ထရမ့်အစိုးရ၏ ရန်ပုံငွေရပ်ဆိုင်းမှု လူသားချင်းစာနာထောက်ထားခြင်း အကူအညီအပေါ် သက်ရောက်မှုများ

ထရမ့်အစိုးရ၏ ရန်ပုံငွေရပ်ဆိုင်းမှု လူသားချင်းစာနာထောက်ထားခြင်း အကူအညီအပေါ် သက်ရောက်မှုများ

အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့် အစိုးရ၏ နိုင်ငံတကာဖွံ့ဖြိုးရေး ရန်ပုံငွေထောက်ပံ့ခြင်း အစီအစဉ်များ ရပ်ဆိုင်းလိုက်မှုကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် အမေရိကန်အစိုးရက အကူအညီပေးထားသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရပ်တန့်လိုက်ရသည့်အထိ ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့ရသည်။

အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) နှင့် အမေရိကန်အစိုးရက အကူအညီပေးထားသည့် နယ်စပ် အခြေစိုက် ပညာရေး၊ ကျန်းမာရေးနှင့် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် သက်ဆိုင်ရာအရပ် ဖက်အဖွဲ့အစည်းအချို့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း - NGO များအနေဖြင့် ၎င်းတို့ အကူအညီပေးရေး လုပ်ငန်းအချို့ကို ရပ်ဆိုင်းလိုက်ရသည်အထိ ဖြစ်ပေါ်စေသည်။

မဲဆောက်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက “ဒီနယ်စပ်တကြောက US ကနေ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ခေါင်းစဉ်အောက်က အကူအညီရနေတဲ့ အဖွဲ့အစည်း တွေအကုန်ထိတာပေါ့။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်နဲ့ ဒုက္ခသည်တွေကို အကူ အညီ ပေးတဲ့လုပ်ငန်းစဉ်အချို့ ရပ်လိုက်ရတာရှိတယ်။ ကျနော်တို့ဆိုရင် မြေပြင်က အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို မထောက်ပံ့ပေးနိုင်တော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အမေရိကန်၏ နိုင်ငံရပ်ခြားအကူအညီပေးထားသည့် ဖွံ့ဖြိုးရေး စီမံကိန်းအားလုံး နီးပါးအတွက် အသုံးစရိတ် များကို ပြန်လည်သုံးသပ်မည်ဖြစ်၍ ၎င်းစီမံကိန်းတွေအတွက် ထောက်ပံ့မှုကို ရက်ပေါင်း ၉၀ ဆိုင်းငံ့လိုက်ကြောင်း သမ္မတထရမ့်၏ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီယိုက နိုင်ငံခြား သံရုံးများကို ရုံးတွင်းစာဖြင့် ပေးပို့လိုက်ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်သည်။

ယခုလို အကူအညီပေးရေးလုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း သတင်းများ ထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်း ဇန်နဝါရီလ ၂၇ ရက်နေ့က ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများကို ကျန်းမာရေး အကူ အညီပေးနေသည့် (IRC - International Rescue Committee) လက်အောက်ရှိ ကျန်းမာရေး ဝန်ဆောင်မှုများ ရပ်တန့်သွားခဲ့ရသည်။ ထိုအခြေအနေကြောင့် ဆေးရုံတက်ရောက်သူများကိုလည်း ဆေးရုံဆင်းခိုင်းလိုက်သည့် ရုပ်သံ ဓါတ်ပုံများ ပျံ့နှံ့လာသလို စခန်းတွင်း တာဝန်ရှိသူများကလည်း ၎င်းကိုအတည်ပြုပြောဆိုသည်။

နယ်စပ်ဒေသတွင် ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများကို IRC က အဓိက ကူညီ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။ IRC ၏ ထောက်ပံ့မှု ယခုလို ရပ်ဆိုင်းလိုက်သည့်အတွက် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းယန္တရားများ လုံးဝရပ်ဆိုင်းထားရခြင်းဖြစ်သည်။

ယခုလို ဆိုင်းငံ့မှုကြောင့် ရွှေ့ပြောင်းအလုပ်သမားများ မှီခိုအားထားရသည့် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု ပေးနေသည့် အဖွဲ့အစည်းအချို့အပြင် နယ်စပ်ဖြတ်ကျော်၍ ကျန်းမာရေးဝန်ဆောင်မှုများ၊ စစ်ဘေးရှောင်များ  အတွက် အရေးပေါ်အကူအညီများ ပေးအပ်သည့် အဖွဲ့အစည်းများပါ လုပ်ငန်းရပ်ဆိုင်းရမှု ရှိလာသည်ဟုလည်း နယ်စပ် ကျန်းမာရေးဝန်ဆောင်မှုပေးနေသူများက ပြောဆိုသည်။

“တစ်ဝက်ကျော်လောက်တော့ ထိခိုက်သွားတာပေါ့။ အခု ငှက်ဖျားကိစ္စတွေ သင်တန်းပေးတာတွေ ရပ်ထားလိုက်ရပြီး။ ဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေးတွေလည်း လျှော့ချလိုက်ရတယ်” ဟု အမည်မ ဖော်လိုသည့် နယ်စပ်ကျန်းမာရေး အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

