ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ စစ်မှုထမ်းပြီးတဲ့သူတွေကို ပြန်အသုံးချနိုင်တဲ့အချက် ပြဌာန်းထားပြီး အခြေခံကျောင်းတွေမှာ ဘာသာရပ်တစ်ခုအဖြစ် သင်ဖို့ပါ ညွှန်ကြား

ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ စစ်မှုထမ်းပြီးတဲ့သူတွေကို ပြန်အသုံးချနိုင်တဲ့အချက် ပြဌာန်းထားပြီး အခြေခံကျောင်းတွေမှာ ဘာသာရပ်တစ်ခုအဖြစ် သင်ဖို့ပါ ညွှန်ကြား

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းပြီး တစ်နှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ စစ်မှုမထမ်းမနေရ နည်းဥပဒေကို ပြဌာန်းတဲ့အကြောင်း ကြေညာလိုက်ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကတော့ "ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ" ဆိုတဲ့ နည်းဥပဒေကို ထုတ်ပြန်လိုက်ပေမဲ့ အဲဒီနည်းဥပဒေမှာ "လျှို့ဝှက်" ဆိုတဲ့ စာသားပါသလို အဲဒီနည်းဥပဒေကို ဘယ်သူက လက်မှတ်ထိုးထားတယ်ဆိုတာလည်း မပါဝင်ပါဘူး။

စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ နည်းဥပဒေမှာတော့ အခန်း (၁၀) ခန်း၊ ပုံစံ (၁၂) ခုနဲ့ ပုံစံခွဲတွေ ပါဝင်ပါတယ်။

အဲဒီနည်းဥပဒေရဲ့ အခန်း (၉) မှာတော့ "စစ်စည်းရုံးခြင်း" ဆိုတာကို တစ်ခန်းပြဌာန်းထားပြီး အဲဒီတစ်ခန်းလုံးဟာ စာကြောင်းတစ်ကြောင်းပဲ ရှိတာဖြစ်ပါတယ်။

"နိုင်ငံတော်၏ ဒေသအချို့တွင်လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးတွင်လည်းကောင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ်အခြေအနေ ပေါ်ပေါက်၍ ပြည်ထောင်စုအစိုးရက စစ်မှုထမ်းရန် အရွယ်ရောက်သူ အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူ အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ သင့်လျော်သည့်ဒေသတွင် စစ်စည်းရုံးခြင်းအမိန့် ထုတ်ဆင့်သည့်အခါ ဗဟိုအဖွဲ့သည် သက်ဆိုင်ရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်" လို့ အခန်း (၉) ကို နည်းဥပဒေမှာ ပြဌာန်းထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ နည်းဥပဒေမှာ စကားရပ် (၂၁) ခုကို အဓိပ္ပယ်ဖွင့်ဆိုထားပေမဲ့ အခန်းတစ်ခုရဲ့ ခေါင်းစဉ်ဖြစ်တဲ့ "စစ်စည်းရုံးခြင်း" ဆိုတာကိုတော့ အဓိပ္ပါယ် မဖွင့်ပြထားပါဘူး။

ဒါပေမဲ့ နည်းဥပဒေ မပြဌာန်းခင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာကတည်းက စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်စည်းရုံးခြင်းဆိုတာနဲ့ပတ်သက်လို့ အခုလို ပြောဖူးပါတယ်။

"စစ်စည်းရုံးခြင်းဆိုတဲ့ဟာတွေ ဆောင်ရွက်တဲ့အခါမှာတော့ နိုင်ငံတော်မှာ စစ်ကာလ၊ ဒါမှမဟုတ် အရေးပေါ်ကာလ ရည်မှန်းချက်များကို အောင်မြင်နိုင်ဖို့အတွက် နိုင်ငံရဲ့ အရင်းအမြစ်များကို စုစည်းတဲ့၊ ဖွဲ့စည်းတဲ့၊ အသုံးချတယ်ဆိုတဲ့ဟာတွေကို ကျွန်တော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ယခု ကျွန်တော်တို့ လက်ရှိဆောင်ရွက်နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေထက် မြင့်မားတဲ့ ကိစ္စတွေကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်" လို့ ဇော်မင်းထွန်းက ပြောခဲ့တာပါ။

ဒါကြောင့် အခု နည်းဥပဒေဟာ စစ်မှုထမ်းပြီးတဲ့သူတွေကိုလည်း "စစ်စည်းရုံးမှု" ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြန်အသုံးချလို့ရတယ်လို့ ပြဌာန်းထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီနည်းဥပဒေမှာ စစ်မှုမထမ်းမနေရကိစ္စကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင်ဆိုပြီး အခြေခံပညာသင်ကျောင်းတွေကနေစလို့ သင်ရိုးညွှန်းတမ်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေးဖို့လည်း ပြဌာန်းထားပါတယ်။

February 13, 2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ ဒေသခံတွေကို စစ်မှုထမ်းဖို့နဲ့ပတ်သက်ပြီး...
February 10, 2025
တပ်သားလိုအပ်ချက်ကြောင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာဟာ ဒီနေ့ ၂၀၂၅၊ ဖေဖော်ဝါရီ ၁၀...
February 4, 2025
မြစ်ကြီးနား - မြစ်ဆုံလမ်း လမုန်ဇွပ်ကျေးရွာအတွင်း စစ်ကောင်စီတပ်သားတွေ ထပ်မံဖြည့်တင်းလာတာကြောင့်...
January 27, 2025
ရှမ်းမြောက်ဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)...