ရခိုင်တွင် ရိုးရာကျောက်ဆစ်လုပ်ငန်းများကို ရပ်နားထားရ၍ လုပ်ငန်းလုပ်ကိုင်သူများမှာ ဘဝရပ်တည်ရေး ခက်ခဲကျပ်တည်းလာနေကြောင်း သိရသည်။
ယခင်က ရခိုင်ရိုးရာ ကျောက်ဆစ်ရုပ်တုများကို နိုင်ငံခြားဧည့်သည်များ၊ ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြောက်ဦးမြို့မှ ဟိုတယ်ပိုင်ရှင်များက အိမ်အထိ လာရောက်ဝယ်ယူ အားပေးခဲ့ကြသလို ကိုးကွယ်ရန် ဘုရားရုပ်ပွားဆင်းတုတော်များ၊ အလှထားရန် ကျောက်ဆစ်ရုပ်တုများအား လာအပ်၍ ဘဝရပ်တည်ရေး အဆင်ပြေခဲ့သည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါလုပ်ငန်းလုပ်ကိုင်သူများမှာ ကျောက်ဆစ်ရုပ်တုများ ဝယ်ယူသူမရှိတော့၍ ဘဝရပ်တည်ရေး ခက်ခဲကျပ်တည်းနေသည်ဟု မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်မှ ရခိုင်ရိုးရာ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူ ဦးလှကြီးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"အလုပ်က ရပ်နားထားရတယ်။ ထုထားတဲ့ ရုပ်တုတွေကို ဝယ်ယူသူမရှိဘူးဖြစ်နေတာ။ ရုပ်တုလာအပ်တာလည်း မရှိတော့ဘူး။ ငတ်လို့ သေရင်သေဆိုပြီး ဒီအလုပ်နဲ့ပဲ တစိုက်မတ်မတ် ရပ်တည် အသက်မွေးဝမ်းကျောင်းပြုနေတာလေ။ အခုတော့ အလုပ်တွေ အဆင်မပြေဘူး။ စားဝတ်နေရေးကအစ ခက်ခဲနေတယ်" ဟု ပြောသည်။
ယခင်က ရခိုင်ရိုးရာ ကျောက်ဆစ်လုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေးအပြင် လူမှုရေး၊ ကျန်းမာရေးနှင့် သားသမီး ၃ ဦး၏ ပညာရေးမှအစ အဘက်ဘက်မှ အဆင်ပြေရပ်တည်နိုင်ခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။
အဆိုပါလုပ်ငန်းကို ရခိုင်တွင် များသောအားဖြင့် ရှေးဟောင်းသမိုင်းဝင် မြောက်ဦးမြို့နယ်အတွင်း လုပ်ကိုင်ကြသည်ဟု သိရသည်။
သို့သော် ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ပြီး အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား လက်ရှိအချိန်ထိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်အတွင်းသို့ နိုင်ငံခြားဧည့်သည့်များအပြင် ပြည်တွင်း/ပြည်ပမှ ခရီးသည်များ လာရောက်လည်ပတ်နိုင်ခြင်းမရှိတော့ဟု သိရသည်။
ထိုသို့ ခရီးသည်များ လာရောက်မလည်ပတ်နိုင်တော့၍ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူများမှာ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတော့သလို လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ပြည်မရှိ စစ်ကိုင်းတိုင်း၊ ရန်ကုန်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှလည်း ကျောက်ဆစ်ရုပ်တုလက်ရာများ မှာယူခြင်းမရှိတော့ဟု သိရသည်။
ထို့အတူ ယခင်က ကျောက်ဆစ်ရုပ်တု ထုလုပ်ရန်အတွက် ကျောက်သားများကို မြေပုံမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့မှ မှာယူ၍ရခဲ့သော်လည်း လက်ရှိတွင် မှာယူ၍မရခြင်း၊ ကျောက်သားဈေးနှုန်းများမြင့်တက်ခြင်း စသည့် အခက်အခဲဖြင့်လည်း ရင်ဆိုင်နေရသည်ဟု မြောက်ဦးမြို့နယ်၊ သရက်အုပ်ကျေးရွာမှ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
"ကျောက်ဆစ်ရုပ်တုတွေ အခုကာလမှာ ဝယ်ယူသူမရှိပေမဲ့ ဒါက သက်မွေးဝမ်းကျောင်းအလုပ်ဆိုတော့ နည်းနည်းစီပဲ လုပ်နေတယ်။ လုံးဝရပ်နားထားရပေမဲ့ တည်ထားကိုးကွယ်ဖို့ ဘုရားဆင်းတုတော်တွေ ဝယ်ယူပင့်ဆောင်တာတွေ ရှိလာမလားဆိုတဲ့ အတွေးနဲ့ပေါ့။ ဝါသနာပါတာလည်း ပါပါတယ်။ အရင်က ဝယ်ထားတဲ့ ကျောက်သားတွေနဲ့ ထုနေတာပါ။ ဒီကာလမှာက အရမ်းခက်ခဲကျပ်တည်းတယ်" ဟု ပြောသည်။
ကျောက်ဆစ်ရုပ်တု ထုလုပ်ရန်အတွက် အကောင်းဆုံး ကျောက်အမျိုးအစားမှာ သဲကျောက်အမျိုးအစားဖြစ်ပြီး ကျောက်ဆစ်ရုပ်တု အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်ကာ အချိန်ကာလအတန်ကြာ ထုဆစ်ရသည်ဟု သိရသည်။
လုပ်ခဈေးနှုန်းမှာ အမြင့်ဆုံးဈေး ကျပ်သိန်း ၄၀ အထိရရှိပြီး လုပ်ငန်းရှင်တစ်ဦးနှင့်တစ်ဦး ဈေးနှုန်းသတ်မှတ်ချက်မှာလည်း တူညီမှုမရှိဟု သိရသည်။
လက်ရှိတွင် လုပ်ငန်းများ မလည်ပတ်နိုင်တော့၍ လက်ရာမြောက်သည့် ကျောက်ဆစ်လုပ်ငန်းမှာ လုပ်ကိုင်သူ ယခင်ကထက် နည်းပါးလာကာ ပျောက်ကွယ်လုဆဲ အခြေအနေဖြစ်နေပြီဟု လုပ်ကိုင်သူများက ဆိုကြသည်။