နယ်စပ်တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်တွင်းမှ ဝင်ရောက်ရန်ခက်ခဲသည့် ပဋိ ပက္ခဖြစ်ပွားရာ ဒေသများတွင် နယ်စပ်ဖြတ်ကျော် ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ရေသန့်ရှင်းရေး လုပ်ငန်းများအတွက် အမေရိကန်အစိုးရက ထောက်ပံ့သည့် ရန်ပုံငွေအပေါ် အဓိက မှီခိုအားထားနေကြရသည်။

အဆိုပါ ဆိုင်းငံ့မှု ဂယက်များကြောင့် ယခုရက်ပိုင်းအတွင်း နယ်စပ်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးနေသည့် အဖွဲ့အစည်းများမှ အရေးပေါ် အစည်းအဝေးများ ခေါ်ယူပြီး သက်ဆိုင်ရာ ဝန်ထမ်းများကို အသိပေး ပြောဆိုမှုများရှိသလို အချို့အဖွဲ့အစည်းများကလည်း ၎င်းတို့ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် အကူအညီများ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်မှုများလည်း တွေ့ရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေအတွင်း ပြည်တွင်း စစ်ဘေးရှောင် (IDPs) များအတွက် လူသား ချင်းစာနာထောက်ထားမှု အကူအညီများ အဓိက လုပ်ဆောင်နေသည့် ပြည်တွင်း နေရပ်စွန့်ခွာရသူ ကရင် ပြည်သူများဆိုင်ရာကော်မတီ - CIDKP အနေဖြင့်လည်း ၎င်းတို့လုပ်ဆောင်နေသည့် လုပ်ငန်း ၄ ခုကို ရပ်ဆိုင်း လိုက်ရကြောင်း ယခုလိုပြောသည်။

“ကျနော်တို့ US အစိုးရဆီကနေ အကူအညီရထားတဲ့ လုပ်ငန်း ၄ခုကို အကုန်ရပ်လိုက်ဖို့ မနေ့က အသိပေး လာတယ်။ အဲ့ ၄ ခုက အဓိက ဒေသတွင်း အုပ်ချုပ်ရေး ပညာပေးတာ၊ ပြေးလွှားနေရတဲ့ IDP တွေကို ငွေကြေး ထောက်ပံ့တာ၊ ဆက်သွယ်ရေးပစ္စည်းတွေပေးတာ၊ ရှေးဦးသူနာပြုပစ္စည်းတွေ တစ်ကိုယ်ရေ သန့်ရှင်းမှုပစ္စည်းတွေ ထောက်ပံ့တဲ့ အစီအစဉ်တော်တော်များကို ရပ်တန့်လိုက်ရတယ်” ဟု CIDKP ဒု-တာဝန်ခံ စောခဲလေက ကေအိုင်စီသို့ ပြောသည်။

ယခုလို နယ်စပ်ဒေသရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့် အဖွဲ့အစည်းများ အပြင် US အစိုးရ၏ ထောက်ပံ့မှုအချို့ဖြင့် လည်ပတ်နေရသည့် သတင်းမီဒီယာဌာနအချို့လည်း လုပ်ငန်းလည်ပတ် ရေး ထိခိုက်မှုရှိလာကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းအကြား သိရသည်။

၎င်းအပြင် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်လိုက်သည့် အမိန့်ကြောင့် အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရရှိခဲ့သည့် မြန်မာ ဒုက္ခသည်အချို့ ဒုက္ခသည်စခန်းသို့ လှည့်ပြန်ခဲ့ရသလို မလေးရှားနိုင်ငံရှိ ချင်းလူမျိုး ဒုက္ခသည်များ လည်း လေယာဉ်ကွင်းမှ လှည့်ပြန်ခဲ့ရသည်ဟု ပြည်တွင်း သတင်းမီဒီယာများက ဖော်ပြကြသည်။

အမေရိကန်အနေဖြင့် နိုင်ငံတကာတွင် ကမ္ဘာ့အကြီးဆုံး အကူအညီပေးသည့် နိုင်ငံတစ်ခုဖြစ်သလို ပင်လယ် ရပ်ခြားတွင် အကူအညီပေးရေးအတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ဒေါ်လာ ဘီလျံ ၇၀ နီးပါး သုံးစွဲခဲ့သည်ဟု BBC သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း ဒေါ်နယ်ထရမ့် သမ္မသက်တမ်း ပထမအကြိမ်တွင် အလားတူ အကူအညီပေးရေး ထောက်ပံ့မှုများ ရပ်ဆိုင်းခဲ့သည့် ဖြစ်ရပ်မျိုးရှိခဲ့ဖူးပြီး နယ်စပ်ဒေသတွင်း ကြီးမားသည့် ရိုက်ခတ်မှု ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

Most read this week

January 30, 2025
သွပ်ပြားအမိုးနိမ့်နိမ့် ဘိလပ်မြေအုပ်နံရံနှင့် အကြမ်းထည်သာသာ ယာယီဆောက်လုပ်ထားသည့် အဆောက်အဦး၌...
January 28, 2025
ဖားအံမြို့ပေါ် ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စစ်မှုထမ်းများအတွက် လစဉ်ထောက်ပံ့ကြေးကို...
January 27, 2025
ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းတွင်...
January 27, 2025
ကရင်ပြည်နယ်၊ ဖားအံမြို့တွင်းနှင့် မြို့အနီးဝန်းကျင် လူသွားလူလာ ပြတ်တောက်သည့် လမ်းများပေါ်၌...