စစ်မှုထမ်းရန် ခေါ်ဆောင်ခံရစဥ် အစောင့်များကို ခုခံရှင်းလင်း လွတ်မြောက်လာသူ လူငယ် ၂၇ ဦး KNDO ထံခိုလှုံ

စစ်မှုထမ်းရန် ခေါ်ဆောင်ခံရစဥ် အစောင့်များကို ခုခံရှင်းလင်း လွတ်မြောက်လာသူ လူငယ် ၂၇ ဦး KNDO ထံခိုလှုံ

ထိုင်းနိုင်ငံဘက်ခြမ်းမှ စစ်ကောင်စီထံပြန်လည်လွှဲပြောင်းပြီး စစ်မှုထမ်းခိုင်းရန် စက်လှေဖြင့် ခေါ်ဆောင် သွားခံရစဉ် အစောင့်တပ်သားနှစ်ဦးကိုသတ်ကာ လွတ်မြောက်လာသူ လူငယ် ၂၇ ဦးသည် ကရင်အမျိုးသား အစည်းအရုံး-KNU၊ တပ်မဟာ(၄)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ထံ လာရောက် ခိုလှုံခဲ့ကြောင်း ကွယ်ကလူဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာလူငယ်များကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရ မိပြီးနောက် ပြီးခဲ့သည့်အပတ်က စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းခြင်းခံရသော လူငယ်များကို အတင်းအဓမ္မစစ်မှု ထမ်းခိုင်းရန် တိုင်းဗဟို ၁၂ သို့ စက်လှေ ၇ စင်းဖြင့် တင်ဆောင်သွားခြင်းဖြစ်သည်။

ထိုသို့တင်ဆောင်သွားစဉ် စက်လှေ ၇ စင်းအနက် လူငယ် ၂၇ ဦးပါရှိပြီး အစောင့်တပ်သား နှစ်ဦးလိုက်ပါလာသည့် စက်လှေတစ်စင်းမှာ အစောင့်တပ်သားများကို သတ်ဖြတ်ပြီးနောက် အဆိုပါ လူငယ်အားလုံးမှာ KNDO တပ်ရင်း(၇)၊ တပ်ဖွဲ့ (၅) ထံ လာရောက်ထွက်ပြေးခိုလှုံကြခြင်းဖြစ်ကြောင်း ကရင်ဘာသာဖြင့် ရေးသားသည့် ကွယ်ကလူ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

၎င်းထွက်ပြေးလွတ်မြောက်လာသူ လူငယ်များနှင့်အတူ အသတ်ခံလိုက်ရသည့် စစ်ကောင်စီအစောင့် တပ်သားနှစ်ဦးထံမှ MA အမျိုးအစား သေနတ် ၂ လက်ပါ ယူဆောင်လာကြပြီး လက်ရှိတွင် ၎င်းလူငယ်များအား KNDO က ကူညီစောင့်ရှောက်ထားကြောင်း သိရသည်။

ထိုထွက်ပြေးခိုလှုံလာသည့် လူငယ်များ၏ အခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် သက်ဆိုင်ရာ KNDO တပ်ရင်းတပ်ဖွဲ့ထံသို့ ဆက်သွယ်ထားသော်လည်း လတ်တလော အကြောင်းပြန်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့်လများအတွင်း ထိုင်းအစိုးရ၏ ရက် ၁၂၀ စီမံချက်အနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နည်းလမ်းများဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားများကို လိုက်လံဖမ်းဆီးပြီး သက်ဆိုင် ရာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရာတွင် မြန်မာနိုင်ငံသား (၁၆၀,၀၀၀) နီးပါး ဖမ်းဆီးပြီး ပြန်လည်လွှဲပြောင်း ပို့ဆောင်ခံရကြောင်း ဒေသတွင်းသတင်းဌာနများက ရေးသားဖော်ပြကြသည်။

နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတဆင့် တရားဝင်ပြန်လည်လွှဲပြောင်းပို့ဆောင်ခံရသူများကို စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစစ်မှုထမ်းခိုင်းပြီး စစ်သင်တန်း လေ့ကျင့်ရေး စခန်းများကို ပို့ဆောင်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...
September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...
September 16, 2024
မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့...
September 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး...