ရှမ်းမြောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နယ်မြေအငြင်းပွားမှုနဲ့ ပဠိပက္ခဖြစ်ပွားမှုတွေကို ညှိနှိုင်းဖို့ လုပ်ဆောင်နေတယ်လို့ နှစ်ဖက်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
မန်တုံမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဒေသမှာ KIA နဲ့ TNLA တို့ကြား အငြင်းပွားမှုနှင့်ပတ်သက်ပြီး PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက “ဒီကိစ္စက နှစ်ဖက်တပ် အောက်ခြေမှာ နားလည်မှုလွဲပြီး လုပ်ဆောင်နေတာပါ။ ကျမတို့ နှစ်ဖက်ညှိနှိုင်းဖို့ ဆောင်ရွက်နေပါတယ်” လို့ KNG သတင်းဌာနကို ပြောပါတယ်။
KIO ဗဟိုဌာနချုပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူလည်း “KIO ဘက်ကတော့ စိတ်နှိမ့်ချရမယ်၊ အဲဒီလို အချင်းချင်းပြဿနာဖြစ်ကြအောင် လုပ်တာက ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အခုဖြစ်နေတဲ့ ပြဿနာကနေ မတိုးပွားလာအောင် အချင်းချင်း ပြေလည်စွာ ညှိနှိုင်းကြတာပဲ ကောင်းပါမယ်လို့ အမြဲပြောနေတာ ဟုတ်တယ်။ လက်ရှိဖြစ်နေတဲ့ ပြဿနာကိုလည်း KIA တောင်ပိုင်းတိုင်းစစ်ဌာနချူပ်က တာဝန်ရှိလူကြီးတွေအနေနဲ့ တစ်ဖက်က တာဝန်ရှိ TNLA အထက်လူကြီးတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဆောင်ရွက်နေပါတယ်။ အခြေအနေက အဲလိုရှိတယ်” လို့ KNG ကို ပြောဆိုပါတယ်။
ရှမ်းမြောက် KIA တပ်မဟာ ၄၊ တပ်ရင်း ၈ နယ်မြေ၊ မန်တုံမြို့–နမ့်ခမ်း လမ်းမပေါ်ရှိ မုံးဝီး (မိုင်းဝီး) ကျေးရွာမှာ ဇန်နဝါရီ ၂၇ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နယ်မြေအငြင်းပွားမှုပဠိပက္ခ ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။
မန်တုံ–နမ့်ခမ်း ကြား မိုင်းဝီးဒေသရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ထွက်သွားဖို့ TNLA က ဖိအားပေးခဲ့သလို ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း မိုင်းဝီးရွာက KIO တိုက်နယ်ရုံးကို TNLA က ဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် KIA စခန်းနှစ်ခုကိုလည်း ဆုတ်ဖို့ ဖိအားပေးနေတာကြောင့် ဒီနေ့အထိ နှစ်ဖက်တပ် အခြေအနေ တင်းမာနေခဲ့ပါတယ်။
“မုံးဝီးရွာအနီးက ဝန်ဒန်ကောင် (Wundan Kawng post) KIA စခန်း ၂ ခုကို ဒီမနက် ၉ နာရီကနေ ၁၁ နာရီကြား TNLA က အင်အားနဲ့ ချီတက်လာပြီး အတင်းအဓ္ဓမ ဖယ်ရှားဖို့ လာမောင်းထုတ်နေတယ်ပြောလို့ တော်တော်စိတ်ပူနေပါတယ်” လို့ ရှမ်းမြောက်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
KIA တပ်စခန်းတွေကို ဖယ်ရှားဖို့ ရောက်ရှိလာတဲ့ TNLA တပ်တွေနဲ့ သွေးထွက်တံယိုဖြစ်တဲ့အထိ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အခြေအနေ ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။
မိုးမိတ်မြို့နယ်၊ နမ္မတူ – မန်တုံ – မုံးဝီး – နမ့်ခမ်း စတဲ့နယ်မြေတွေမှာ TNLA နဲ့ KIA တပ်တို့ကြား ပြဿနာဖြစ်ပွားနေရတဲ့ အဓိကအကြောင်းရင်းကို ဗိုလ်မှူးကြီးနော်ဘူက အခုလို ရှင်းပြပါတယ်။
“TNLA ဘက်က ငါတို့တိုက်ထားတဲ့ နယ်မြေဖြစ်တယ်၊ မင်းတို့မလာနဲ့ မဖြတ်နဲ့ စခန်းမထိုင်နဲ့လို့ ပြောဆိုတာတွေကြောင့် KIA ဘက်ကလည်း ဒါကို မလိုလားတာကြောင့် အခုလို အချင်းချင်း အငြင်းပွားမှု ပြဿနာတွေ ဆက်တိုက်ဖြစ်နေရခြင်းဖြစ်တယ်။ အချင်းချင်း ပြေပြေလည်လည် ကောင်းကောင်း ညှိနှိုင်းကြရအောင်လို့ TNLA ဘက်ကို ပြောဆိုနေတာတွေရှိတယ်။ ဘာလို့ဆို အခုအချိန်က ကျနော်တို့အချင်းချင်း ပြဿနာဖြစ်နေရုံနေနဲ့ ရှေ့ကို တိုးလာစရာမရှိဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
၂၀၂၃ ခုနှစ် ၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ္မတူမြို့နဲ့ မန်တုံမြို့ကို ဝင်သိမ်းလိုက်တဲ့ TNLA တပ်ဖွဲ့ဟာ နမ္မတူမြို့နဲ့ မန်တုံမြို့တစ်ခွင်မှာ KIA တပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းနဲ့ သွားလာခွင့်မပြုတော့သလို ယခင် အစိုးရသတ်မှတ်ထားတဲ့ မြို့နယ်အတွင်း တည်ရှိတဲ့ KIA ဂိတ်စခန်း တစ်ခုပြီးတစ်ခုကို ဖယ်ရှားဖို့ ကြိုးပမ်းလာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကပဲ မိုးမိတ် သွားလမ်း မန်တုံမြို့အထွက်မှာရှိတဲ့ KIA ဂိတ်စခန်းတစ်ခုကို ဖယ်ရှားပေးဖို့ TNLA ဘက်က လူအင်အားနဲ့ လာရောက်ခဲ့ပြီး KIA နဲ့ TNLA အထက်လူကြီးတွေ အချင်းချင်း ညှိနှိုင်းကြိုးစားနေဆဲ အခြေအနေမှာရှိနေတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့ကစပြီး KIA တောင်ပိုင်းတိုင်းစစ်ဌာနချူပ်ရှိရာ နမ်ဖတ်ကာအနီး တီးမား (Dima) ရွာအဝင်မုဒ်ဦးမှာ တပ်စခန်း တိုးချဲ့လာတဲ့ TNLA တပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က တပ်ချခွင့်မပြုပဲ တားမြစ်နေခဲ့တာကြောင့် အချင်းချင်းကြား ပြဿနာတွေ ဖြစ်ပွားခဲ့ပြန်ပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၂၆ ရက်နေ့ ည ၆ နာရီလောက်မှာ KIA နဲ့ TNLA တို့ အချင်းချင်းပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် TNLA နဲ့ KIA အထက်အရာရှိတွေ အချင်းချင်း ပြန်လည်ညှိနှိုင်းဖြေရှင်းခဲ့ပြီး TNLA က တီးမား (Dima) အဝင်စခန်းကို ဖယ်ရှားပေးခဲ့တယ်လို့ တီးမား (Dima) ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။
“အခုတော့ ပြေလည်သွားပြီလို့လည်း စိတ်ချလို့ရသေးတဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ TNLA ဘက်က KIA တောင်ပိုင်းတိုင်း စစ်ဌာနချူပ်ရှိတဲ့ဘက်ထိ စခန်းတိုးချဲ့လာတာက သူတို့မသိလို့လည်း မဟုတ်ဘူး။ သူတို့က တမင်တကာကို သွေးတိုးစမ်းတာဖြစ်တယ်။ သူတို့ရဲ့ အထက်လူကြီးတွေတောင် မသိပဲ နမ့်ဖတ်ကာ–နမ့်အွမ် အနီးရှိတဲ့ TNLA က အဲလိုလုပ်လာတဲ့ အခြေအနေဖြစ်တယ်။ KIA နဲ့ နီးနီးကပ်ကပ်နေရာယူလာလို့ မဖြစ်သင့်လို့ တားမြစ်တာဖြစ်တယ်” လို့ တီးမား (Dima) ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နမ့်ဖတ်ကာအထက် တီးမား (Dima) ကျေးရွာရှိ TNLA စခန်းဖယ်ပေးဖို့ နှစ်ဖက်တပ် တာဝန်ရှိသူများ ညှိနှိုင်းဖြေရှင်းပြီးနောက် တစ်ပြိုင်နက် မုံးဝီး (မိုင်းဝီး) ဒေသဘက်မှာ TNLA က အင်အားနဲ့ KIA တပ်မတွေကို ဖယ်ရှားဖို့ ပြန်လည်လုပ်ဆောင်လာတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် နမ့်ဖတ်ကာကို မြို့အဆင့် မြင့်တင်အုပ်ချူပ်နေကာ နမ့်ဖတ်ကာ – ခိုမုန်း – နမ့်အွမ် – တီးမား စတဲ့ကျေးရွာ နေရာဒေသတစ်လျှောက်ကို KIA ထိန်းချူပ်ထားတာလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာ TNLA ကလည်း KIA အုပ်ချူပ်နေတဲ့ နမ့်ဖတ်ကာမြို့ ထဲမှာ TNLA စစ်တပ်စခန်း ချထားတဲ့အပြင် ရဲတပ်ဖွဲ့ဌာနရုံး နဲ့ ပညာရေးဌာန၊ ကျန်းမာရေးဌာနတွေကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက “နမ့်ဖတ်ကာမှာဆို ကချင်နဲ့ ပလောင် အများဆုံးနေထိုင်တာပဲ။ ဒီလိုပဲဆက်ဖြစ်နေရင် ပလောင်နဲ့ ကချင်အိမ်နီးချင်းအချင်းတောင် အရင်က ဆွေးမျိုးလိုနေပေမဲ့ မျက်နှာပူလာရတယ်။ လူမျိုးရေးပဋိပက္ခဘက် အသွင်ကူးပြောင်းလာနေပြီ။ နှစ်ဖက်အထက်လူကြီးတွေ ကောင်းကောင်းတွေ့ပြီး ဒီလို ပြဿနာတွေ ဆက်မဖြစ်တော့အောင် ပြေပြေလည်လည် ညှိနှိုင်းစေချင်တယ်” ဟု ပြောပါတယ်။
နမ့်ခိုင် – နမ့်ဖတ်ကာ အဝင်/အထွက် နဲ့ ခိုမုန်း – နမ့်အွမ် – တီးမား စတဲ့ကျေးရွာတစ်လျှောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဂိတ်စခန်းတွေရှိရာ အလှမ်းမကွာ ကြားနေရာ ၃ ခုမှာ TNLA ကလည်း ဂိတ်စခန်းတွေထားရှိတာ ဖြစ်ပါတယ်။
KIO တိုက်နယ်ရုံးတည်ရှိရာ ကွတ်ခိုင်မြို့နယ် ဂါလှိုင်ကျေးရွာရှိ KIO ပညာရေးဌာနက ဖွင့်လှစ်ထားတဲ့ ပညာရေး စာသင်ကျောင်းတွေကို TNLA က လိုက်လံ ပိတ်ပင်တားဆီးတဲ့အတွက် ကလေး ပညာရေးမှာ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
ကွတ်ခိုင်မြို့ ကို သိမ်းပိုက်ခဲ့တဲ့ TNLA က ကွတ်ခိုင်မြို့နယ်လို့ သတ်မှတ်ထားတဲ့ နယ်မြေအားလုံးရှိ KIO ရဲ့ လှုပ်ရှားမှုတွေကို တားမြစ်နေခြင်းကြောင့် နှစ်ဖက်တပ်ဖွဲ့ကြား အငြင်းပွားမှု အရှိန်မြင့်လာနေတာလို့ ဆိုပါတယ်။
ရှမ်းမြောက်၊ ကွတ်ခိုင် – နမ့်ဖတ်ကာ စတဲ့ဒေသတွေ အပါအဝင် မိုးမိတ် – မန်တုံ – နမ္မတူ ဒေသတွေမှာ ကချင်နဲ့ တအာင်း (ပလောင်) ကြား ရှေ့ယခင်ကတည်းက အတူတကွ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့အတွက် လက်ရှိကာလမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားလာအောင် နှစ်ဖက်တာဝန်ရှိသူများ အလေးနက်ထား တာဝန်ယူဖြေရှင်းပေးဖို့ နမ့်ဖတ်ကာဒေသခံ တအာင်းအမျိုးသာတစ်ဦး အခုလို ပြောပါတယ်။
