၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ရဲ့ နေ့လယ်ခင်းမှာတော့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက နေရာတခုကို ပစ္စည်းသွားပို့ဖို့အတွက် ကရင်နီအမျိုးသားကာကွယ်ရေးတပ် ဗျူဟာ (၆) က ဗျူဟာမှုးနဲ့အတူ ကားတစီးတည်း ကျနော် လိုက်ပါလာခဲ့ပါတယ်။ ဗျူဟာမှူးရဲ့ဘေးမှာလည်း သူ့ရဲ့ ရဲဘော်တဦးလည်း လိုက်ပါလာပါတယ်။
ကျနော်တို့တွေ သုံးယောက်သား စကားစမြည်ပြောရင်း ပစ္စည်းပို့မယ့်နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ကားရပ်ပြီး ကားပေါ်ကပစ္စည်းတွေကို ချပြီးပြီးချင်း ခဏအကြာမှာပဲ ဝေဟင်ကလာတဲ့ အသံတခုကို ဖြတ်ကနဲ နားထဲကနေ ကြားလိုက်ရပါတယ်။
ခေါင်းပေါ်ကို မော့ကြည့်လိုက်တော့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစီးက ကျနော်တို့ရဲ့ ခေါင်းပေါ်က တည့်တည့်ဖြတ်ပြီး ပျံသန်းသွားတာပါ။
ကျနော်တို့မှာ ပြေးပုန်းချိန်တောင် မရလိုက်ပါဘူး။ သူ့ဆီကလာတဲ့ ကျယ်လောင်တဲ့ အသံတသံကို ကြားလိုက်ရပါပြီ။
ကံကောင်းထောက်မစွာနဲ့ ကျနော်တို့ ရှိနေတဲ့နေရာကို ကျတာမဟုတ်ပါဘူး။ အားလုံးက ဝမ်းသာအားရနဲ့ ဝပ်နေရာက ပြန်ထလာကြပါတယ်။
ကျနော်တို့ ရှိရာနေရာကို ကျတာမဟုတ်ပေမဲ့ ဒီနေရာနဲ့ နီးနီးမှာ စစ်ရှောင်စခန်းတွေ ရှိနေပါတယ်။
“ဘုရားသခင်ကယ်တော်မူပါ”
ကျနော့်ဘေးနားရှိနေတဲ့ ဒေသခံတွေကတော့ ”ဘာမှ မဖြစ်ပါစေနဲ့လို့” ဆုတောင်းနေကြသူတွေကလည်း ဆုတောင်းနေသလို၊ ကျယ်လောင်လွန်းလှတဲ့ အသံကြောင့် ထိတ်လန့်သွားသူတွေကလည်း ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေကုန်ကြပါတယ်။
ဂျက်ဖိုက်တာကြီးကတော့ တခေါက်တည်းနဲ့ ငြိမ်သက်သွားပါတယ်။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီးတော့ အားလုံးက ပုံမှန်အတိုင်း ဆက်လုပ်နေကြချိန်မှာပဲ အဝေးကလာတဲ့ ဆိုင်ကယ်တစီးကို လှမ်းမြင်လိုက်ပါတယ်။
သွေးတွေ အလူးလူးနဲ့ ပေနေတဲ့ ဆိုင်ကယ်တစီးကိုပေါ့။
ကျနော်တို့ရှိနေတဲ့နေရာရဲ့ မနီးမဝေးလေးမှာရှိတဲ့ ဆေးခန်းငယ်လေးတခုဆီကို ဦးတည်လာနေတာပါ။
သူတို့ဖြတ်သွားပြီး မကြာခင်မှာပဲ အနောက်ကနေ ပါလာတဲ့ နောက်ထပ် ဆိုင်ကယ်တစီးလည်း ကျနော်တို့ရှိနေတဲ့အနားကို ထိုးရပ်လိုက်ပါတယ်။
ကျနော်လည်း အခြေအနေကို သိချင်တာနဲ့ သူ့ဆီကို ပြေးသွားလိုက်ပါတယ်။ အနီးရောက်တော့မှ သူဟာ ကျနော်သိတဲ့ ကျေးရွာရဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတဦး ဖြစ်နေပါတယ်။
သူ့ရဲ့အနားကို မရောက်ခင်မှာဘဲ သူ့ဆီက လှမ်းကြားရတာကတော့ “ကျနော်တို့နေတဲ့ စစ်ရှောင်စခန်းကို ကျတယ်။ လူတွေ တချို့ထိကုန်တယ်။ အရေးပေါ်ပို့ဖို့ ကားလိုတယ်။ ကားရှိရင် ကူညီကြပါဦး” ဆိုပြီး အရေးတကြီး အကူအညီတောင်းခဲ့ပါတယ်။
ကျနော်လည်း အလျင်စလိုနဲ့ ပါလာတဲ့ကားပေါ်တက်ပြီး ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းဘက်ကို မောင်းလိုက်ပါတယ်။ ကားပေါ်ကို ရဲဘော်တယောက်နဲ့အတူ ရွာသားတချို့လည်း အကူညီပေးနိုင်တာရှိမလားဆိုပြီး လိုက်ပါလာကြပါတယ်။
