မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ကုန်သွယ်နေသော နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၇ ခုရှိပြီး ၇ ခုအထိကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) များက ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ အစီရင်ခံစာအရ သိရသည်။
နယ်စပ်ကုန်သွယ်ရေးစခန်း (၁၇) ခုမှာ ကန်ပိုက်တီစခန်း၊ လွယ်ဂျယ်စခန်း၊ မူဆယ်စခန်း၊ ချင်းရွှေဟော်စခန်း၊ မယ်စဲ့စခန်း၊ ရိဒ်စခန်း၊ ကျိုင်းတုံစခန်း၊ ကျိုင်းလပ်စခန်း၊ တာချိလိတ်စခန်း၊ မြဝတီစခန်း၊ နဘုလယ်/ထီးခီးစခန်း၊ မောတောင်စခန်း၊ ကော့သောင်းစခန်း၊ မြိတ်စခန်း၊ စစ်တွေစခန်း၊ မောင်တောစခန်း၊ တမူးစခန်းတို့ ဖြစ်သည်။
ယင်းအထဲမှ ကန်ပိုက်တီစခန်း၊ လွယ်ဂျယ်စခန်း၊ မူဆယ်စခန်း၊ ချင်းရွှေဟော်စခန်း၊ မောင်တောစခန်း၊ မယ်စဲ့စခန်းနှင့် ရိဒ်စခန်းတို့ကို KIA ၊ MNDAA ၊ AA ၊ CNF တပ်ဖွဲ့များ အပြည့်အဝထိန်းချုပ်ထားသည်ဟု ISP -Myanmar ၏ ဇန်နဝါရီ ၁၆ ရက်ထုတ် အစီရင်ခံစာက ဖော်ပြသည်။
စစ်ကောင်စီနှင့် MNDAA တို့အကြား အပစ်ခတ်ရပ် သဘောတူပြီးနောက် ရှမ်းမြောက်ရှိ ရန်လုံကျိုင်း၊ ချင်းရွှေဟော်နှင့် နမ့်တစ် ဂိတ် (၃) ခုကို တရုတ်နိုင်ငံက ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။
နောက် နယ်စပ်ကုန်သွယ်ရေးစခန်း (၁၀) ခုကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်စပ်ကုန်သွယ်စခန်းများမှ စစ်ကောင်စီအတွက် ဘီလီယံနှင့်ချီ ဝင်ငွေရှိနေပြီး လက်နက်ခဲယမ်းဝယ်ယူရန်အတွက် အကျိုးပြုနေသော စခန်းများဖြစ်သဖြင့် စစ်ကောင်စီအတွက် နစ်နာမှုကြီးမားသည်။
“ဒီနယ်စပ်စခန်းတွေက ရတဲ့ငွေတွေနဲ့ စစ်ကောင်စီက လက်နက်ခဲယမ်းတွေဝယ် ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ အသုံးပြုနေတယ်။ ဒီဟာတွေက EAOs အဖွဲ့တွေက ထိန်းချုပ်ထားတော့ စစ်ကောင်စီအတွက် ဆုံးရှုံးမှု အများကြီးရှိတာပေါ့။ ဒီနယ်စပ်စခန်းတွေသာ ပုံမှန်လည်ပတ်နိုင်ရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွက် အများကြီး အထောက်အကူပြုတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောသည်။
လတ်တလော မြန်မာနိုင်ငံအနှံ့နှင့် နယ်စပ် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး တော်လှန်ရေးတပ်အင်အားစုများက မြို့ပေါင်း ၉၀ ကျော်ကို ထိန်းချုပ်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အချို့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများကို စစ်ကောင်စီက လမ်းကြောင်းအသစ်ဖြင့် ကုန်သွယ်မှုများ တွေ့ရသည်။
ထိုင်းနှင့် မြန်မာ ကုန်သွယ်ရေးလုပ်ငန်း မြဝတီလမ်းကြောင်းအစား ရန်ကုန် - ကော့သောင်း - ရနောင်း ပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် သွားနေသည်။
ထို့အတူ စစ်တွေ - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုကို ရန်ကုန် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ပင်လယ်လမ်းကြောင်းအတိုင်း သွားနေသည်ကို မြင်ရသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းများကို လက်လွှတ်လိုက်ရသဖြင့် စစ်ကောင်စီအတွက် ဆုံးရှုံးများစွာရှိပြီး လက်ရှိ ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ထိုစခန်းများက ရရှိသည့် အကျိုးမြတ်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နိုင်ကြောင်း ပြောဆိုကြသည်။
“ပြည်သူတွေကတော့ လောလောဆယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသေးတဲ့ဆိုတော့ ကုန်သွယ်ရေး အရင်ကလောက် အကျိုးအမြတ်ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ တဖြည်းဖြည်း မူလအနေအထားအတိုင်း ပြန်ရောက်ရင်တော့ အခုထိန်းချုပ်ထားတဲ့ တော်လှန်းရေးတပ်ဖွဲ့အတွက် အများကြီး အခွန်အကောက်ရမယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အများကြီးလုပ်နိုင်မယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက သုံးသပ်သည်။
လက်ရှိတွင် AA သည် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ရေးများ စတင်ပြုလုပ်ရန် ကြိုးစားနေကြောင်း သိရသည်။