“ကချင်နဲ့ ပလောင်က ငယ်ငယ်ကတည်းကနေ ပေါင်းလာတာ ညီအစ်ကိုတွေပေါ့ဗျာ။ ထမင်းလည်းအတူစားတယ်။ ရေလည်းအတူသောက်တယ်။ ကျောင်းသားကျောင်းလာ အတူနေလာတာ။ ဆက်ဆံရေးလည်း ကောင်းတယ်။ အခုမှ နှစ်ဖက်က နားလည်မှုပုံစံတွေ လွဲသွားပုံရပါတယ်။ ဒါကြောင့် ခေါင်းဆောင်အချင်းချင်းတွေ နားလည်မှုရှိအောင် ဆွေးနွေးပေးဖို့ တောင်းဆိုချင်တယ်။ ကျနော်တို့ ပြည်သူလူထုတွေက ထိပ်လန့်ရတယ်။ နည်းနည်းတော့ ကြောက်လာတာပေါ့ရယ်။ ဒို့ တအာင်းဘက်ဆိုရင်လည်း လူကြီးပိုင်းတွေ၊ တအာင်းစာပေယာဉ်ကျေးမှုအဖွဲ့ရှိမယ်၊ နှစ်ဖက်လူကြီးတွေ တွေ့ဆုံညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် ပြေလည်သွားအောင် ပြည်သူတွေလည်း လွတ်လွတ်လပ်လပ် အခက်အခဲမရှိ နေလို့ရအောင် လုပ်ပေးဖို့ တောင်းဆိုချင်တယ်။ နေထိုင်ရတာ လုံခြုံမှုက မရှိလာသလို ခံစားရတယ်” လို့ နမ့်ဖတ်ကာဒေသခံ တအာင်း (ပလောင်) အမျိုးသားတစ်ဦးက ပြောဆိုပါတယ်။
လက်ရှိအချိန်ဟာ ဘုံရန်သူ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေတဲ့အချိန်ဖြစ်တာကြောင့် တော်လှန်ရေးညီအစ်ကို အချင်းချင်း နယ်မြေအငြင်းပွားမှု ပြဿနာတွေ မကြီးပွားအောင် ထိန်းသိမ်းဖို့ဟု ဗိုလ်မှူးကြီးနော်ဘူကလည်း တိုက်တွန်းပြောဆိုပါတယ်။
“ဒီအချိန်ဟာ အခုလို လက်နက်ကိုင်ပြီး နယ်မြေပိုင်းခြားယူကြရမဲ့ ခေတ်လည်းမဟုတ်တော့ဘူး။ နယ်မြေပိုင်းခြားယူတဲ့ ကိစ္စတွေအားလုံးက နိုင်ငံရေးဆွေးနွေးကြရမဲ့အချိန် ကောင်းမွန်စွာ ဆွေးနွေးယူကြရတဲ့ နည်းလမ်းပဲမှန်တယ်။ ဒါကြောင့် အခုလို လက်နက်ကိုင်ပြီး အချင်းချင်းချိန်းခြောက်ကြရမဲ့ ခေတ်လည်းမဟုတ်ဘူး။ အဲဒီလိုဆက်သွားရင်တော့ ကျနော်တို့တွေရဲ့ ရည်မှန်းချက်တွေ ပိုပျောက်ဆုံးလာမှာလို့ မြင်တယ်။ ဒါကြောင့် အခုဖြစ်နေတဲ့ ပြဿနာတွေ ထပ်မကြီးပွားလာအောင် အချင်းချင်း ညှိနှိုင်းဖြေရှင်းကြရအောင်ဆိုတဲ့ KIO ရဲ့အခြေအနေက အဲဒီလိုရှိကြောင်း ပြောချင်တယ်” လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ ရှမ်းမြောက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄၊ တပ်မဟာ ၆၊ တပ်မဟာ ၁၀ နယ်မြေဒေသတွေမှာ KIA တပ်ဖွဲ့ဟာ TNLA နဲ့ သာမဟုတ်ပဲ ကိုးကန့် MNDAA တပ်ဖွဲ့ နဲ့လည်း နယ်မြေပိုင်းဆိုင်ရာမှာ အငြင်းပွားနေကြတာဖြစ်ပါတယ်။
လက်ရှိမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဆင်နွဲနေချိန် ရှမ်းမြောက်မှာ MNDAA က စစ်ကောင်စီတပ်နဲ့ အပစ်ရပ်သဘောတူညီမှု ရရှိပြီး TNLA နဲ့ စစ်ကောင်စီတပ်ကြားလည်း မကြာခင် အပစ်ရပ် ဆွေးနွေးမှုရှိနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲပြင်းထန်နေချိန် ရှမ်းမြောက် ၊ ကချင်ဆပ်စတိတ် (Kachin Sub-state) မှာတော့ တော်လှန်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ နဲ့ KIA ကြား နယ်မြေအရေး အငြင်းပွားမှု ပိုမိုပြင်းထန်လာတာလည်း ဖြစ်ပါတယ်။