ဗုံးကြဲထားတဲ့ စစ်ရှောင်စခန်းနေရာကို မသွားကြည့်ခင် ဆေးဆရာမရဲ့ အကူအညီ လိုအပ်နေတာကြောင့် ဆေးခန်းငယ်လေး တခုဆီကို အရင်မောင်းနှင်လိုက်ပါတယ်။
ဆေးခန်းကို ရောက်သွားတဲ့ အချိန်မှာ အစောနက မောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ်က လူနာကို ဆရာမက ပတ်တီးတွေ စည်းပေးနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီလူနာကလည်း ဒဏ်ရာ အနည်းငယ်ကြီးနေတာကြောင့် တခြားဆေးရုံကို လွဲပြောင်းပေးဖို့ အတွက် ဆရာမတွေကလည်း ကားကို ထပ်မံရှာဖွေနေပြန်ပါတယ်။
အနီးအနားတွေမှာလည်း ကားတစီးမှ ရှိမနေကြပါဘူး။ ခုစီးလာတဲ့ ကားကလည်း စစ်ရှောင်စခန်းက နောက်လူနာတွေကို သွားသယ်ယူဖို့လိုနေတာပါ။
မတတ်နိုင်တဲ့အဆုံး ဆရာမကို တခြား ကားတစီးရှာဖို့ပြောခဲ့ပြီး ဆေးခန်းမှာ ရှိနေတဲ့နောက်ထပ် ဆရာမ တဦးကိုခေါ်ကာ ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းဆီကို စိတ်မကောင်းစွာဘဲ ဦးတည်ထွက်ခွာလာပါတော့တယ်။
(၅) မိနစ်ကြာခန့် ကားကိုမောင်းနှင်လာပြီး အဆိုပါ ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းဆီကို ကျနော်တို့ ရောက်ရှိသွားခဲ့ပါတယ်။
စစ်ရှောင်စခန်းထဲကို ရောက်ရောက်ချင်းမှာပဲ ကားပေါ်ကဆင်းပြီး မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ နာကျင်ကြေကွဲ ဝမ်းနည်းဖွယ်ကောင်းလွန်းလှပါတယ်။ မြေကြီးပေါ်မှာ သွေးတွေအိုင်နေပြီး သစ်ပင်တွေ၊ တဲအိမ်တွေကလည်း ဗုံးဒဏ်ကြောင့် ပျက်စီးလို့ နေပါတယ်။
တနေရာမှာတော့ လူတွေဝိုင်းအုံပြီး ရှိနေပါတယ်။ ကျနော်တို့လည်း ဝင်ကြည့်လိုက်တော့ တဲအိမ်လေးတလုံးရဲ့ရှေ့မှာ သွေးတွေနဲ့အတူ မြေကြီးပေါ်မှာ လှဲနေတဲ့ အသက် ၃၅ ဝန်းကျင်အရွယ် အမျိုးသမီးတဦးကို တွေ့လိုက်ရတယ်။ ရှေ့ကို ဆက်ကြည့်တော့လည်း သစ်ကိုင်ကျိုးပိနေတဲ့ အမျိုးသားတဦးရှိနေပါတယ်။ သူ့မှာလည်း သွေးတွေ အလိမ်းလိမ်းနဲ့ပါ။
ဘေးနားမှာ ဝိုင်းကြည့်နေကြတဲ့ လူအုပ်ကြီးကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းးမသိ ကြပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီ ၂ ဦးမှာ အသက်မရှိကြတော့တာကြောင့်ပါ။
သေဆုံးသူနှစ်ဦးကတော့ မိခင် ဝမ်းဗိုက်တခုထဲကနေ ထွက်လာကြတဲ့ မွေးချင်းမောင်နှမတွေ ဆိုတာ အဆိုပါ စစ်ရှောင်စခန်းကလူတွေ ပြောပြလို့ သိလိုက်ရပါတယ်။
အသက် ၆၀ အရွယ်ရှိပြီ ဖြစ်တဲ့ သူတို့ ၂ ဦးရဲ့ မိခင်မှာလည်း မျက်နှာကို ကျည်စတွေ ထိမှန်ထားပါတယ်။ အသက်မသေခဲ့ဘူးလို့ဆိုပေမဲ့ သားသမီးတွေ သေဆုံးလို့ ကျတဲ့မျက်ရည်တွေဟာ သူမကို ထိမှန်တဲ့ ဗုံးဆံစကြောင့် ထွက်လာတဲ့ မျက်ရည်တွေနဲ့အတူ ရောယှက်ကုန်ပါပြီ။
စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဟာ အဆိုပါ စစ်ရှောင်စခန်းတခုတည်းကို ဗုံးသီး ၄ လုံး တပြိုင်နက် ပစ်ချခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့နေထိုင်ရာ တဲအိမ်ကလေးရဲ့ မျက်နှာစာ ရှေ့တည့်တည့်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဗုံးခိုကျင်းထဲကို ပြေးဝပ်ချိန်တောင်မရလိုက်ပဲ အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ကြတာပါ။
ကားပေါ်မှာ လိုက်ပါလာတဲ့ ဆေးဆရာမလေးကတော့ ဒဏ်ရာရနေတဲ့ အသက် ၆၀ ကျော် အမျိုးသမီးကို ဆေးကုသ ပေးနေပါတယ်။ ကျနော်တို့လည်း မတတ်နိုင်တဲ့အဆုံး သေဆုံးနေတဲ့ အလောင်း ၂ လောင်းကို ကားပေါ်တင်ကာ သူတို့နေထိုင်ခဲ့တဲ့ ကျေးရွာကလေးရဲ့ အပြင်ဘက်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ အယူတခုဖြစ်တဲ့ အခုလိုသေဆုံးမှုမျိုးတွေကို ရွာထဲမှာထားလေ့မရှိပဲ ရွာပြင်မှာပဲ ထားကြရတာပါ။ သူတို့အတွက်ကိုတော့ ဝမ်းနည်းရုံမှတပါး ဘာမှ ကူညီနိုင်ခြင်းမရှိခဲ့ပါဘူး။
သူတို့ မိသားစု တစုတည်းကို ထိခိုက်တာမဟုတ်ဘဲ နောက်ထပ်မိသားစုတွေထဲကလည်း ထိခိုက် သေဆုံးတာတွေ ရှိနေပါသေးတယ်။ ဒါတွေတင် မကသေးပါဘူး အသက် ၆၀ ကျော် အမျိုးသမီးတဦး အပါအဝင်နောက်ထပ် ၄ ယောက်လည်း အဆိုပါ ဗုံးကြဲမှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဆေးခန်းကို ဒဏ်ရာပြင်းထန်ပြီး ရောက်ရှိလာတဲ့သူတွေထဲက သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကတော့ ဆေးကုသရင်း အသက်ဆုံးရှုံးသွားတယ်လို့ နောက်ရက်တွေမှာ စိတ်မကောင်းစွာနဲ့ ပြန်လည်ကြားသိရပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး ယခု ၂၀၂၅ ပထမလ အထိ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွေ ကျေးရွာတွေ အရပ်သားရှိရာနေရာတွေကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ၁၁ကြိမ်ထက်မနည်းရှိနေပါပြီ။ ဒီလိုအကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပြီး တချို့သူတွေကတော့ ရှိရာအရပ်မှာ လုံခြုံမှုကို မခံစားရတာကြောင့် တခြားနေရာတွေကို ရွေ့ပြောင်းတိမ်းရှောင်နေရဆဲပါ။
စစ်တပ်အာဏာသိမ်းယူပြီး ၂၀၂၁ နောက်ပိုင်းမှာတော့ ကရင်နီပြည်သူတွေဟာ တရက်ပြီးတရက် အခုလိုမျိုး စစ်ကောင်စီရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေကို နေ့စဉ်ရက်ဆက် ခံစားနေကြရတာ အခုဆိုရင် ၄ နှစ်အတွင်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေ သေဆုံးတဲ့ထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာ အများဆုံးဖြစ်နေပါတယ်။
စစ်တပ်အာဏာ သိမ်းယူတဲ့ ၄ နှစ်တာကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ရေးပဋိပက္ခကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ စုစုပေါင်း ၆၂၀၀ နီးပါးရှိပြီလို့ ဇန်ဝါရီလ ၂၀ ရက်နေ့မှာ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။