်မြေကျော်လွန် ဝင်ရောက်လာခြင်းကြောင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်းဗိုလ်မှူးစောကလယ်ဒို့ကဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ရက်နေ့မှစတင်ကာ KNU တပ်မဟာ (၅)လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်မတော်တို့အကြားတကျော့ပြန်ပစ်ခတ်မှုပြန်လည်ဖြစ်ပွားခဲ့ရာမှ ယမန်နေ့အချိန်အထိ နှစ်ဖက်တင်းမာမှုနှင့် ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

သြဂုတ်လ ၂၈ရက်နေ့က ဖာပွန်မြို့နယ်၊ အိမ်ကုန်းရွာနှင့် နိုထာ့ကြားတွင် အစိုးရတပ်မတော်တပ်မ(၄၄) လက်အောက်ခံခြေလျင်တပ်ရင်း(ခလရ-၂) နှင့် KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ကိစ္စကိုKNU တပ်မဟာ ၅ဘက်မှ သြဂုတ်လ ၂၉ရက်နေ့စွဲဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခတိုင်းမှူးထံကန့်ကွက်စာတစ်စောင်ပေးပို့ခဲ့ကြောင်းလည်းသိရသည်။

ထို့အတူ သြဂုတ် ၂၉ ရက်တွင်လည်းကမမောင်းမြို့နယ်တွင် လှုပ်ရှားနေသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA-ခွဲထွက်အဖွဲ့)နှင့် KNLA တပ်မဟာ (၅)တပ်ဖွဲ့ဝင်တို့အကြားပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီးKNLAဘက်မှ တပ်သားတစ်ဦးမှာမိမိမိုင်းပြန်နင်းမိရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ 

သြဂုတ်လမှ စ၍ DKBAအပါအဝင် အစိုးရနှင့် KNU တပ်မဟာ (၅)အကြားတကျော့ပြန် ပစ်ခတ်မှု (၅) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးKNU တပ်မဟာ(၂) ဒေသဘက်တွင်လည်း နှစ်ဖက် တင်းမာမှုဖြစ်ပေါ်နိုင်သည့် အခြေအနေမျိုးရှိနေသည်ဟုလည်းKNUတပ်မဟာ (၅)ဘက်ကဆိုသည်။

ထိုသို့ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားခြင်းကြောင့်ဒေသခံရွာသား ၂၀၀ ကျော်မှာ မြိုင်ကြီးငူဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသည်ဟုသိရသည်။

 

Most read this week

September 11, 2024
ထိုင်းနိုင်ငံဘက်ခြမ်းမှ စစ်ကောင်စီထံပြန်လည်လွှဲပြောင်းပြီး စစ်မှုထမ်းခိုင်းရန် စက်လှေဖြင့်...
September 10, 2024
ကော်သူးလေနယ်မြေအတွင်း နေထိုင်သည့် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ကို အသိအမှတ်ပြု ပြီး...
September 9, 2024
တနင်္သာရီမြို့နယ် ကျေးရွာများ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီက အရပ်သားပိုင်...
September 9, 2024
ကေအဲန်ယူ၊ မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေ ဖာပွန်မြို့နယ်၊ ကတိုင်တိသို့ စစ်ကူပေးရန် BGF...